Latest News

Friday, January 12, 2018

ဟိုဘက်ဒီဘက် ဆောင်းအိမ်မက် သို့မဟုတ် အဖေ


(၁)
“အူဝဲ၊ အူဝဲ”
“ဟဲ့ဟဲ့ ကလေးထွက်ကျလာတယ်”
“ဟဲ့အမြိုင် သတိထား”
သန်းခေါင်ယံ မှောက်မိုက်နေသော အကျဉ်းထောင်ရှိ အမျိုးသမီး အဆောင်ငယ်အတွင်းကနေ အသံစုံတွေ ထွက်လာခဲ့ပါတယ်။
“ဟေ့၊ ငြိမ်ကြစမ်း ဘာဖြစ်နေကြတာလဲ”
“အမြိုင် ကလေးထွက်ကျလို့ပါ ဆရာမ”
လျှော်ကနည်း အမေ့ဝမ်းထဲကနေ ကွန်ကရစ် ကြမ်းပြင်ပေါ အကျ၊
အေးစက်သွားသော အတွေ့အထိကြောင့် မွေးကင်းစ ကျွန်တော် လန့်၍ ငိုလိုက်မိပါတယ်။
အော် လူ့ဘ၀က အစထဲက အငိုနဲ့ စရပါလေရော့သလား။
“အူဝဲ၊ အူဝဲ”
“ဟဲ့ယောက်ကျားလေးတော့”
“အမြိုင်၊ ကလေး အဖေဘယ်သူလဲ”
“ဟဲ့ အမြိုင်”
“ဟော့တော့ ခေါ်တာမထူးဘူးဟဲ့”
“ကလေးအမေ တက်နေတယ်ဆရာမ။ လုပ်ပါဦး။”
ဤသည်ကား ကျွန်တော့် ဘ၀ အစပင်ဖြစ်ပါတယ်။
မိဘမဲ့ အမေသည် ကလေးဘ၀ကပင်၊ ကျွေးမွေးထားသော ဦးလေးအိမ်မှာ ကပ်နေရင်က မူးရစ်ဆေးဝါးများ ရောင်းချခဲ့တယ်။
အသက်၁၈နှစ်ပြည့်လို့မှ မကြာခင် မူးရစ်ဆေးဝါး လက်ဝယ်ထားရှိမှုဖြင့် အမေထောင်ကျပါလေတော့တယ်။
ထောင်ထဲမှာ အမျိုးသမီးအဆောင်ဘက်ကို လာ၍အလုပ်လုပ်ရသော နှစ်ကြီးအကျဉ်းသား အဖေနှင့် တွေ့ပြီး၊
တင်းကျပ်သော ထောင်ဝန်ထမ်းများ မျက်စေ့ကို အလွတ်ရှောင်၍၊ အမျိုးသားအဆောင်မှ အမျိုးသမီးအဆောင်ကို နယ်ကျွံရုံသာမက၊ အမျိုးသား အမျိုးသမီးစည်းကိုပါ ကျော်လွန်ခဲ့သောကြောင့် ကျွန်တော့်အား သန္ဒေတည်ပါသတဲ့။
အပျိုဗိုက်မို့ တော်တော်နဲ့ မထွက်သလို၊ ဗိုက်ကလေးပူလို့ မကြာခင်၊
ထောင်ကျပ်နဲ့ မိန်းမထိမ်းတွေက အဖေလက်သည်ကို ၀ိုင်းမေးစစ်လို့ အမေက ဘာမှ မဖြေပဲဘူးကွယ်နေတုံး ကျွန်တော့်ကို လမပြည့်ပဲ မွေးလာပြန်တယ်။
အမေက ခါးသီးလှတဲ့ ဘ၀ဒဏ်တွေ သိမ်းကြုံးခံရင် အသက်ကွာပေမဲ့
အဖေလို၊ အစ်ကိုကြီးကြီးလို တွယ်တာရာက၊ နယ်ကျွံမိသော အဖေနဲ့ ခိုးတွေ့ရတဲ့ အချိန်ကလေးကို၊ ဘ၀ရဲ့ အသာယာဆုံး အချိန်ကလေးလို့ ခံစားရင်းက အသက်၁၉နှစ်သာသာမှာ၊ မီးတွင်းထဲမှာပဲ ဆုံးခဲ့ရပါတယ်။
ထောင်ထဲက အမျိုးသားတွေ အားလုံးဟာ ကျွန်တော့်အဖေ ဖြစ်လိမ့်နိုးနိုး ဆိုတဲ့၊ အားလုံးသံသယတွေကြားမှာ ကျွန်တော်လူ့ပြည်ကို ရောက်ခဲ့ရပါတယ်။
ကျွန်တော့် အဖေကြောင်းတော့ အချိန်ကြလာတော့မှပဲ၊ ဖေါက်သယ်ချပါတော့မယ်။

(၂)
ကျွန်တော်အမည် မောင်လူအေး။
နာမည်နဲ့ လိုက်အောင် အေးပေမဲ့၊ အလုပ်က ထောင်ကျပ်။
ဒီတော့ တစ်ခါတစ်ခါမှာ အေးနေလို့မရ၊
ဖေ….မေ…တွေမိုးမွှန်အောင် ဆဲဆိုရတာတွေလည်း ရှိသပေါ့။
ဒါပေမဲ့ လူပျိုကြီး ကျွန်တော့်မှာ ဖခင်စိတ်ရှိတယ်ဆိုတာ၊ ဒီနေ့မှ ကိုယ့်ကိုယ်ကို မယုံနိုင်အောင် သိလိုက်ရတယ်။
မနေ့ညက အမျိုးအမီးအဆောင်ထဲမှာ အဖေမပေါ်မွေးပြီး၊ မီးတွင်းထဲမှာပဲ အမေဆုံးသွားတဲ့ ကလေးလေးကို တွေ့လိုက်ရကတည်းက ကိုယ့်သားလေးလိုပဲ မြင်မြင်ခြင်း ချစ်မိတယ်။
အထက်လူကြီးတွေ၊ လုပ်ဖေါ်ကိုင်ဖက်တွေက လူမှူ့ဝန်းထမ်းကျောင်းကို ပို့မလို့ လုပ်ကြတော့ ကျွန်တော် မွေးစားမယ်ဆိုပြီး အိမ်ကိုခေါ်လာတယ်။ အိမ်ဆိုပေမဲ့လည်း တစ်ကယ်တော့ ထောင်ဝန်းထဲမှာပါ။ ဒါ့ကြောင့် မနက်အလုပ်သွား၊ ခဏကလေး အားတာနဲ့ အိမ်ခန်းထဲ ပစ်ထားခဲ့ရတဲ့ နီတာရဲ ကလေးလေးဆီ အပြေးသွားနို့ဘူးဖျော်တိုက်၊ သေးဝတ်လဲ ဟိုဟာဒီဟာ အပြေးအလွှားလုပ်ပြီး ထောင်ထဲ ပြန်ပြေးရပြန်တယ်။ ဘေးအမြင်မှာတော့ ကျွန့်တော့်ကို ကြည့်ပြီး ရင်မောကျတာပေါ့။ ကျွန်တော်ကတော့ ဒါတွေကို ဒုက္ခလို့မထင်၊ သာယာတဲ့ လူ့ဘ၀လို့ အထင်ကြီးနဲ့ပေါ့။
ဒီလိုနဲ့ သားကလေးလည်း ခြောက်လပြည့်လာတော့၊ ထောင်ပိုင်ကြီးဇနီးမောင်နှံနဲ့ ထောင်ဝန်းထမ်းတွေက ကျွန်တော်ကို ခေါ်တွေ့ကျတယ်။
ပြီးတော့ ကျွန်တော်မမြင်ဘူးတဲ့ ဇနီးမောင်နှံနှစ်ယောက်ကလည်း သူတို့ ဘေးမှာ ရှိနေပါတယ်။

(၃)
ကျွန်တော့်အမည်က စောလှ။
အလုပ်အကိုင်က လွယ်လွယ်ကူကူပြောရရင်တော့ နယ်လှည့်လက်ဝှေ့ထိုးသမား။
ဝါသနာမပါသူတွေက သိပ်မသိကြပေမဲ့၊ ကျွန်တော့်လောကထဲမှာတော့၊ ကျွန်တော်က မင်းသားလို့လည်း ပြောနိုင်သလို ဘုရင်ဆိုလည်း မမှားပါဘူး။
ကျွန်တော်တို့ လင်မယားက တစ်တိုင်းပြည်လုံးက ဘုရားပွဲတွေက ကြေးစားပွဲတွေ လှည့်ပါတ်ထိုးရင်းက ဒီနှစ်တော့ ဒီမြို့ကလေးကို ရောက်လာတယ်။ မြန်မာ့လက်ဝှေ့ ၀ါသနာပါတဲ့ ထောင်ပိုင်ကြီးက သူ့အိမ်မှာ ကျွန်တော်တို့ လင်မယားကို တည်းစေတယ်။
ဒီလိုနဲ့ သုံးရက်လောက်ကြာတော့ ကျွန်တော့်မိန်းမနဲ့ ထောင်ပိုင်ကြီး ဇနီးသည်တို့ စကားလက်ဆုံကြရာက ထောင်ထဲမှာ မဖေမပေါ်ပဲ မွေးတဲ့ ကလေးလေး အကြောင်းသိခဲ့ရတယ်။ ကလေးမရှိတဲ့ ကျွန်တော့်မိန်းမက အဲ့သည့်ကလေးလေးကို မွေးစားချင်လို့၊ ထောင်ကြပ်ဆီက တောင်းပေးလို့ ပူဆာတယ်။
ထောင်ပိုင်ကြီး ဇနီးသည်ကတစ်ဆင့် ထောင်ပိုင်ကြီးနဲ့ ထောင်ဝန်ထမ်း မိသားစုတွေက သိသွားတဲ့အခါ၊ အဲ့သည့်ကလေးငယ်လေးကို ကျွန်တော်တို့ မိသားစုကို ပေးဖို့ ၀ိုင်းပြီးတော့ ပြောပေးကြတာပေါ့။
အတိုချုံးပြောရရင်တော့ မိဘလိုဖြစ်နေတဲ့ ထောင်ပိုင်ကြီး ဇနီးမောင်နှံက တိုက်တွန်းတာရယ်၊ သားကလေးကို သူတစ်ယောက်တည်း ပြုစုပျိုးထောင်တာထက် ပိုသာမယ်လို့ ယူဆပြီး၊ ထောင်ကျပ်ကိုလူအေးဟာ မေတ္တာအပြည့်နဲ့၊ ကျွန်တော်တို့ လင်မယား လက်ထဲကို သူ့နှလုံးသားကလေးအား ထည့်ပေးလိုက်ပါ လေတော့တယ်။
ကျွန်တော့်မိန်းမကတော့ မိုးတိမ်ထိပ်ကို ဒူးနဲ့တက်တိုက်မဲ့အလား အပျော်ကြီးပျော်၊
သူ့သားမှ သူ့သားရယ်လို့ ဖြစ်နေတာပေါ့။
ကျွန်တော်ကလည်း သည်ကလေးလေးလည်းရမှ၊ ပြည်တွင်းပွဲတွေ မှန်သမျှ ဗိုလ်ဆွဲရုံသာမက၊ ပြည်ပက ဖိတ်ခေါ်ပွဲတွေတောင် သွားထိုးရတဲ့ အထိဖြစ်လာတယ်။
လက်ဝှေ့ အားကစားလောကကို ကျော်လို့ အနုပညာလောကထဲအထိ ပေါက်ရောက်လာတယ်။
ကျွန်တော့်ကို အနုပညာလောကထဲ ခေါ်သွင်းပေးတဲ့ ရုပ်ရှင်ဒါရိုက်တာကြီးကလည်း ကလေးလေးကို မြင်ကတည်း သူ့သားလေးလိုပဲချစ်ပြီး၊ အမြဲတန်း ၀င်ထွက်သွားလာရင်းက ကျွန်တော်တို့နဲ့ နှစ်အိမ့်တစ်အိမ်လို နေတဲ့ အထိဖြစ်လာတယ်။
ဒါပေမဲ့ ပျော်ရွှင်စရာလေးတွေဟာ ထာဝရမရှိပါဘူး။
သားကလေး သုံးနစ်သားလောက်မှာ ဇနီးသည်ဟာ မထင်မှတ်ပဲ ဆုံးခဲ့ရပြန်တယ်။
သားကလေး တစ်ဖက်လက်ဆွဲလို့ နိုင်ငံလှည့် လက်ဝှေ့ပွဲတွေကို သွားခဲ့ပေမဲ့၊ လက်တွေ့မှာတော့ လွယ်ကူလှတဲ့ အလုပ်မဟုတ်ပါဘူး။
ပြီးတော့ မကြာခင်မှာ သားကလေးကို ကျောင်းထားရတော့မှာမို့ ဟိုဟိုဒီဒီ ခေါ်သွားဖို့ ဆိုတာလည်း မဖြစ်နိုင်တော့ပါဘူး။
ဒီမှာ သတိယမိတာက ကျွန်တော်တို့နဲ့ သိပ်ခင်ရတဲ့ ရုပ်ရှင် ဒါရိုက်တာကြီး။
သူက လူပျိုကြီးဆိုပေမဲ့၊ ငွေရေးကြေးရေး ပြည့်စုံတယ်။
အချွေအရံတွေပေါ်တယ်။
သားကလေးအတွက် နောင်ရေးသာမက၊ လက်ရှိအခြေအနေမှာလည်း စိတ်ချရတယ်။
ဒီတော့ သူ့ကို တိုင်ပင်မှ။

(၄)
ကျွန်တော်က ဒီလောကထဲမှာ ရှာမှရှားဆိုသလို လူပျို ရုပ်ရှင်ဒါရိုက်တာကြီး။
အချောအလှ၊ ပျိုပျိုငယ်ငယ်လေးတွေ ၀ိုင်းဝိုင်းလယ်နေပေမဲ့ စိတ်မ၀င်စားမိ။
သံယောဇဉ် တွယ်တာမိတာက တစ်ခုပဲရှိတယ်။
ကျွန်တော်မင်းသားအဖြစ် တင်ရိုက်ခဲ့တဲ့နိုင်ငံကျော် လက်ဝှေ့သမား စောလှရဲ့သားကလေး။
မျက်နှာမြင်ချစ်ခင်ပါစေ၊
အသံကြား သနားပါစေ ဆိုတဲ့ ဆုတောင်းကလေးနဲ့ပြည့်စုံလေသလားမသိ။
မြင်မြင်ခြင်း သူ့ကို ချစ်ခဲ့ရတယ်။
သူ့ကို အကြောင်းဖန်ပြီး၊ စောလှ တို့လင်မယားနဲ့ နှစ်အိမ့်တစ်အိမ်လိုဖြစ်ခဲ့ရတယ်။
အဲ့သလိုခင်မင်လို့ နှစ်နှစ်သာသာလောက်မှာ သူ့ဇနီးသည်ဆုံးပါးခဲ့ရပြန်တယ်။
သားတစ်ဖက် ဗျာများနေတဲ့ ကိုစောလှကို မကြည့်ရက်လို့၊ သားကလေးကို သူဝိုင်းစောင့်ရှောက်ချင်ပေမဲ့
ပြောမထွက်။
အခုတော့ နတ်ကောင်းနတ်မများ မစလိုက်သလို၊ ကိုစောလှကစပြီး သူ့သားကလေးကို သူ့ကိုယ်စား မွေးစားပေးဖို့ ပြောလာတယ်။
ကျွန်တော့်အဖြေကတော့ Yes မှတစ်ပါး အခြားမရှိ။
Thu Kha Bsc
(၅)
ကျွန်တော့် နာမည်က ထောင်ဖွား။
သားဦးစနေ မီးလိုမွှေဆိုတာ ကျွန်တော့ကို ရည်ညွှန်းလေရော့သလား။
အမေက ကျွန့်တော့်ကိုထောင်ထဲမှာမွေး၊
မွေးမွေးခြင်း မီးတွင်းထဲမှာပဲ ဆုံးခဲ့တယ်။
အဖေဆိုတာ အခုအထိ ဘယ်သူလည်းမသိ။
သိတာက ကျွန်တော့်လူမှန်း မှတ်မှတ်ရရသိတဲ့ အချိန်မှာတော့၊ ကျွန်တော့် အဖေ(အဖေဆိုတာထက် မွေးစားအဖေ) က နိုင်ငံကျော် ရုပ်ရှင်ဒါရိုက်တာကြီး။
အိမ်တောင်မရှိ လူပျိုကြီး။
အဲ့သည့်ထဲက ကျွန်တော် လေးတန်းကျောင်းသား ဘ၀လောက်ထဲက ကိုယ်ဟာ မွေးစားသားပါလားဆိုတာ သိခဲ့ရတယ်။
ကျွန်တော်က သူ့ကို“ ဖေဖေကြီး”။
သူက ကျွန်တော့်ကို “ချစ်တုံးလေး”တဲ့။
ဒါပေမဲ့ ဖေဖေကြီးဟာ ကျွန်တော့်ကို  သားသမီးနဲ့ မခြားပြုစုစောင့်ရှောက်တာ အခုဆို တက္ကသိုလ် ကျောင်းသား၊ အဆိုတော်ဘ၀ အထိဖြစ်လာပြီ။
ကျွန်တော့်ဘ၀ဟာ မိရင်းဖရင်းနဲ့ မနေရ။
အဖေအရင်းဟာ ဘယ်သူလည်းဆိုတာ မသိရပေမဲ့ ပြီးပြည့်စုံသလောက်ရှိနေခဲ့ပါတယ်။
အခုအချိန်မှာတော့ ကျွန်တော့် ဘ၀ထဲမှာ ဖေဖေကြီးရှိရင်၊ ပြီးပြည့်စုံသလို၊
ဖေဖေကြီး စကားကို မြေ၀ယ်မကျ နားထောင်ရမယ်ဆိုတာပါပဲ။
သူဟာလည်း ဒီနေ့အထိ မင်းကို မွေးစားထားခဲ့တာလို့ မပြောသလို၊
ကျွန်တော်ကလည်း ဒီကိစ္စတွေကို မေးဖို့ စိတ်ကူးထဲမှာတောင်မရှိပါ။
ဒါပေမဲ့ ဒီနေ့တော့ ငှတ်ဆိုးထိုးသံကြီးလို မြည်လာတဲ့
“ကလင်၊ ကလင်”
ဖုံးသံကြီးနောက်ဝယ်၊ ဖေဖေကြီးစီးလာတဲ့ ကားက အရှိန်လွန်ပြီး သစ်ပင်နဲ့ ၀င်တိုက်တယ်။
ဖေဖေကြီးက ဆေးရုံပေါ်မှဆိုတဲ့ သတင်း။
ဆေးရုံကို ကျွန်တော် အပြေးအလွှားရောက်သွားတော့
ဖေဖေကြီးက နောက်ဆုံးအချိန်ကို ရောက်နေပြီ။
ဖေဖေကြီး ဘေးမှာက ဘကြီး ဦးစောလှ။
ဖေဖေက တစ်ခါမှ ကျွန်တော်မကြားဘူးတဲ့ စကားကို ပြောလာတယ်။
“ချစ်တုံးလေး။ ဖေဖေမနေရတော့ဘူး။ သားကို ဖေဖေကမွေးစားခဲ့တာ။ သားဖေဖေက ဟော့ဒီက ဦးစောလှပဲ”
ဖေဖေကြီးက ပြောပြောဆိုဆိုနဲ့ ခေါင်းတစ်ချက်ငိုက်ကျသွားပါတယ်။
ဒါပေမဲ့ ငိုက်ကျသွားတဲ့ ဖေဖေကြီးရဲ့ ခေါင်းကတော့ ဘယ်တော့်မှ ပြန်မထောင်လာတော့ပါဘူး။

(၆)
ဧည့်ခန်းကျယ်ကြီး တစ်ခုမှာ
ဦးစောလှ၊ ဦးလူအေးနဲ့ ထောင်ဖွားတို့ ထိုင်နေကြပါတယ်။
စိတ်ငြိမ်နေတဲ့ အခမ်းအတွင်း ပထမဦးဆုံး စကားစပြောလိုက်တာက
“သားလူလေး ထောင်ဖွား”
“ခင်ဗျာ”
“မင်းကို ထောင်ထဲမှာဖွားပြီး၊ လမစေ့ခင် လူမမယ်ကလေးကို အသက်ဆက်ပေးခဲ့တာက ဟော့သည်က ဦးလူအေးပဲ။ သူသာ ဘာမှ မလုပ်ခဲ့ရင် သားလေး အသက်မရှင်နိုင်သလို၊ ဖေဖေတို့၊ ဖေဖေကြီးတို့နဲ့ မင်းတွေ့နိုင်မှာ မဟုတ်ဘူး”
“ဟုတ်ကဲ့ဖေဖေ”
“အခုဆို မင်းဟာ အရာရာ ပြည့်စုံနေပေမဲ့၊ မင်းရဲ့ဖေဖေကြီးက ဖေဖေကို့ သားလေး အိမ်ထောင်ရက်သား ကျတဲ့အထိ၊ အတူတူနေ စောင့်ရှောက်ပေးပါလို့ မှာခဲ့တယ်။ သားသိတယ်နော် ”
“ဟုတ်ကဲ့ဖေဖေ၊ သားသိပါတယ်”
“ဒါပေမဲ့ ဖေဖေစဉ်းစားမိတယ်။ သားကလေး ဒီလို ဖြစ်လာရအောင် ပြုစုပျိုးထောင်ပေးတာက ဖေဖေ တစ်ယောက်တည်းမဟုတ်ဘူး။ ဟော့သည့်က ဦးလူအေး မပါပဲ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒါ့ကြောင့် ဖေဖေတစ်ယောက်တည်း သားကလေးကို မောင်ပိုင် မစီးဝံ့ဘူး။ သားကလေးကိုချစ်တဲ့ သားဖေဖေ တစ်ယောက်ဖြစ်တဲ့ ဦးလူအေးနဲ့ အတူတူ တစ်လှည့်စီ သားနဲ့တူတူ နေသွားဖို့ ဆုံးဖြတ်တယ်သား။ သားသဘောက ဘယ်လိုလဲ။”
“ဖေဖေတို့ ကောင်းမယ်ထင်လို့ လုပ်တာ သားက လက်ခံရမှာပေါ့။ အားလုံးဟာ သားရဲ့ ဖေဖေတွေလေ”
“ဟားဟားဟား”
“ကောင်းတယ်။ ကောင်းတယ်သား”
“သာဓုပါကွယ်၊ သာဓုပါ”

(၇)
သည်လို့နဲ့ ထောင်ဖွားဟာ သူ့ရဲ့ မွေးစားဖေဖေတွေဖြစ်တဲ့၊ ဦးစောလှနဲ့ ဦးလူအေးတို့ဆီမှာ အလှည့်ကျ နေထိုင်သွားသတဲ့။
အစိုးရ၀န်ထမ်း လုပ်နေသေးတဲ့ ဦးလူအေးအိမ်ကိုတော့ သောကြာညနေဘက်ကတည်းကရောက်လို့ တနင်္လာမနက် အထိ အတူတူ နေသတဲ့။
ဦးလူအေးကလည်း တစ်ပါတ်မှာ တစ်ခါလာတဲ့ သားကလေးနဲ့ အတူတူ နေရလို့၊ သောကြာနေ့ ညနေဘက် ရောက်ရင် ထောင်သားတွေ ကို အမြန်တန်းစီပြီး ထောင်ခန်းထဲသွင်းလို့၊ ထောင်သားတွေကတောင်၊
“ဟေ့၊ တို့ဆရာက သူ့သားနဲ့ မြန်မြန်တွေ့ချင်လို့ မြန်မြန်တန်းစီကြဟေ့”
လို့တောင် ၀ိုင်းပြီး ကူကြပါတယ်။
ထောင်အခန်းတွေ တံခါးခတ်ပြီးတဲ့ အခါမှာတော့ ဦးလူအေးဟာ သော့ချိတ်ကြီးကို လက်ထဲမှာမွှေ့ရမ်းရင်း သီချင်းကလေးတစ်ကျော်ကျော်နဲ့ ရုံးခန်းဘက်ဆီ ပြန်လျှောက်သွားတာ၊ သူ့ပျော်ရွှင်မှူ့တွေဟာ ကာယကံရှင်သာမက ထောင်သားတွေ ရင်သားထဲအထိ တိုးဝင်လာပါတော့တယ်။
တစ်ချို့က သံတိုင်ကလေးတွေ ကြားထဲက ဦးလူအေး ကျောပြင်ကြီးကို ကြည့်ရင်းက သူနဲ့အတူတူ နှတ်မှ သီချင်းကလေးတွေ လိုက်ငြီးသူများလည်းရှိပါတယ်။

(၈)
အေးမြတဲ့ ထောင်သံတံခါး အပေါက်ငယ်ကလေးက သံတိုင်ကလေးတွေကို ကိုင်ရင်းက၊ ဦးလူအေးရဲ့ နောက်ကျော်ကို ကြည့်ရင်းက၊ ကျွန်တော့် မျက်လုံးအသွယ်သွယ်က မျက်ရည်တွေ စီးကျလာခဲ့ပါတယ်။
မွေးစား ဖခင်တောင် သူ့သားအရင်း မဟုတ်တဲ့ ကလေးငယ်လေးကို တွေ့ရမှာမို့ သီချင်ကလေး တစ်ကျော်ကျော်နဲ့ အိမ်ဆီဦးတည်နေခဲ့ရင်၊ အဖေအရင်းသားဆို သားအရင်းမျက်နှာကလေးကို တစ်ဒဏလေးတွေဖို့ ဘယ်အထိများတောင့်တနေပါလိမ့်။
သားအရင်းကို သားအရင်းရယ်လို့ ထုပ်မပြောနိုင်တဲ့ ကျွန်တော့် ဘ၀၊
ကိုယ်လုပ်ခဲ့တဲ့ ကိုယ့်အမှားက၊ ကိုယ်လုပ်ခံတဲ့သူတွေ၊ အဖွဲ့အစည်းတွေက ကိုယ့်သားငယ်အပေါ်၊ လက်စားချေ အန္တရာယ် ဖြစ်လာမှာမို့
“ငါ့သားကွ၊ ငါ့နဲ့ရတဲ့ ငါ့သားကွ” ရယ်လို့ ဖွင့်မပြောနိုင်ခဲ့တဲ့ ကျွန်တော့်။
သားကလေး ကိုမွေးပြီး သေကွဲ ကွဲခဲ့ရတဲ့ အမြိုင်အတွက်ရော၊
ရှင်ကွဲ ကွဲခဲ့ရတဲ့ သားကလေး ထောင်ဖွား အတွက်ရော၊
လူမသိအောင် ငိုရှိုက်ရုံမှ တစ်ပါး အခြားမရှိပါ။
ကိုယ့်သားလေးနဲ့ တွေ့ဖို့၊ အတိုင်မသိ ၀မ်းသာနေတဲ့ မွေးစားအဖေရဲ့ နောက်ကျောပြင်ကိုကြည့်ရင်း၊
ကိုယ်သားကို သားရယ်လို့ မပြောဝံ့တဲ့ အဖေရင်း ကျွန်တော့်မျက်ရည်တွေဟာ ပါးနှစ်ဖက်က စီးကျလာပြီး၊
သံတိုင်ကို ကိုင်ထားတဲ့ လက်နှစ်ဖက်အကြားက စီးကျသွားတဲ့အခါ၊ အေးစက်တဲ့ အထိအတွေ့က ရင်တွင်းနှလုံးသားအထိ တိုးဝင်သွားပြီး စိမ့်ကနဲဖြစ်သွားတာနဲ့ အတူတူ၊
မက်နေတဲ့ အိမ့်မက်ကြားက ကျွန်တော်နိုးထလာခဲ့မိပါတယ်။
ဆောင်းအိမ်မက်။
အော် မနေ့ညက သေသေချာချာ မပိတ်လိုက်မိတဲ့ တံခါးကြားက တိုးတိုက်လာတဲ့ ဆောင်းလေပြေကလေးက အိပ်ပျော်နေတဲ့ ကျွန်တော့် ပါးနှစ်ပြင်ကို ရိုက်ခတ်သွားပေသကိုး။
သို့သော် ဘာကြောင့်မှန်းမသိ အိမ်မက်ထဲငိုနေသော ထိုထောင်ကျ ဖေဖေလိုပဲ၊ ကျွန်တော့်ပါးပြင် နှစ်ဖက်မှာလည်း မျက်ရည်စိုရွှဲလို့ နေပါရော့လား။

သုခ(သား)

No comments:

Post a Comment