Latest News

Friday, January 19, 2018

မီးပွိုင့်အဟောင်းများ ပြန်လည်ဖြုတ်သိမ်းခြင်းကို ယာဉ်ကြောရှင်းသည့် ညပိုင်းတွင် ပြုလုပ်လျက်ရှိ

မီးပွိုင့်အဟောင်းများ ပြန်လည်ဖြုတ်သိမ်းခြင်းကို ယာဉ်ကြောရှင်းသည့် ညပိုင်းတွင် ပြုလုပ်လျက်ရှိ

ရန်ကုန်   ဇန်နဝါရီ   ၁၈

ရန်ကုန်မြို့ မော်တော်ယာဉ် သွားလာရေး စနစ်အတွက် ခေတ်မီမီးပွိုင့်များ ပြောင်းလဲ တပ်ဆင်ပြီးနောက် ယခင်မီးပွိုင့် အဟောင်းများ   ပြန်လည် ဖြုတ်သိမ်းလျက် ရှိရာ ယာဉ်သွားလာမှု မထိခိုက်စေရန် ညအချိန်တွင် ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး   သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ တွဲဖက် အတွင်းရေးမှူး  ဦးသန်းဝင်းထံမှ သိရသည်။  ''နေ့ခင်းဘက်လုပ်ရင် ယာဉ်တွေ သွားလာမှုကို  အနှောင့်အယှက် ဖြစ်စေနိုင်တယ်။ဒါကြောင့်ယာဉ်သွားလာမှုနည်းတဲ့ ညပိုင်းအချိန်မှာ လုပ်ကိုင်နေရတာကြောင့်   အချိန်ကြာမြင့်တာမျိုးလည်း ဖြစ်ပါတယ်''  ဟု  ဦးသန်းဝင်း ကပြောသည်။

လမ်းဆုံနေရာတချို့၌   မီးပွိုင့်အသစ်နှင့် အဟောင်း  နှစ်ထပ်ပုံစံမျိုး ဖြစ်နေခြင်းများ ရှိပြီး ယာဉ်မောင်းများအတွက်  အချက်ပြ စနစ်ကိုကြည့်ရာတွင် ရှုပ်ထွေးမှုကြောင့် အခက်အခဲများ ဖြစ်ခဲ့ရကြောင်း ယာဉ်မောင်းများထံမှ သိရသည်။ ''အရင်တုန်းက  မီးပွိုင့်အဟောင်းတွေကို မဖြုတ်ရသေးတာကလည်း မီးပွိုင့်အသစ်တွေ အကုန်မတပ် ရသေးတာကြောင့်နဲ့ မီးပျက်တဲ့အခါ မီးပွိုင့် အချက်ပြစနစ်အတွက် အခက်အခဲတွေ  ဖြစ်လာနိုင်တာကြောင့်   ဖြစ်ပါတယ်။ အခုတော့ ပြန်လည်ဖြုတ်သိမ်းနေပါပြီ''  ဟု  ဦးသန်းဝင်း ကပြောသည်။

အဆိုပါမီးပွိုင့်များ ဖြုတ်သိမ်းမှုကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့်  China Railway 21st Bureau Group Co.,Ltd.  တို့ ပူးပေါင်း၍   လုပ်ကိုင် ဆောင်ရွက်နေခြင်းဖြစ်သည်။ ရန်ကုန်မြို့အတွင်း  မီးပွိုင့်ပေါင်း ၁၅၄ နေရာရှိသည့် အနက် နေရာ ၇ဝ ၌ ဖြုတ်သိမ်းခဲ့ပြီး ဖြုတ်သိမ်းရန် ကျန်ရှိနေသည့် မီးပွိုင့်နေရာ ၈၄  နေရာကိုလည်း  အမြန်ပြီးစီးစေရန်  ဖြုတ်သိမ်းလျက် ရှိကြောင်း  သိရသည်။(MWD)

No comments:

Post a Comment