Latest News

Sunday, January 14, 2018

ရိုးရာလက်ဝှေ့ဖြစ်ထွန်းရာနယ်မြေကို ကာကွယ်ထိန်းသိမ်းကြပါမှ

ရိုးရာလက်ဝှေ့ဖြစ်ထွန်းရာနယ်မြေကို ကာကွယ်ထိန်းသိမ်းကြပါမှ


မြန်မာ့ရိုးရာလက်ဝှေ့ဆိုသော်လည်း မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ရိုးရာလက်ဝှေ့ ပွဲများ ကျင်းပနေသည် မဟုတ်မူဘဲ တိုင်းဒေသကြီးနှင့် ပြည်နယ်တိုင်းတို့တွင် လည်း ဖြစ်ထွန်းနေသည်မဟုတ်ပေ။ မြန်မာပြည်ထွက် ကျောက်မျက်ရတနာများ၊ မြန်မာ့သနပ်ခါး၊ မြန်မာ့ကျွန်းသစ် စသည်တို့နှင့် အလားတူပင်ဖြစ်သည်ဟု ဆိုရပေမည်။  မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်   တူးဖော်ရရှိနိုင်သော၊ စိုက်ပျိုး ဖြစ်ထွန်းနိုင်သော အနေအထားမဟုတ်သော်ငြားလည်း ပြည်ပသို့ တင်ပို့ ရောင်းချမည်ဆိုလျှင်၊ ပြည်ပမှ လာရောက်ဝယ်ယူမည်ဆိုလျှင် မြန်မာဟူသော အမည်ကို ဂုဏ်ဆောင်နိုင်ကြပေသည်။ ထို့ကြောင့် အဆိုပါ မြန်မာ့ဂုဏ်ဆောင် များ ဖြစ်ထွန်းရာ ရှင်သန်ရာဒေသ တစ်နည်းအားဖြင့် ဘူမိနက်သန်မှန်ရာ ဒေသတို့၌ ဖြစ်ထွန်းခွင့် ကုန်ခန်းသွားစေခြင်း၊ ရှင်သန်ခွင့် အားနည်းသွားခြင်းတို့ မဖြစ်စေရန် ထိန်းသိမ်းကာကွယ်ခြင်း၊ ပျိုးထောင်စောင့်ရှောက်ခြင်းများ ပြုလုပ် ရပေမည်။

မြန်မာ့ရိုးရာလက်ဝှေ့သည်လည်း အမျိုးသားရေးလက္ခဏာအသွင်၊ ယဉ်ကျေးမှုအမွေအနှစ်အသွင်ဖြင့် မြန်မာ့ဂုဏ်ဆောင်သည့် အနေအထား ဖြစ်သော်ငြားလည်း အဓိကဖြစ်ထွန်းရှင်သန်ရာဒေသသည် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ဟုသာ ဆိုရမည်ကဲ့သို့ရှိသည်။ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီးတို့၌ ဖြစ်ထွန်းပါသည်ဆိုသော်လည်း ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ကသာ မြန်မာ့ရိုးရာလက်ဝှေ့ ဈေးကွက်ကြီးမားသည်ဟု ဆိုရမည် ဖြစ်ပြီး အဆိုပါဒေသတို့မှပင်  ဈေးကွက်ဝင် ရိုးရာလက်ဝှေ့သမားအင်အား အများစု ဖော်ထုတ်ပေးနိုင်သည့်အနေအထားရှိမည်ဟု ဆိုရပါမည်။ ထိုတွင်မှ ယခုအခါတွင် မွန်ပြည်နယ်ထဲ၌လည်း အချို့သော ရိုးရာလက်ဝှေ့အစဉ်အလာ ကြီးခဲ့သော ပွဲကြီးများတွင် ကြိုးဝိုင်းထဲသို့ အဆိုတော်များ၊ ရုပ်ရှင်နှင့် ဗီဒီယို သရုပ်ဆောင်များ၊ မော်ဒယ်များ၊ အနောက်တိုင်းအကအဖွဲ့များကို ခေါ်ဆောင် နေရာပေးမှု တွင်ကျယ်ကူးစက်လာသည့်အတွက် ကြိုးဝိုင်းနှင့် အဓိကသက်ဆိုင် သော် ရိုးရာလက်ဝှေ့သမားတို့ နေရာပျောက်လာခဲ့သည်မှာ အတန်ကြာပြီ ဖြစ်သည်။  ငယ်စဉ်က  ကလေးတို့ဘာဝ   တိုင်လုတမ်းကစားကြသည့်အခါ ''ဧည့်သည်လာ အိမ်ရှင်ဖယ်ပေး'' ဆိုသည့် အနေအထားမျိုးဖြစ်နေပြီလားဟုပင် တွေးစရာဖြစ်ရပေသည်။  ရိုးရာလက်ဝှေ့ပွဲ ကျင်းပခွင့်ရထားသည့် အချိန် နည်းသွားကာ   စာချုပ်စိန်ခေါ်ပွဲများကို   တက်သုတ်ရိုက်ကျင်းပရသည့် အနေအထားမျိုးဖြစ်သွားပြီး စာချုပ်ထဲမပါသော်လည်း မနက်ပိုင်းက တွဲဆိုင်း ကပ်ထားသဖြင့် လက်ပတ်တီးစည်း၍၊  ဆီလူး၍ စောင့်နေရှာသော သုံးချီ- လေးချီပွဲသမားလေးများခမျာ  ပွဲထိုးခွင့် မရရှာတော့ပေ။

နာမည်ကျော်အနုပညာရှင်များကို  ကြေးကြီးပေး၍   ကြိုးဝိုင်းထဲသို့ နေရာပေးခြင်း၊ တစ်နည်းအားဖြင့်  အရာသွင်းခြင်းသည်  ထိုးသတ်ကြေး မစို့မပို့ရရှာသည့် မျိုးဆက်သစ်၊ တက်သစ်စ ရိုးရာလက်ဝှေ့သမားလေးများကို အရာမသွင်းခြင်း၊ နေရာဖယ်ခိုင်းခြင်းသဘော သက်ရောက်နေပေသည်။ ထိုသို့ဆိုသဖြင့် အနုပညာရှင်များကို   မလိုတမာ  သဘောဆောင်ခြင်းဟု ကောက်ချက်လွဲမည်ကိုလည်း စိုးရသေးသည်။ ပြည်သူချစ်သော အနုပညာရှင် များကို ပြည်သူတစ်ယောက်အနေဖြင့် ချစ်ခင်တန်ဖိုးထားခြင်းက တစ်ကဏ္ဍဖြစ်ပြီး ရှားပါးလှသော မြန်မာ့ရိုးရာလက်ဝှေ့ ဖြစ်ထွန်းရှင်သန်ရာ ဒေသအနည်း ငယ်တွင်မှ ထပ်မံမြေသိမ်းခံရသည့် ဖြစ်စဉ်ကိုထောက်ပြလိုသည်က တစ်ကဏ္ဍဖြစ်သည်။ တောတိုင်းတွင် စန္ဒကူးမရှိ။ တောတိုင်းတွင် ပတ္တမြားမရှိ။တိုင်းဒေသကြီးနှင့် ပြည်နယ်တိုင်းတွင် ရိုးရာလက်ဝှေ့ပွဲမရှိသည့် ဖြစ်စဉ်မှ တဖြည်းဖြည်းနှင့်   စန္ဒကူးမျိုးတုန်း၊    ပတ္တမြားကုန်ခန်းသွားသည်မျိုး ရိုးရာလက်ဝှေ့သီးသန့်ဟူ၍ ပျောက်ကွယ်ရာမှ ရိုးရာလက်ဝှေ့သမားပါ မျိုးတုန်း သွားမည့် အနေအထားကို သတိထားဆင်ခြင်သင့်သည်ဟု ထင်ပါသည်။ ယခုပင် လျှင် ရိုးရာလက်ဝှေ့ကြိုးဝိုင်းတွင် အိမ်ရှင်ဟု ဆိုရမည်ဖြစ်သော ရိုးရာလက်ဝှေ့ သမားတို့သည်  ဧည့်သည်များကို  ခေါ်သွင်းထားသည့်  အခိုက်အတန့်တွင် ရုံပြင်မှ ထိုင်စောင့်ပေးနေရပြီဖြစ်သည်။ ထိုဖြစ်စဉ်ကို ငါတို့ရိုးရာလက်ဝှေ့ သမားမို့၊ သူတို့ အနုပညာသမားမို့ ဆိုသည့် ပုဂ္ဂိုလ်သဘောဆောင်၍ ပြောနေ ခြင်းမဟုတ်သည်ကိုတော့     နားလည်သဘောပေါက်မည်ထင်ပါသည်။ အခြေအနေသည် ပုဂ္ဂိုလ်ရေးဝိရောဓိကို ညွှန်းဆိုနေခြင်းမဟုတ်ဘဲ မြန်မာ့ရိုးရာ လက်ဝှေ့ မှေးမှိန်အားပျော့သွားမည့်အရေး၊  မျိုးဆက်ပြတ်သွားမည့်အရေးကိုသာ  ညွှန်းဆိုနေသည်။

ထိုဖြစ်စဉ်အောက်သို့ သက်ရောက်မခံဘဲ မြန်မာ့ရိုးရာလက်ဝှေ့ကြိုးဝိုင်း သည် မြန်မာ့ရိုးရာလက်ဝှေ့သမားတို့၏ ဘူမိနက်သန်နေရာမှန်သာ ဖြစ်သည်။ ရိုးရာလက်ဝှေ့လောက၏ အနာဂတ်ရှင်သန်တောက်ပရေးအတွက် မျိုးဆက်သစ် တို့ မွေးထုတ်ရာ၊ တက်လူများကို အရောင်တင်ပေးရာ နေရာမှန်သာဖြစ်သည် ဟူသောခံယူချက်ဖြင့် အစဉ်အလာကြီးမားစွာရပ်တည်နေသောနေရာကို ပြပါ ဆိုလျှင် ဇန်နဝါရီ ၉ ရက်မှ ၁၂ ရက်နေ့အထိ ကျင်းပခဲ့သော မုဒုံမြို့နယ် မြိုင်ကုန်းကျေးရွာမှ ရိုးရာလက်ဝှေ့ပွဲများကိုသာ ညွှန်းဆိုရပေမည်။ မြိုင်ကုန်း ကျေးရွာအနီး ရတနာတောင်စောင်းတွင် ဝင်းစိန်တောရဆရာတော်ကြီး တည်ထားကိုးကွယ်တော်မူသည့် အတောင် ၄ဝဝ ပြည့် ဇိနသုခရန်အောင်ချမ်းသာ လျောင်းတော်မူရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဝင်းစိန်တောရ ဆရာတော်ကြီး သက်တော်(၉၇)နှစ်မြောက် မွေးနေ့ပူဇာသဘင် ပွဲတော်အထိမ်း အမှတ် ရိုးရာလက်ဝှေ့ပွဲများသည် ရိုးရာလက်ဝှေ့သမားတို့၏ သီးသန့်နယ်မြေ အဖြစ် ရှိနေဆဲပင်။ ထို့ကြောင့်လည်း နှစ်ပေါင်း ၂၅ နှစ်ခန့် သက်တမ်းအတွင်း ရိုးရာလက်ဝှေ့ပွဲများမှ မွေးထုတ်လိုက်သော ရိုးရာလက်ဝှေ့သမားပေါင်းများစွာ ရှိခဲ့သည်။ ယခုလည်း ဇန်နဝါရီ ၉ ရက်တွင် ဒေသအခေါ်မြေချပွဲဆိုသည့် မျိုးဆက်သစ်ပွဲများကို ရုံဝင်ကြေးအခမဲ့ဖြင့် ကျင်းပပေးခဲ့သည်။ ပွဲစဉ်ပေါင်း ကိုးပွဲတွင် သက်ငယ်နှင့် ဆယ်ကျော်သက်များသာ ပါဝင်သည်။ ဇန်နဝါရီ ၁ဝ ရက်တွင် မျိုးဆက်သစ်ပွဲစဉ်ပေါင်း ၁ဝ ပွဲကို ငါးပွဲ တစ်ဖြတ်စီဖြင့် ကြိုးဝိုင်းဒိုင် နှစ်ယောက် ဖမ်းသည့် သုံးချီကြားပွဲများအဖြစ် ကျင်းပပေးခဲ့ရာ မျိုးဆက်သစ် လက်ဝှေ့သမား ၂ဝ ပွဲထိုးခွင့်ရသွားသည်။ ထိုနေ့တွင် ရိုးရာအောင်လံ(ကျပ်သိန်း ၂ဝ တို့ ဆီမီးဖိုင်နယ်ပွဲစဉ်များကို  ကျင်းပရာ  ထူးနေသူ(တောင်ကလေး)က သီဟမင်း(မြိုင်ကလေးဘိလပ်မြေစက်ရုံ)ကို ရေကုန်အချီ ၂၅ မိနစ်တွင် အလဲထိုး ကာ ဗိုလ်လုပွဲတက်သွားသည်။ နောက်တစ်တွဲဖြစ်သည့် ဆန်းထူးအောင် (သုံးပန်းလှ)နှင့် ဒေါင်းဖြူ(Adventure)တို့က ရေကုန်အချီ မိနစ် ၃ဝ အထိ ယှဉ်ပြိုင်ကြသော်လည်း အဖြေမပေါ်သည့်အတွက် ကြိုတင်သဘောတူ သတ်မှတ်ထားသော စည်းမျဉ်းအရ မဲလိပ်စနစ်ဖြင့် ဆုံးဖြတ်ရာ   ဒေါင်းဖြူ ဗိုလ်လုပွဲတက်သွားသည်။

ဇန်နဝါရီ ၁၁ ရက်တွင်လည်း မျိုးဆက်သစ်နှင့် တက်လူ သုံးချီကြားပွဲ တွဲဆိုင်း ဆယ်ဆိုင်း ထည့်သွင်းကျင်းပပေးသည်။ သုံးချီစိန်ခေါ်ပွဲတွင် ရွှေမင်း ရာဇာ(မြိုင်ကလေးဘိလပ်မြေစက်ရုံ)က ထွန်းတောက်ကြယ်(မုဒုံစတား)ကို ဒုတိယအချီ၌ အနားတောင်းတစ်ကြိမ်နှင့် အမှတ်စဉ်နှစ်ကြိမ် အရေခံစေ၍အလဲထိုးအနိုင်ယူလိုက်သည်။  ငါးချီစိန်ခေါ်ပွဲများတွင်  စောမိုက်ရိုင်း(ရွှေဖူး)က ယျှူးခလိန်းမင်း(မြိုင်ကလေးဘိလပ်မြေစက်ရုံ)ကို ပထမအချီမှာပင် အမှတ်စဉ် အရေခံစေပြီး တတိယအချီတွင် အလဲထိုးအနိုင်ရသွားသည်။ သွေးသစ်အောင် (သုံးပန်းလှ)နှင့် ဖွားဆိုလ(ထိုင်း)၊ စောဂေါ်မူတို(သတ္တိ)နှင့် ဖက်ဘိုင်အို(ဘရာဇီး)တို့ တွဲဆိုင်းများက သရေပွဲဖြစ်သွားသည်။ နောက်ဆုံးနေ့လယ်ဖြစ်သော  ဇန်နဝါရီ ၁၂ ရက်တွင် ရိုးရာအောင်လံဗိုလ်လုပွဲနှင့် စာချုပ်စိန်ခေါ်ပွဲများရှိ သည့်တိုင်း ရိုးရာသုံးချီကြားပွဲ တွဲဆိုင်း ရှစ်ဆိုင်းကို လေးဆိုင်းတစ်ဖြတ် ထည့်သွင်းကျင်းပပေးသည်။ ရိုးရာအောင်လံဗိုလ်လုပွဲတွင် အောင်လံထိန်း တွဲဆိုင်း နှစ်ဆိုင်း ပါဝင်ပြန်သည်။ ရိုးရာအောင်လံဗိုလ်လုကြသည့် ထူးနေသူ (တောင်ကလေး)နှင့် ဒေါင်းဖြူ(Adventure) တို့ တွဲဆိုင်းတွင် ရေကုန်အချီ ၁၂ မိနစ်၌ ဒေါင်းဖြူလေး၏ ညာဖြောင့်လက်သီး အရှိုက်ထဲသို့ အဝင်ခံရသော ထူးနေသူ
ရှုံးနိမ့်သွားသဖြင့် ဒေါင်းဖြူလေးက ကျပ်သိန်း ၂ဝ နှင့်အတူ ဝင်းစိန် တောရ ရိုးရာအောင်လံရှင် ဖြစ်သွားသည်။

ငါးချီစိန်ခေါ်ပွဲအစတွင် စောလွမ်ချိုင်း(Adventure)က ရဲဝင်း(တောင် ကလေး)ကို ဒုတိယအချီ နှစ်မိနစ်၌ပင် ချုပ်ဒူးများဖြင့် ပွဲသိမ်းအနိုင်ယူလိုက်သည်။ ရဲသွေးနီ(တောင်ကလေး)နှင့်   တိုလက်ဘေး(ဥဇဘက်ကစ္စတန်)တို့ပွဲတွင် ထောင့်ပိတ်၍ အပိုင်ထိုးလိုက်သော ရဲသွေးနီ၏ဗျူဟာကို တိုလက်ဘေးက ထောင့်ပိတ်မခံဘဲ   ဝိုင်းပတ်ဆုတ်နေရင်းမှ  ထောက်ဖြောင့်လက်သီးများ၊ ပစ်ဒူးများ၊ ခေါင်းထိုးတိုက်ချက်များ၊ နောက်ပြန်တံတောင်ရိုက်ချက်များဖြင့် မနားတမ်းကောင်တာထိုးနေသည့်အတွက် ထိုးကွက်မပေါ်သော ရဲသွေးနီ သရေပွဲဖြင့်သာ ကျေနပ်လိုက်ရသည်။ နောက်ဆုံးနေ့ နောက်ဆုံးစိန်ခေါ်ပွဲကြီးက စိုးလင်းဦး(တို့ရိုးရာ)နှင့် ဝီဂျစ်(ထိုင်း)တို့ပွဲဖြစ်သည်။ စိုးလက်ဦးသည် ဝီဂျစ်နှင့် ပထမဆုံးအကြိမ်ဆိုခဲ့သည့် ရေးမှပွဲတွင် ပထမအချီ၌ပင် အမှတ်စဉ်အရေခံခဲ့ရပြီးမှ သရေပွဲရခဲ့သဖြင့် ယခုပွဲကို မကျေပွဲအဖြစ် ကြိုတင်ပြင်ဆင်ထားပုံရသည်။သို့ရာတွင် ပွဲထိုးမည့်ရက်မတိုင်မီ သုံးရက်အလိုတွင်မှ သူ၏ဖခင်ကြီး ကွယ်လွန် သွားသဖြင့် လာရောက်ယှဉ်ပြိုင်ပါတော့မည်လားဟုပင် စီစဉ်သူများ စိတ်ပူခဲ့ရ သည်။ ထိုသို့ကြုံရသော်လည်း စိုးလင်းဦးက ပရော်ဖက်ရှင်နယ်ပီသစွာပင် တာဝန်ယူမှုအပြည့်ဖြင့် ပွဲကို ရောက်လာခဲ့သည်။ ဝီဂျစ်နှင့် ယှဉ်ပြိုင်ရာတွင်
ပထမအချီ ၂ မိနစ် စက္ကန့် ၄ဝ မှာပင် ဝီဂျစ်၏ ညာတံတောင်ရိုက်ချက်မိကာ အနားတောင်းလိုက်ရသည်။ တံတောင်ထိချက်ကြောင့် ပက်လက်ကျသွားရာမှာ မာန်ဇွဲဖြင့် အံခဲ၍ ပြန်ထသေးသော်လည်း နောက်တစ်ဖန် ပက်လက်လဲပြန်သည့် အတွက် အနားတောင်းလိုက်ရခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူ၏ အမာခံ ပရိသတ်များက သံမဏိစိုးကြီးဟု ချစ်စနိုးခေါ်ကြသည့် စိုးလင်းဦးသည် အနိုင်မခံ အရှုံးမပေးစိတ်ဓာတ်ဖြင့် သရေပွဲအရယူနိုင်ခဲ့သည်။ သူ၏ ခေါင်း တိုက်ချက်ကြောင့်  တတိယအချီတွင် ဝီဂျစ်နဖူးကွဲ၍ဆေးစစ်ခံရသော်လည်း ဒဏ်ရာမပြင်းသည့်အတွက် ဆရာဝန်က ဆက်လက်ထိုးသတ်ခွင့်ပြု၍လည်း ဝီဂျစ် ရှုံးပွဲမကြုံရခြင်းဖြစ်သည်။

နောက်ဆုံးနေ့တွင် ပရိသတ်အားပေးမှုများပြားသည့်အတွက် ပေ ၂ဝဝ ပတ်လည်ရုံကြီး ပြည့်လုနီးပါး ဖြစ်သွားခဲ့သည်။ ထိုသည်မှာ ကြိုးဝိုင်းတွင်းသို့ အခြားဖျော်ဖြေရေးများ ထည့်သွင်းကျင်းပမှ ရိုးရာလက်ဝှေ့ပွဲကို ပရိသတ် ဝင်မည်မဟုတ်ဟူသော သက်သေပြချက်လည်း ဖြစ်သည်။ တစ်နည်းအားဖြင့် မြန်မာ့ရိုးရာလက်ဝှေ့သည် ယခင် သမဝါယမခေတ်ကကဲ့သို့ ရွှေဝါဆပ်ပြာ နှင့် တွဲရောင်းရသည့် ဒူးယားစီးကရက်မှိုတက်ကဲ့သို့ အခြားဖျော်ဖြေရေးပွဲများ အားကို ယူရန်မလိုဘဲ မိမိအားဖြင့် မိမိပရိသတ်အခိုင်အမာရှိပါကြောင်း သက်သေပြချက်ဟုလည်း ဆိုရပါမည်။ ရိုးရာလက်ဝှေ့မျိုးဆက်သစ်များ၊ တက်လူများကို နေရာပေး မွေးထုတ်ရှင်သန်စေသည့် ဝင်းစိန်ပွဲကြီး အဓွန့်ရှည် ပါစေ၊ အောင်မြင်ပါစေဟု ဆန္ဒပြုလိုက်ရပါသည်။   ဇင်လင်းထွန်း(ဓနုဖြူ)​ကြေးမှုံ

No comments:

Post a Comment