Latest News

Friday, January 26, 2018

အစားအသောက် ဆေးဝါးနှင့်အလှကုန်များ တရားမဝင် ရောင်းချမှုကို ပိုမိုကြပ်မတ် ဆောင်ရွက်မည်

အစားအသောက် ဆေးဝါးနှင့်အလှကုန်များ တရားမဝင် ရောင်းချမှုကို ပိုမိုကြပ်မတ် ဆောင်ရွက်မည်

ရန်ကုန် ဇန်နဝါရီ ၂၅

ယခုနှစ်အတွင်း အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်များ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက်  မူဝါဒနှင့် လုပ်ငန်းစီမံချက်များ ရေးဆွဲပြီး တရားမဝင် ရောင်းချမှုများကို  တရားစွဲဆိုကာ ပိုမိုကြပ်မတ်  ဆောင်ရွက် မည်ဖြစ်ကြောင်း  မြန်မာနိုင်ငံ အစားအသောက်နှင့်   ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA)  ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်ထံမှ သိရသည်။ ယင်းကဲ့သို့  ဆောင်ရွက်ရာတွင် အစားအသောက်  ဘေးအန္တရာယ် ကင်းရှင်းရေး၊    ဆေးဝါးများ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် အလှကုန်များ ဘေးအန္တရာယ် ကင်းရှင်းရေး တို့အတွက်   မူဝါဒနှင့် လုပ်ငန်းစီမံချက်များ ရေးဆွဲဆောင်ရွက်မည်ဖြစ်ပြီး  အမျိုးသား အစားအသောက်ဥပဒေ၊ အမျိုးသားဆေးဝါး ဥပဒေ၊   ပြည်သူ့ကျန်းမာရေး ဥပဒေများနှင့်  တရားစွဲဆိုမည်ဖြစ်သည်။

   ''ဒီနှစ်ကတော့ ပစ္စည်းသိမ်းမယ်၊ ခံဝန်ချက် ထိုးခိုင်းမယ်။  ဆိုင်ပိတ်သိမ်းတာတွေအပြင် ပြည်သူတွေ ဘေးကင်းလုံခြုံဖို့  ပိုမိုကြပ်မတ် ဆောင်ရွက်မှာပါ''  ဟု ဒေါက်တာသန်းထွဋ် ကပြောသည်။ ၂ဝ၁၆ ခုနှစ်မှစ၍  ပြည်တွင်း၌ အစားအသောက်    ဆေးဝါးနှင့် အလှကုန်များ ဘေးကင်း လုံခြုံမှုရှိစေရန် အသိပညာပေးမှုများ ဆောင်ရွက်ခဲ့ပြီး   ၂ဝ၁၇  ခုနှစ်တွင် ဈေးကွက်ထောက်လှမ်းခြင်းဖြင့်   ဈေးကွက်အတွင်း လှည့်လည်စစ်ဆေးကာ အသိပညာပေးမှုများနှင့် အရေးယူမှုများ      တွဲဖက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန  (ရန်ကုန်) အနေဖြင့် ကျောင်းမုန့်ဈေးတန်း၌ ရောင်းချနေသော အစားအသောက်များကို ရွေ့လျားယာဉ်ဖြင့် ရှောင်တခင် ဝယ်ယူဓာတ်ခွဲစစ်ဆေးပြီး ဆရာ၊ ဆရာမ များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဈေးသည်များ  အစားအသောက်များ ဘေးအန္တရာယ် ကင်းရှင်းရေး အတွက် ဈေးများသို့ လှည့်လည်ကာ အသိပညာပေး ဟောပြောဆွေးနွေးမှုများကို  လုပ် ဆောင်လျက် ရှိကြောင်း သိရသည်။(MWD)

No comments:

Post a Comment