ကမ္ဘာ့သက်တမ်းရင့် တိရ္ဆာန်ဥယျာဉ် များထဲတွင် တစ်ခုအပါအဝင်ဖြစ်သော တိရ္ဆာန်ဥယျာဉ်(ရန်ကုန်) ၁၁၂ နှစ် ပြည့်အခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီတွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် မြို့နယ်ရှိ အဆိုပါ တိရ္ဆာန်ဥယျာဉ် (ရန်ကုန်)ဝင်းအတွင်း၌ ကျင်းပ သည်။
ယနေ့စတင်ကျင်းပသော တိရ္ဆာန် ဥယျာဉ်(ရန်ကုန်)၏ ၁၁၂ နှစ်ပြည့် အခမ်း အနားကို ခိုင်နှင်းဝေ ပရဟိတ လူငယ်များ အသင်းနှင့် တိရ္ဆာန်ဥယျာဉ် (ရန်ကုန်) တို့ ပူးပေါင်းကျင်းပခြင်း ဖြစ်သည်။ဇန်နဝါရီ ၁၃ ရက်နှင့် ဇန်နဝါရီ ၁၄ ရက် (ယနေ့)တို့တွင် နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ ပျော်ပွဲရွှင်ပွဲများ၊ ပြည်တွင်း အနုပညာရှင်များ၏ ဖျော်ဖြေရေးအစီ အစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ပြီး နှစ်ရက်အတွင်း ဈေးဆိုင်ခန်းများမှ ရရှိသော အကျိုး အမြတ် တချို့တစ်ဝက်ကို ခိုင်နှင်းဝေ ပရဟိတလူငယ်များအသင်းသို့ တိရ္ဆာန် ဥယျာဉ်(ရန်ကုန်)မှ လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။
ယခု ၁၁၂ နှစ် ပြည့်တွင် ဇန်နဝါရီ ၁၃ ရက်၌ ပြည်တွင်း အနုပညာရှင်များ၊ သံချပ်အဖွဲ့၊ မီနီဂိမ်းနှင့် မျက်လှည့်အဖွဲ့ များ လာရောက်ဖျော်ဖြေခဲ့ကြသည်။ ဇန်နဝါရီ ၁၄ ရက်(ယနေ့)တွင်လည်း ပြည်တွင်း အနုပညာရှင်များ ဖြစ်သော နေမင်း၊ အကယ်ဒမီ စိုးပြည့်သဇင်၊ ဆုပန်ထွာ၊ လှမျိုးသဉ္ဇာနွယ်၊ ပွင့်နဒီမောင်၊ ရိုတနဲ့ စိုးသီဟတို့ လာရောက်ဖျော်ဖြေကြ မည်ဖြစ်သည်။
တိရ္ဆာန်ဥယျာဉ် (ရန်ကုန်) ၁၁၂ နှစ်ပြည့် ဖွင့်ပွဲအခမ်းအနားတွင် ရန်ကုန် တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့ နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော် ကိုယ်စားလှယ် ဦးလှဌေး၊ Htoo Zoos & Gardens Business Unit မှ Senior Chief Vet ဒေါက်တာ မြင့်သိန်း၊ တိရ္ဆာန်ဥယျာဉ်(ရန်ကုန်)အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်နှင့် သရုပ်ဆောင် ခိုင်နှင်းဝေတို့က ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးသည်။ ပြီးခဲ့သောနှစ် တိရ္ဆာန်ဥယျာဉ် (ရန်ကုန်) ၏ ၁၁၁ နှစ် ပြည့်တွင် ပြည်သူသုံးသောင်းကျော် လာရောက်အားပေးကြည့်ရှုခဲ့ကြပြီး ယခု နှစ် ၁၁၂ နှစ် ပြည့်တွင်လည်း လာရောက် ကြည့်ရှုအားပေးမှု ပိုမိုများပြားမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
တိရ္ဆာန်ဥယျာဉ် (ရန်ကုန်) ကို ၁၉ဝ၁ ခုနှစ်၌ ပြည်သူလူထုလှူဒါန်းခဲ့ သော ငွေကျပ် ၂၄ဝဝဝဝ ဖြင့် မြေ ဧက ၆ဝ ပေါ်တွင် စတင်အကောင် အထည်ဖော်ခဲ့ခြင်းဖြစ်သည်။ ၁၉ဝ၆ ခုနှစ် ဇန်နဝါရီလတွင် ဆောက်လုပ်ပြီးစီးခဲ့ပြီး '' ဝိတိုရိယဘုရင်မပန်းခြံနှင့် တိရ္ဆာန် ဥယျာဉ်''ဟု အမည် မှည့်တွင်ကာ ပြည်သူလူထုကို စတင်ဖွင့်လှစ်ပြသခဲ့ သည်။ သတင်း- မောင်စိန်လွင်(မြန်မာ့အလင်း)
No comments:
Post a Comment