Latest News

Tuesday, January 30, 2018

ငွေကျပ် ၂၀၀၀၀ ကြောင့် စကားများရာမှ အမျိုးသားတစ်ဦး ငါးပိဿာ ခန့် ကျောက်တုံးဖြင့် ထုသတ်ခံရ၍ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးစစ်ဆေးလျှက်ရှိ

ငွေကျပ်  ၂၀၀၀၀  ကြောင့် စကားများရာမှ  အမျိုးသားတစ်ဦး ငါးပိဿာ       ခန့် ကျောက်တုံးဖြင့် ထုသတ်ခံရ၍ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးစစ်ဆေးလျှက်ရှိ

ဘားအံ ဇန်န၀ါရီ ၂၉

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သာယာကုန်းကျေးရွာအုပ်စု၊ ကုလားစုကျေးရွာနေ ဒေါ်ဆလာဘီ (၅၄ နှစ်) သည် နေအိမ်တွင်ရှိနေစဉ် တစ်ရွာတည်းနေ တူတော်စပ်သူ အာရွတ် (၂၈ နှစ်)က ရွာ၏အရှေ့ဘက် တစ်မိုင်ခွဲခန့်အကွာရှိ ဒေါ်ဆလာဘီတို့ပိုင်သော လယ်နှင့်အင်းအစပ်ခြုံထဲတွင် ၎င်း၏ခင်ပွန်းဖြစ်သူ ဦးကိုဖူး (၇၀ နှစ်)မှာ လဲကျနေပြီး ဦးခေါင်းအနီးတစ်ဝိုက်တွင်လည်း သွေးများထွက်နေကြောင်းပြောကြား၍ မိသားစုဝင်များနှင့်အတူ သွားရောက်ကြည့်ရှုခဲ့ရာ ဦးကိုဖူးမှာ အခင်းဖြစ်နေရာတွင် ဦးခေါင်းယာဘက်ခြမ်းကျေမွ ပေါက်ပြဲဒဏ်ရာ၊ယာနားထင်ပေါက်ပြဲဒဏ်ရာများဖြင့်သေဆုံးနေသည်ကို တွေ့ရှိသဖြင့် ပြစ်မှုကျူးလွန်သူအား စုံစမ်းဖော်ထုတ်ပေးရန် အိန္ဒုနယ်မြေရဲစခန်းသို့ ဇန်န၀ါရီ ၂၈ ရက် ညနေ ၅ နာရီခန့်က  လာရောက်တိုင်တန်းခဲ့သဖြင့် အိန္ဒုနယ်မြေရဲစခန်းက  အမှုဖွင့်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်အား အိန္ဒုနယ်မြေစခန်းမှူး ရဲအုပ် မင်းအောင်ထွန်း၊ သာယာကုန်းရဲကင်းမှူး ရဲအုပ်လှငွေတို့ဦးစီး၍ နယ်ထိန်းတပ်ဖွဲ့ဝင်များမှ စုံစမ်းဖော်ထုတ်ခဲ့ရာ ပြစ်မှုကျူးလွန်သူ စိုးမိုးနိုင်ကို အချိန်မီစုံစမ်းဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်များအရ လွန်ခဲ့သော ၆ ရက်ခန့်က စိုးမိုးနိုင်မှာ ပေ ၂၀ ပတ်လည်၊ အနက် ရှစ်တောင်ခန့် ငါးကန်အတွင်းရှိ ငါးများကို အခြားသူတစ်ဦးထံ ငွေကျပ် ၂၀၀၀၀ြ ဖင့် ရောင်းချသည့်ကိစ္စနှင့်ပတ်သက်ပြီး  ဇန်န၀ါရီ ၂၇ ရက် ည ၉ နာရီကျော်ခန့်တွင် တစ်ရွာတည်းနေ ဦးကိုဖူးနှင့် သူပိုင်ကိုယ်ပိုင် အငြင်းပွားရာမှ စိုးမိုးနိုင်က အခင်းဖြစ်နေရာအနီးရှိ ငါးပိဿာခန့် ကျောက်တုံးဖြင့် ဦးကိုဖူးကို တစ်ချက်ထုရာ ဦးခေါင်းအားထိမှန်၍ သေဆုံးခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူ စိုးမိုးနိုင် (၃၇ နှစ်)၊ကုလားစုကျေးရွာ၊သာယာကုန်းကျေး ရွာအုပ်စု၊ ဘားအံမြို့နယ်နေသူအား အမှုဖြင့်ဆက်လက်စစ်ဆေးလျှက်ရှိကြောင်း သိရသည်။
မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)မြန်​မာ့အလင်း

No comments:

Post a Comment