Latest News

Thursday, December 14, 2017

မွန်ဂိုလီးယားဒေသမှ ဆောင်းခိုရန်ရောက်ရှိလာသည့် မြက်ခင်းလင်းယုန်ညို (Steppe Eagle)

မွန်ဂိုလီးယားဒေသမှ ဆောင်းခိုရန်ရောက်ရှိလာသည့် မြက်ခင်းလင်းယုန်ညို (Steppe Eagle)

 စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသ၊ သာစည်ကျေးရွာ၌ ဒီဇင်ဘာလ ၆ ရက်နေ့ နေ့လည် ၁၂ နာရီခွဲခန့်တွင် အမျိုးအမည်မသိသည့် လင်းယုန်ငှက်ကြီးတစ်ကောင် ကို ကျေးရွာသားများမှ ဖမ်းဆီးရမိခဲ့ပြီး ကျောပြင်တွင် ကိရိယာတစ်ခုပါရှိခြင်း၊ ငှက်ခြေထောက်တွင် သံကွင်းနှင့်စာအမှတ်အသားများ ပါရှိခြင်းတို့ကြောင့် ထူးခြားတွေ့ရှိရသဖြင့် သက်ဆိုင်ရာသို့ သတင်းပေးပို့ရာမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မင်းကင်းမြို့နယ်သစ်တောဦးစီးဌာနသို့ လွှဲအပ်ပေးခဲ့သည်။

 အဆိုပါ လင်းယုန်ငှက်မှာ မြန်မာနိုင်ငံအတွင်းနေထိုင်သည့် ဌာနေငှက်မျိုးမဟုတ်ကြောင်း၊ အာရှတိုက်အလယ်ပိုင်းဒေသများမှ မွန်ဂိုလီးယားအထိ မြက်ခင်းလွင်ပြင်များတွင် ပြန့်နှံ့ကျက်စား နေထိုင်သည့် မြက်ခင်းလင်းယုန်ညို Steppe Eagle အသားစားငှက်အမျိုးအစား မျိုးစိတ်တစ်ခုဖြစ် ကြောင်း သိရှိရသည်။ ဤလင်းယုန်ငှက်မျိုးစိတ်များသည် ဆောင်းရာသီအချိန်၌ ရာသီဥတု ပူနွေးမျှတ သည့် အာရှတိုက်တောင်ပိုင်းဒေသများသို့ ပြောင်းရွှေ့ကျက်စားလေ့ရှိပြီး မြန်မာနိုင်ငံသို့ ရောက်ရှိကျက် စားလေ့ရှိကြောင်း ယခင်မှတ်တမ်းတင်ထားမှုမရှိကြောင်းလည်း သိရှိရသည်။

 ယခုတွေ့ရှိရသည့် လင်းယုန်မှာ ဒဏ်ရာရရှိထားပြီး မပျံနိုင်ကြောင်း သိရှိရသဖြင့် သစ်တောဦးစီး ဌာနလက်အောက်ရှိ မန္တလေးမြို့၊ တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)မှ တိရစ္ဆာန်ဆေးကုဆရာဝန်နှင့် သစ်တောဝန်ထမ်းများ မင်းကင်းမြို့သို့ သွားရောက်စစ်ဆေးခဲ့သည်။ လင်းယုန်ငှက်၏ ဦးခေါင်းတွင် လောက်လေးခွထိမှန်ဒဏ်ရာ၊ တောင်ပံအဆစ်ကျိုးသည့်ဒဏ်ရာနှင့် ဘယ်ဖက်မျက်လုံး ထိခိုက်ဒဏ်ရာတို့ ရရှိထားပြီး မပျံနိုင်ပဲ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ ဒဏ်ရာများအား စနစ်တကျ ဆေးဝါးကုသပေးပြီး ဆက်လက်ကြပ်မတ်ကုသနိုင်ရန် သစ်တောဦးစီးဌာနအစီအစဉ်ဖြင့် ရတနာပုံ တိရစ္ဆာန်ဥယျာဉ်သို့ ဒီဇင်ဘာလ ၈ ရက်နေ့တွင် သယ်ဆောင်၍ သီးသန့်ထားရှိကုသပေးလျက်ရှိသည်။
 
 အဆိုပါ လင်းယုန်ငှက်အား စစ်ဆေးခဲ့ရာတွင် ကျောပေါ်တွင် တွဲချိတ်တပ်ဆင်ထားသည့် စက်ကိရိယာငယ်မှာ ငှက်ပျံသန်းလမ်းကြောင်းအား ဂြိုလ်တုမှ ခြေရာခံစောင့်ကြည့်မှတ်တမ်းတင်သည့် အချက်ပြထုတ်လွှင့်စက်ကိရယာဖြစ်ကြောင်း၊ ငှက်ခြေစွပ်သံကွင်းပါ အမှတ်အသားအရ မွန်ဂိုလီးယားနိုင် ငံရှိ သိပ္ပံသုတေသနဌာနတစ်ခုခုမှ သုတေသနအလို့ငှာ လေ့လာစမ်းသပ်ရန် အမှတ်အသားပြု စေလွှတ် ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
 
 သစ်တောဦးစီးဌာနမှ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS)နှင့် ပူးပေါင်း၍ ငှက်ခြေစွပ်သံကွင်းပါ အမှတ်အသားအရ မွန်ဂိုလီးယားနိုင်ငံနှင့် ဆက်သွယ်စုံစမ်းခဲ့ရာ အဆက်အသွယ်ရရှိခဲ့ပြီး Wildlife Science Conservation Center of Mongolia မှ ကိရိယာတပ်ဆင်၍ ဒေသပြောင်းရွှေ့ကျက်စားလေ့ ရှိသည့် ငှက်မျိုးစိတ်သုတေသနအတွက် ငှက်ပျံသန်းလမ်းကြောင်းကို လေ့လာဖော်ထုတ်မှတ်တမ်းရယူ နိုင်ရေးအလို့ငှက် စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ゞင်းတို့ဖက်မှ ငှက်ပျံသန်းလမ်းကြောင်းကို လေ့လာ စောင့်ကြည့်မှတ်တမ်းရယူထားသည့် မြေပုံကိုပါ ပေးပို့လာကြောင်းသိရှိရသည်။

 အဆိုပါ လင်းယုန်ငှက်များသည် IUCN အဖွဲ့၏ မျိုးစိတ်များထိန်းသိမ်းကာကွယ်မှုအဆင့်တွင် မျိုးသုဉ်းမည့်အန္တရာယ်ကျရောက်မှုအခြေအနေနည်းပါးသေးသည့် မျိုးစိတ်စာရင်း Least Concern အဖြစ် သတ်မှတ်ထားကြောင်း သိရှိရသည်။
 ယခုအခါ သစ်တောဦးစီးဌာနနှင့် တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)မှ ထူးကုမ္ပဏီတို့ပူးပေါင်း၍ ဆေးဝါး ကုသပေးခဲ့ရာ ပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်း၊ အစာအဖြစ် အမဲသားကျွေးရာ ၄၀ ကျပ်သားခန့် အထိကို ပြန်လည်စားသောက်လာနိုင်ပြီးဖြစ်ကြောင်း သို့သော်လည်း တောင်ပံအဆစ်ကျိုးထားမှုမှ သက် သာလာရန် အချိန်အနည်းငယ်စောင့်ဆိုင်း ကုသစောင့်ကြည့်ရန်လိုအပ်နေသေးကြောင်းနှင့် ပျံသန်းနိုင်ရန် စမ်းသပ်မှုများပြုလုပ်၍ စိတ်ချရသည့်အခြေအနေသို့ရောက်ရှိပါက လင်းယုန်ငှက်အား ပြန်လည် စေလွှတ် ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
 
 ယခုကာလသည် ဆောင်းရာသီဖြစ်၍ မြန်မာနိုင်ငံအတွင်း ဒေသအသီးသီး၌ ဆောင်းခိုငှက်များ ကျရောက် ကျက်စားတတ်သည့် အချိန်ကာလလည်းဖြစ်၍ ယခုလင်းယုန်ငှက်ကဲ့သို့ပင် အခြားသော ထူးခြားငှက်မျိုးစိတ်များ ကမ္ဘာ့မြောက်ခြမ်းနှင့် တောင်ခြမ်းဒေသတို့မှ လာရောက်လေ့ရှိတတ်ကြောင်း သိရှိရသည်။ ထိုကဲ့သို့ ဆောင်းခိုငှက်များလာရောက်ကျက်စားမှုအတွက် ငှက်များအား ဘေးမဲ့ပေးရန်၊ ငှက်များ၏ ခန္ဓာကိုယ်ပေါ်၌ ထူးခြား ကိရိယာများ၊ ခြေစွပ်သံကွင်းများပါရှိလာပါကလည်း ပစ်ခတ် ဖမ်းဆီးခြင်း၊ နှောင့်ယှက်ခြင်းမပြုကြရန်၊ ငှက်များတွင် တစ်စုံတစ်ခုသော အကြောင်းကြောင့် ဒဏ်ရာ အနာတရဖြစ်ပြီး မပျံသန်းနိုင်၍ ပြုတ်ကျလာခြင်း၊ တွေ့ရှိဖမ်းဆီးရမိခြင်းတို့ရှိပါက နီးစပ်ရာ သစ်တောဦးစီးဌာနများသို့လည်းကောင်း၊ နေပြည်တော် သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနခွဲ တယ်လီဖုန်းအမှတ်၊ (ဝ၆၇) ၃၄၀၅၀ဝ၂၊ (ဝ၆၇) ၃၄၀၅၃၉၇ တို့သို့ ဆက်သွယ် သတင်းပေးပိုကြပါရန် သစ်တောဦးစီးဌာနမှ အသိပေးကြေညာထားကြောင်း သတင်းရရှိပါသည်။

Ref;  သစ်တောဦးစီးဋ္ဌာန

No comments:

Post a Comment