ကမ္ဘာ့သမိုင်းမှာ တတိယ ကမ္ဘာစစ် တကယ် ဖြစ် ခဲ့တယ် ဆိုတာကို လူတွေ သတိ မထား မိခဲ့ ကြပါဘူး။စစ်အေး ခေတ် ကြီး ဖြစ် နေချိန် ၁၉၇၂ ခုနှစ်က ဥရောပတိုက် အိုက်စ်လန် နိုင်ငံရဲ့ ရေကျာဗစ် မြို့တော် မှာ ဖြစ်ခဲ့တာပါ။
အမေရိကန် တွေဟာ ကွန်မြူနစ် တရုပ်ကို ကိုးရီးယား စစ်မြေပြင်မှာ ရှုံးခဲ့ပါတယ်။ ဗီယက်နမ်ကိုလဲ ရှုံးခဲ့တယ်။ကွန်မြူနစ် ရုရှား ကိုပါ ရှူံး ရမယ် ဆိုရင် တစ်သက်လုံး နာလန် မထူတော့ပါဘူး။
ရုရှား တွေ ကြီးစိုးထားတဲ့ Chess ကမ္ဘာကြီးထဲ ကို အမေရိကန် စစ်တုရင် ကစားသမား ဘော်ဘီ ဖစ်ရှာ ဝင်ရောက်လာပါပြီ။အမေရိကန် နဲ့ ရုရှား ထိပ်တိုက်အားပြိုင်နေချိန် မှာ ကမ္ဘာ့ချန်ပီယံလုပွဲ အတွက် စိမ်ခေါ်သူဘော်ဘီဖစ်ရှာ နဲ့ လက်ရှိ ချန်ပီယံ ဘောရစ်စပါးစကီး တို့ အိုက်စ်လန် နိုင်ငံ မှာ ယှဉ်ပြိုင် တော့မှာပါ။
ကမ္ဘာ့သမိုင်းမှာ လူ စိတ်ဝင်စားမှု အားအကောင်းဆုံး၊ လူကြည့်အများဆုံး Chess ပြိုင်ပွဲ ပါပဲ။အမေရိကန် သမ္မတ ရစ်ချတ် နစ်ကဆင် နဲ့ ရုရှား ဝန်ကြီးချုပ် ဘရက်ဇညက် တို့ တီဗီ ရှေ့ထိုင်ပြီး ကြည့် ခဲ့ ရတဲ့ အထိ ခမ်းနားခဲ့တာပါ။
ဘော်ဘီဖစ်ရှာ က ပထမပွဲ ကို သရေ ရ နေရက် နဲ့ အရှုံးပေးခဲ့တယ်။ဒုတိယပွဲ ကိုတော့ လာတောင် မကစား ပဲ တင်းနစ် သွားရိုက်ပြီး အရှုံးပေးလိုက်ပြန်တယ်။ ဒီမှာတင် တစ်ကမ္ဘာလုံး ပွက် လော ရိုက်ကုန်တာပေါ့။Chess ဆိုတာ တစ်ပွဲ လောက်ရှုံးတာ တောင် မနည်း နောက်က လိုက် ရတာမျိုး။ ခုတော့ တပွဲ ရှုံး တာမဟုတ်၊ လာ မကစားပဲ အရှုံးပေးလိုက်တာကိုး။
တတိယပွဲ ကျမှ ဘော်ဘီဖစ်ရှာရောက်လာတယ်။ စပါးစကီး လို ကမ္ဘာ့ချန်ပီယံ တစ်ယောက် မျက်စေ့လည်သွားအောင် ဘော် ဘီ ဖစ်ရှာ လုပ်လိုက်ပြန်ပါတယ်။
ပထမ ဆုံး ပွဲ မှာ ဖစ်ရှာ အနက် ရောင် အရုပ် နဲ့ ကစားရသလို၊ ခု တတိယ ပွဲ မှာလဲ အနက်ရောင် နဲ့ပါပဲ။ စစ်တုရင် ကစားနည်းအရ အနက် ရောင် ဆိုတာ ခံ စစ် ကို အသားပေးတာပါ။ ပထမပွဲ မှာ ဖစ်ရှာက နင်ဇိုအင်ဒီယန်း ကစားကွက် နဲ့ သရေ ကို ဦးတည် ကစားခဲ့ပါတယ်။ ခု တတိယ ပွဲ မှာတော့ သူ့တစ်သက် ဘယ်တုန်းကမှ မကစားဖူးခဲ့တဲ့ ဘင်နိုနီ ခံ စစ် နဲ့ ကစားပါတော့တယ်။ ချန်ပီယံ စပါးစကီး ဟာ ၄၂ ကွက် မြောက် မှာ အရှုံးပေးသွား ပါတော့တယ်။
ပြိုင်ပွဲ စည်းမျဉ်းအရ ၁၂ မှတ် ခွဲ ရရင် ဖစ်ရှာ နိုင်ပါပြီ။ရုရှား တွေ ၉၉ ရာခိုင်နှုန်း ကြီးစိုးထားတဲ့ စစ်တုရင် ကမ္ဘာကြီးကို အမေရိကန် နိုင်ငံသား ဘော်ဘီ ဖစ်ရှာ က ဖြိုခွဲ ပစ်လိုက်ပါတယ်။ အပြတ်အသတ် နိုင်ပြီး ချန်ပီယံ ဖြစ်သွားပါတယ်။
ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး The greatest လို့ နာမည်ပေးခံရတဲ့ ကစားသမား ၂ယောက်ပဲ ရှိပါတယ်။ လက်ဝှေ့ သမား မိုဟာမက် အလီ နဲ့ စစ်တုရင်သမား ဘော်ဘီ ဖစ်ရှာတို့ပါ။
ဖစ်ရှာ အကြောင်းကို ဒါရိုက်တာ အက်ဒွပ်ဇွင့်စ် က ရိုက်ကူးတင်ဆက်လိုက်တာပါ။Blood diamond လို၊Last samurai လို ရုပ်ရှင်မျိုးတွေ ရိုက်ခဲ့သူက chess လို ထိုင်ရာမထ တဲ့ ကစားနည်းမျိုး ကို စိတ်ဝင်စားအောင် စိတ် လှုပ်ရှားအောင် ရိုက်သွားပုံကိုတော့ မချီးကျူးပဲ မနေနိုင်ပါဘူး။ အင်မတန်ကောင်းတဲ့ ဇာတ်ညွှန်း ပညာ ရဲ့ အချိတ်အဆက်ကိုတွေ့ရပါမယ်။
ဘော် ဘီ ဖစ်ရှာ အရူးထ တတ်တာကို၊အိမိဖြူတော်ရယ် BBC ရယ် နဲ့ ချိတ်ပြီး ရေးပြသွားတဲ့ဇာတ်ညွှန်းကြောင့် အဲဒီဇာတ်ဝင်ခန်းတွေ ဟာ ရယ်စရာ ပျော်စရာ မြိုင်ဆိုင်သွားခဲ့တာပေါ့။
Spider man အဖြစ် သရုပ်ဆောင်ခဲ့တဲ့ တိုဘီ မက်ဂွဲ ကို ဘော် ဘီ ဖစ်ရှာ အဖြစ် အငြိမ် ဇာတ်ရုပ် ကို သရုပ်ဆောင် စေတာဟာလဲ ဒါရိုက်တာ ရဲ့ ပညာ တစ်ရပ်ပါပဲ။
ရုပ်ရှင် နာမည် ကိုက စတေးခံ နယ်ရုပ်ကလေးပါ။Chess ဆိုတာ စစ် မြေ ပြင် လို့ဆိုဆို၊ လူ့ဘဝ လို့ ပြောပြော၊ စတေးခံ ရမဲ့ နယ်ရုပ် မပါပဲ အောင်ပွဲ မရနိုင်ပါဘူး။အောင်ပွဲ အတွက် ကိုယ့်ကိုယ်ကို စတေးရဲ ပြီလား လို့ ဒီဇာတ်ကားကမေးလိုက်ပါပြီ။ Chess ဆိုတာ လောက ရဲ့ သစ္စာတရားလို့ ဘော်ဘီ ဖစ်ရှာ ကခံယူခဲ့သူပါ။
ဒါပေမဲ့ သူဟာ အမေရိကန် ပြည်ပြေး တစ်ယောက်ဖြစ်ခဲ့ ရသလို ဘဏ် ဓါးပြမှု အတွက် သံသယ ဝင်ခံ ခဲ့ ရသူလဲ ဖြစ်ပြန်ပါတယ်။ ဂျပန် နိုင်ငံ မှာ ပုန်းအောင်းနေခဲ့ ရသလို အိုက်စ်လန် နိုင်ငံ မှာခိုလှုံခွင့်တောင်းခံ ခဲ့သူပါ။
သစ္စာတရား ကို စစ်တုရင်ကစားရင်း ရှာခဲ့တဲ့ ဘော်ဘီ ဖစ်ရှာကတော့ ၂၀၀၈ခုနစ် ကကွယ် လွန် ခဲ့ပါပြီ။
ခု ထက်ထိ ကမ္ဘာ့ စစ်တုရင် မှာ နယ်ရုပ်ကလေးတွေ ခမျာ စတေးခံ နေရ ရှာဆဲ ပါ။
ဇာဂနာ
Thursday, December 21, 2017
Pawn Sacrifice
Reviewed by timeayeyar
on
11:06 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment