Latest News

Thursday, December 28, 2017

စူပါမွန်းလပြည့် ၂ ခါကြုံမည့် ၂၀၁၈ ဇန်နဝါရီ


၂၀၁၈ ခုနှစ် ဇန်နဝါရီလမှာ ထူးခြားမယ့် ဖြစ်စဉ်များထဲက တစ်ခုကတော့ ပြာသိုလပြည့် နဲ့ တပို့တွဲလပြည့် တို့ဟာ တစ်လတည်းမှာ ကျရောက်နေပြီး ၂ ခုစလုံးဟာ စူပါမွန်း ဖြစ်မယ့် လပြည့်များ ဖြစ်ကြပါတယ်။ ဒီ့ထက်ပိုပြီး ထူးခြားတာကတော့ တပို့တွဲလပြည့်ညမှာ လအပြည့်ကြတ်ခြင်း ဖြစ်ပေါ်မှာဖြစ်ပြီး ကျနော်တို့ မြန်မာနိုင်ငံမှလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။
ပြာသိုလပြည့်နေ့ဟာ ပြက္ခဒိန်မှာ ဇန်နဝါရီ ၁ ရက်နေ့ ဆိုပေမယ့် တကယ်တန်းပြည့်မှာကတော့ ဇန်နဝါရီ ၂ ရက်နေ့ ည ဖြစ်ပါတယ်။ မေထုန်ရာသီ ကြယ်တာရာမှာ လပြည့်မှာဖြစ်ပြီး လရဲ့ လမ်းကြောင်းဟာ ကမ္ဘာနဲ့ ပိုမိုနီးကပ်တဲ့နေရာမှာ လပြည့်မှာဖြစ်လို့ စူပါမွန်းလို့ခေါ်တဲ့ လကို ပုံမှန်အရွယ်အစားအထက် ကြီးမားပြီး မြင်တွေ့ရမှာဖြစ်ပါတယ်။

ထို့အတူပဲ ဇန်နဝါရီ ၃၁ ရက်နေ့ည မှာ စူပါမွန်းဖြစ်စဉ်ဖြစ်ဦးမှာဖြစ်ပြီး လဟာ ကရကဋ်ရာသီ ကြယ်တာရာမှာ လပြည့်ဖြစ်နေမှာပါ။ လ တစ်လတည်းမှာ လပြည့်နှစ်ခုထပ်ရင် အဲ့ဒီ့ ဒုတိယလပြည့်ကို Blue Moon (အပြာရောင်လမင်း) လို့ ခေါ်ကြပါတယ်။ ဇန်နဝါရီလရဲ့ အပြာရောင်လမင်းကတော့ လကြတ်ခြင်းဖြစ်ပေါ်မှာဖြစ်ပြီး မြန်မာနိုင်ငံမှ ညဦးပိုင်း လ ထွက်ချိန်မှာ အစ အဆုံး မြင်တွေ့ရမှာ ဖြစ်ပါတယ်။
လကြတ်ခြင်းဟာ လပြည့်ညများမှာဖြစ်တတ်ပြီး .. နေကြတ်ခြင်းကတော့ လကွယ်ညများမှာသာ ဖြစ်တတ်ပါတယ်။ ၂၀၁၈ ဖေဖော်ဝါရီ ၁၅ ရက် တပို့တွဲလကွယ်နေ့မှာတော့ နေကြတ်ခြင်းဖြစ်စဉ် ဖြစ်ပေါ်ပြီး တောင်ပိုင်းသားတွေ (ကမ္ဘာ့တောင်ခြမ်းနေသူတွေ) မြင်တွေ့ရနိုင်မှာပဲ ဖြစ်ပါတော့တယ်။
==============
အနာဂတ်ပညာရေးအတွက်
သန့်ဦး
(အာကာသနှင့်စကြဝဠာ သင်ထောက်ကူ)


No comments:

Post a Comment