Latest News

Thursday, December 28, 2017

Sleep Apnea Syndrome အိပ်ပျော်နေစဉ် အသက်ရှူရပ်သော ရောဂါဝေဒနာ(SAS)


ကျွန်တော်တို့ ပါတ်ဝန်းကျင်နားမှာ ရှိနေတဲ့ ရောဂါတစ်ခုပါ။
ရောဂါလို့ ထင်တဲ့သူနည်းသလို၊ ရောဂါလို့ ပြောရင်လည်း မယုံနိုင်လောက်အောင်ဖြစ်တတ်ပါတယ်။
ကျွန်တော်ငယ်ငယ်က မေမေ့မိတ်ဆွေတစ်ယောက်ဟာ စကားဝိုင်းထဲမှာ စကားပြောရင်းနဲ့ အိပ်ငိုက်နေတတ်ပါတယ်။
မေမေတို့ကတော့ သူ့ကို ကြည့်ပြီး တစ်ဟားဟားနဲ့ပေါ့။
ဇနီးသည်လုပ်သူကတော့ တပ်မတော်သားဖြစ်တဲ့သူကို မင်္ဂလာဒုံ စစ်ဆေးရုံကြီးမှာ ဆေးသွားစစ်ကြတာပေါ့။
အဲ့သည့်ကြမှ ပိုသိလာတာက ဆေးစစ်ရင်း၊ မျက်လုံးကြီး ပွင့်နေတာတောင် ဦးဏှောက်က အိပ်ပျော်သွားသတဲ့။

အဲ့သည့်ကမှ နှစ်ပေါင်း၃၀လောက်ကြာတော့၊
တစ်လောက မြန်မာပြည်ပြန်တော့ သိပ်ခင်ခဲ့ရတဲ့ သူငယ်ချင်းတစ်ယောက်က၊
ကားမရှိတဲ့ ကျွန်တော့်ကို သူ့ကားကလေးကို ကိုယ်တိုင်မောင်းပြီး အိမ်တိုင်ယာရောက် လိုက်ပို့ပေးပါတယ်။
လမ်းမှာ စကားတွေဖေါင်ဖွဲ့နေခိုက်၊ သူ့စကားသံဟာ ငယ်ငယ်တုံးက ဓါတ်ခဲနဲ့ နားထောင်ရတဲ့
ကပ်ဆက်လိုပဲ၊ ဓါတ်အားကုန်သွားတဲ့အခါ ကြားရတဲ့အသံလို လေးလေးကြီးဖြစ်သွားကာ ရပ်သွားပါတော့တယ်။
ငယ်ငယ်က ကျွန်တော်ကြားဘူးတဲ့ မေမေတို့ ပြောပြောနေတဲ့ စကားပြောရင်း အိပ်ငိုက်သွားသူကို
ပထမဆုံး မြင်ဘူးသလို၊ ကိုယ့်သူငယ်ချင်းအတွက်လည်း တစ်ကယ်ပဲ စိုးရိမ်ခဲ့ရပါတယ်။

ဂျပန်ပြန်ရောက်ရောက်ခြင်း နှီးစပ်ရာကိုမေး၊ အင်တာနက်ထဲရှာ၊ ဟိုတုံးက ဖတ်ခဲ့တဲ့ ဆေးစာအုပ်တွေ ပြန်ကြည့်ရင်း ဒီဆောင်းပါးလေးကို စလိုက်ရပါတော့တယ်။

တစ်ကယ်တော့ နေ့ခင်းနေလည် စကားပြောရင် အိပ်ငိုက်တာက ရောဂါအရင်းအမြစ်မဟုတ်သေးပါ။
တစ်ကယ်တန်းရောဂါက ညဘက်အိပ်ပျော်စဉ် နှစ်ချိုက်စွာ ဦးဏှောက်ကကို အနားမပေးနိုင်၊
ဦးဏှောက်ရဲ့ အဟာရတစ်ခုဖြစ်တဲ့ အောက်ဆီဂျင်ကို ကောင်းစွာ မပို့နိုင်လို့ပါ။
အထူးသဖြင့်တော့ ပါတ်ဝန်းကျင်တစ်ခုလုံး ကောင်းကောင်းမအိပ်ရအောင် ဟောက်တတ်သူများမှာ တွေ့ရပါတယ်။
သူကြောင့် အိပ်မပျော်သူများက ရီသလိုလို၊ စိတ်ဆိုးသလိုလို ဖြစ်ကြပေမဲ့ တစ်ကယ်တမ်းတော့ အိပ်မောကြပြီး အသားကုန် ဟောက်နေတယ်ဆိုတဲ့ သူ့ခမျာ၊ သူ့များတွေလောက် မအိပ်ရရှာပါဘူး။
အခန့်မသင့်ရင် အသက်အန္တရာယ်နဲ့လည်း ကြုံတွေ့နိုင်ပါတယ်။

ဆေးပညာအရ ၁၀စက္ကန့်အထက် နားခေါင်းကစလို့ အဆုပ်အထိ လေလမ်းကြောင်းထဲမှ လေစီးစင်းမှူ့ ရပ်တန့်နေတာကို အသက်ရှူရပ်တယ်လို့ ဆိုပါတယ်။
ညဘက်အိပ်ပျော်စဉ် တစ်နာရီအတွင်းမှာ ၅ ကြိမ်လောက် အသက်ရှူရပ်ရင်ပဲဖြစ်ဖြစ်၊
၇ နာရီအတွင်းမှာ အကြိမ် ၃၀ လောက်ဖြစ်ပြီဆိုရင်တော့ ဒီရောဂါ စပြီလို့ ပြောနိုင်ပါပြီ။

ဘယ်လိုလူတွေ ဖြစ်တတ်သလဲ
ဝတဲ့သူတွေ
မေးရိုးပမာဏ
နားခေါင်းပိတ်တတ်သူတွေ
အသက်ကြီးသူတွေ
အရက်သေစာ အသောက်အစားများသူတွေ
အိပ်ဆေးသောက်သူတွေဟာ တစ်ခြားသူတွေထပ် ပိုဖြစ်နိုင်တယ်လို့ ပြောနိုင်မှာပါ။

ဒီလိုလက္ခဏာတွေ သတိထားစို့
အိပ်ပျော်စဉ် ဦးဏှောက်ထဲ အောက်ဆီဂျင် ပြည့်ပြည့်၀၀ မရောက်လို့၊ ဦးဏှောက်တင်မကပါဘူး၊ ခန္တာကိုယ်ကိုလည်း ထိခိုက်စေပါတယ်။
အသက်ရှူရပ်တော့ ဦးဏှောက်ထဲ အောက်ဆီဂျင်က မရောက်။
ဒီတော့ ခန္တာကိုယ်က သွေးခုန်နှုံးတွေ တိုးအောင်၊ နှလုံးကို ဖိအားပေး။
အိပ်နေတဲ့သူက အသိပေမဲ့၊ သာမာန်နိုးကြားပြီး သွားလာလှုပ်လျှားနေတာနဲ့ ဘာမှမထူးပါဘူး။
အိပ်စက်အနားယူနေတယ်လို့ ပြောလို့မရတဲ့ အခြေအနေပါ။
အဲ့သလို နေ့စဉ်ရက်ဆက်ဖြစ်ပါများတော့ နေ့လည်၊ နေ့ခင်းကြီးမှာ စကားပြောရင်း၊
ကားမောင်းရင်း ရုပ်တစ်ရက် အိပ်ငိုက်သွားတတ်ပါတယ်။
မိသားစုဝင်များ အထူးသတိထားပေးစေလိုပါတယ်။
အိပ်မပျော်သွားတောင် အာရုံစူးစိုက်မှူက အလွန်ပင် နည်းပါးသွားနိုင်ပါတယ်။

ဒါ့ကြောင့် မိသားစုက ဒါတွေကို သတိထားမိရင် အမြန်ဆုံး တတ်ကျွမ်းရာ ကျမ်းမာရေး ၀န်ထမ်းတွေနဲ့ တိုင်ပင်စေလိုပါတယ်။
အိပနေရင်း ဟောက်တတ်တယ်။
ဟောက်ရင်းတမ်းလမ်းနဲ့ ဟောက်တာရပ်သွားပြီး၊ အသက်ပြင်းပြင်းရှူရင်းကနေ တစ်ခါပြန်ဟောက်သူများ။
အသက်ရှူရပ်သလိုလို၊ အသက်ရှူကျပ်သလိုလို၊ အသက်ရှပြင်းသလိုတွေ ဖြစ်နေသလား။
အိပ်ရင်းတမ်းလမ်း သီးတတ်သလို၊ ချွေးတွေထွက်၊ မကြာခဏနိုးပြီး အိမ်သာသွားတတ်လာရင် သတိကလေးပြုပေးစေလိုပါတယ်။
ပြီးတော့ အိပ်ယာက ထတဲ့အခါမှာ အာခေါင်ခြောက်နေတာတို့၊ ခေါင်းကိုက်တာတို့၊ ကောင်းကောင်းအိပ်ပျော်တယ်လို့  မထင်ခြင်း၊ ကိုယ်လက်လေးလံတာဟာလည်း ရောဂါကနေ ပြောနေတဲ့ လက္ခဏာလေးတွေပါ။

တစ်ခါနေ့လည်နေခင်း သွားလာလှုပ်လျှားနေရင်းက အိပ်ငိုက်တတ်သလို၊ ကိုယ်လက်လေးလံ၊ အလုပ်အပေါ် စိတ်မ၀င်စားနိုင်၊ ပင်ပန်းနွမ်းနယ်နေတာဟာလည်း ညဘက်မှာ ဦးဏှောက်ထဲကို လိုအပ်တဲ့ အောက်ဆီဂျင်ဓါတ်တွေ ပို့မပေးနိုင်တာကြောင့် ဖြစ်နိုင်ပါတယ်။

ဘာတွေဖြစ်လာနိုင်သေးသလဲ
သွေးတိုး၊ နှလုံးရောဂါ၊ ဦးဏှောက်သွေးကြောပိတ်ပေါက်ရောဂါ၊ ဆီးချိုရောဂါတွေနဲ့ စိတ်ဓါတ်ကျ ရောဂါတွေလည်း ဖြစ်လာနိုင်တာမှို့ အိပ်ရင်ဟောက်တတ်တယ်လို့ ပေါ့ပေါ့တန်တန် မတွေးစေလိုပါ။

ဘယ်လိုကုသမလဲ
အခုအခါ လေဆာတွေ မျက်မှာဖုံးစွတ်တွေနဲ့ ကုသတာတွေ ရှိလာပါပြီ။ ပျောက်သွားတယ်လို့ ပြောသူတွေလည်း ရှိပါတယ်။
ကျွန်တော်ကတော့ ဆရာဝန် မဟုတ်လို့ ဘယ်လို ကုသရင် ကောင်းမယ်ဆိုတာတော့ မပြောတတ်ပါဘူး။
ဒါပေမဲ့ တစ်ခုပဲ အသိပေးလိုပါတယ်။

ကျွန်တော်တို့ဟာ ခေတ်တွေပြောင်းလာသလို၊
အစားအသောက်တွေပြောင်းလာပြီး၊
သွားလာလှုပ်လျှားတာတွေ ပြောင်းလဲလာတာကိုတော့ ဂရုပြုပေးစေလိုပါတယ်။

ကောင်းတာတွေစား၊ ကိုယ်လက်လှုပ်လျှားမှူတွေ နည်းလာတော့ ဗိုက်ခေါက်ကြီးတွေ ထွက်လာလောက်အောင် ၀လာကြပါတယ်။
အဲ့သလို မ၀သေးကတင်က လည်ပင်းတွေ၊ အာခေါင်တွေမှာ အဆီတွေများလာလို့ ယခင်ကလောက် အသက်ရှူလမ်းကြောင်းတွေဟာ ပြည့်ပြည့်၀၀ အသက်ရှူခြင်းကို မလုပ်နိုင်တော့ပါဘူး။
အာခေါင်ထဲက အသားတွေ လှီးထုပ်ပစ်လည်း၊
အနေအထိုင် အစားအသောက် မဆင်ခြင်သရွေ့
ဒါမှမဟုတ်
ကိုယ်လက်လှုပ်လျှားမှူ့နည်းနေသ၍ ပြန်ပြီး ၀လာကြဦးမှာပါ။
မုန့်လုံးကို စက္ကူကပ်နေဦးမှာပါ။

ဒါကြောင့် အစားအသောက်ဆင်ခြင်ပြီး ကိုယ်လက်လုပ်လျှားခြင်းသည်သာ ရောဂါဝေဒနာမှ ကြိုတင်ကာကွယ်ခြင်းသာ ဖြစ်နိုင်လေမလားရယ်လို့…..

သုခ(သား)

No comments:

Post a Comment