Latest News

Wednesday, December 20, 2017

အာရှတိုက်ရှိ ဂျာနယ်လစ်များအား ရည်ရွယ်ချီးမြှင့်သည့် Kate Webb ဆု မြန်မာနိုင်ငံမှ သတင်းထောက် ကိုမြတ်ကျော်သူ ရရှိ

အာရှတိုက်ရှိ ဂျာနယ်လစ်များအား ရည်ရွယ်ချီးမြှင့်သည့် Kate Webb  ဆု မြန်မာနိုင်ငံမှ သတင်းထောက် ကိုမြတ်ကျော်သူ ရရှိ

ရန်ကုန် ဒီဇင်ဘာ ၁၉

အာရှတိုက်ရှိ   ဂျာနယ်လစ်များအတွက်   ရည်ရွယ် ချီးမြှင့်သော Kate Webb  ဆုကို မြန်မာနိုင်ငံမှ အကြီးတန်း သတင်းထောက် ကိုမြတ်ကျော်သူ ရရှိကြောင်း ဒီဇင်ဘာ  ၁၈ ရက်တွင် AFP သတင်းဌာနက ကြေညာခဲ့သည်။ ကိုမြတ်ကျော်သူသည်Frontier  Myanmar  သတင်း ဌာနတွင် အကြီးတန်းသတင်းထောက်အဖြစ် စစ်ပွဲသတင်း နှင့် ပဋိပက္ခ သတင်းများကို ကိုယ်တိုင်သွားရောက်ရေးသား နေသူဖြစ်သည်။

ကိုမြတ်ကျော်သူက ''ဒီဆုကို ရဖို့အတွက် အထူးသဖြင့် အာရှတစ်ခုလုံးမှာရှိတဲ့  သတင်းထောက်တွေ ဝင်ပြိုင် ကြပါတယ်၊ စစ်ပွဲတွေ၊ ပဋိပက္ခတွေထဲမှာ ရှေ့တန်းကို  ရောက်ပြီးရေးခဲ့တဲ့ သတင်းတွေကို အဓိက ဦးစားပေး ရွေးချယ်တာပါ၊ ကျွန်တော် ရေးခဲ့တာက ၂ဝ၁၆ ခုနှစ်မှာ မောင်တောက ရဲစခန်းသုံးခုကို ဝင်တိုက်ခံရတဲ့အကြောင်း ရေးတယ်၊ ကျွန်တော်က အဲဒီကို ပထမဆုံး ရောက်ခဲ့တယ်၊  နောက် ပဲခူး၊ ဝေါ-သူရဲသူမိန် နောက် မူဆယ်၊ ရှမ်းမြောက် မှာ ဖြစ်ခဲ့တဲ့ မုံးကိုးတိုက်ပွဲမှာ ကျွန်တော်သွားခဲ့တဲ့ ခရီးလမ်း တစ်လျှောက် ကြုံခဲ့တာတွေ ရေးတယ်၊ လိုလိုချင်ချင်နဲ့  ကိုယ်တိုင်ထဲထဲဝင်ဝင် လိုက်ပြီး လုပ်ခဲ့ရတဲ့ သတင်းတွေ နဲ့ ဒီဆုကို  ရတာဆိုတော့  ကျွန်တော့်အတွက်ကတော့ အတိုင်းမသိ ဝမ်းသာရတာပေါ့''ဟု Kate Webb  ဆု ရရှိမှုနှင့်ပတ်သက်၍ ဖြေကြားသည်။

နယူးဇီလန်နိုင်ငံတွင် မွေးဖွားသည့်Kate Webb သည် အာရှ-ပစိဖိတ်ဒေသအတွင်းရှိ စစ်ပွဲသတင်းများနှင့် အခြားသမိုင်းဝင် အဖြစ်အပျက်များစွာကို နှစ်ပေါင်းများ  စွာ သတင်းရယူခဲ့သည့် သြစတြေးလျ ဝါရင့်ဂျာနယ်လစ် တစ်ဦးဖြစ်သည်။ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ထိုင်း၊  ဖိလစ်ပိုင်  အစရှိသည့်  အာရှဒေသနိုင်ငံများ အပါအဝင် အရှေ့အလယ်ပိုင်းဒေသများတွင်လည်း သတင်း ရယူခဲ့ပြီး အကြင်နာနှင့် ကရုဏာတရားကြီးမားမှုတို့ကြောင့် Kate သည် အာရှ၏ အတုယူဖွယ်ဂျာနယ်လစ် တစ်ဦး အဖြစ် သတ်မှတ်ခံထားရသူဖြစ်သည်။ Kate Webb  သည်  အသက် ၆၄ နှစ်အရွယ် ၂ဝဝ၇ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။  အာရှတိုက်ရှိ   ဂျာနယ်လစ်များအတွက်   ရည်ရွယ်ပြီး ကွယ်လွန်သွားသော နယူးဇီလန်နိုင်ငံသူ Kate Webb  ကို အစွဲပြု၍ AFP  သတင်းဌာနသည် ၂ဝဝ၈ ခုနှစ်မှ စတင်ပြီးKate Webb  ဆုကို ချီးမြှင့်ပေးခဲ့သည်။

ကိုမြတ်ကျော်သူ Kate Webb   ဆုရရှိမှုအပေါ်Frontier   Myanmar    (နေပြည်တော်တာဝန်ခံ) ကိုဥာဏ်လှိုင်လင်းက ''မရတ်(မြတ်ကျော်သူ)က ၂ဝ၁၆ ခုနှစ် မှာ မောင်တောပဋိပက္ခ၊ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့တဲ့ သူတွေ၊ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး  ရှမ်းပြည်နယ်(မြောက်ပိုင်း)က တိုက်ပွဲတွေ အကြောင်းတွေ လည်း သွားရေးတယ်၊ ဒါကြောင့် ရတယ်လို့ ဆုရွေးချယ်ရေး အဖွဲ့က ညွှန်းပါတယ်၊ သူက ဂျာနယ်လစ်တစ်ယောက်မှာ  ရှိသင့်ရှိထိုက်တဲ့  လက္ခဏာတွေ  ရှိတယ်လို့  ကျွန်တော် ယုံတယ်၊ သူက တစ်ခုခုဖြစ်ပြီဆို ထဲထဲဝင်ဝင် သိချင်တယ်၊  အားထုတ်တယ်၊ လုပ်ဖော်ကိုင်ဖက် တစ်ယောက်အနေ နဲ့ သူဟာ သတင်းထောက်ကောင်းဖြစ်တယ်လို့ ကျွန်တော် ယုံကြည်တယ်၊ ၂ဝ၁၄ လောက်မှာ သူနဲ့ လုပ်ဖော်ကိုင်ဖက်  သတင်းသမားတွေအဖြစ် ဆုံခဲ့တာပါ''ဟု ပြောသည်။

ကိုမြတ်ကျော်သူသည် Kate Webbဆုကို မြန်မာနိုင်ငံ တွင် ပထမဦးဆုံးရရှိသည့် သတင်းထောက်တစ်ဦးဖြစ်ပြီး  မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခနှင့် လူ့အသိုင်း အဝိုင်းကြား တိုက်ခိုက်မှုများကို ဖော်ထုတ်ရေးသားခဲ့သည့် အတွက် ဆုရွေးချယ်ရေးကော်မတီက အသိအမှတ်ပြု ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ AFP  သတင်းဌာနသည် အာရှ သတင်းထောက်များအတွက် Kate Webbဆုကို နှစ်စဉ် ချီးမြှင့်လျက်ရှိသည်။

Kate Webb ဆု ရရှိခဲ့သောFrontier Myanmar  မှ အကြီးတန်းသတင်းထောက် ကိုမြတ်ကျော်သူက ''၂ဝ၁၆  ခုနှစ်မှာ ကျွန်တော်သတင်းလိုက်ပြီး ရေးသားခဲ့တဲ့ အထူး သဖြင့် စစ်ပွဲတွေ၊ အဓိကရုဏ်းတွေနဲ့ ဆိုင်တဲ့သတင်းတွေ ကို ကြည့်ပြီးပေးတာပါ၊ ကျွန်တော် ရေးခဲ့တာက ၂ဝ၁၆  မောင်တောမှာရှိတဲ့  ရဲစခန်း သုံးခုကို  ဝင်တိုက်ခံရတဲ့ အကြောင်း ရေးတယ်၊ ပဲခူး၊ ဝေါ-သူရဲသူမိန်မှာ ဖြစ်ခဲ့တဲ့ ကိစ္စ၊ နောက် မူဆယ် ရှမ်းမြောက်မှာ ဖြစ်ခဲ့တဲ့ မုံးကိုး  တိုက်ပွဲမှာ ကျွန်တော်သွားခဲ့တဲ့ ခရီးလမ်းတစ်လျှောက် ကြုံခဲ့တာတွေ ရေးတယ်၊ စစ်ပွဲတွေ၊ ပဋိပက္ခတွေထဲမှာ  ရှေ့တန်းကို ရောက်ပြီး ရေးခဲ့တဲ့ သတင်းတွေကို အဓိက ဦးစားပေးပို့ခဲ့တာပါ။

''ဒီဆုကို ရဖို့အတွက် အထူးသဖြင့် အာရှတစ်ခုလုံး မှာရှိတဲ့ သတင်းထောက်တွေ ဝင်ပြိုင်ကြပါတယ်၊ စစ်ပွဲနဲ့  အဓိကရုဏ်းသတင်းတွေရေးတဲ့  သတင်းထောက်တွေ များတာပေါ့၊ အဓိကထား ရွေးချယ်တာလည်း အဲဒီလို  သတင်းတွေ ရယူရေးသားခဲ့တဲ့ သူတွေကိုပါ။

''ဒီဆုအတွက်  စာမူသတ်မှတ်တာက  လေးခုပါ၊ ကျွန်တော်က သူတို့ထည့် စဉ်းစားလို့ရအောင် ငါးခု ပို့ခဲ့ တယ်၊ ခံစားချက်ကတော့ သတင်းထောက်တစ်ယောက် သတင်းအလုပ်လုပ်တယ်၊ နောက် ကျွန်တော်ကိုယ်တိုင် လည်း  တကယ်ဖြစ်နေတဲ့ နေရာတွေကို ကိုယ်တိုင်သွားပြီး သတင်းတွေ ရေးချင်တယ်၊ လိုလိုချင်ချင်နဲ့ ကိုယ်တိုင် ထဲထဲဝင်ဝင် လိုက်ပြီး လုပ်ခဲ့ရတဲ့ သတင်းတွေနဲ့ ဒီဆုကို ရတာဆိုတော့ ကျွန်တော့်အတွက်ကတော့ အတိုင်းမသိ ဝမ်းသာရပါတယ်။

''သတင်းလောကထဲ ဝင်လာမယ့်သူတွေ၊ ရှိနေတဲ့သူ တွေအတွက်တော့ မဟုတ်ပါဘူး၊ ကျွန်တော်တို့ သတင်းထောက် တွေ  အကုန်လုံး  ဘာသာ၊ လူမျိုးဆိုပြီး အစွဲမထားဘဲ ဂျာနယ်လစ်ဇင်ကိုသာ  စိတ်ထဲမှာ  စွဲပြီးလုပ်မယ်ဆိုရင် တော့ ကျွန်တော်တို့ ရေးသမျှသတင်းတိုင်းက ညီမျှနေမယ် ဆိုတာကို ကျွန်တော်ကိုယ်တိုင်လည်း ယုံကြည်တယ်၊ ကျွန်တော့်ကို ဒီဂျာနယ်လစ်ဇင် အတတ်ပညာ သင်ပေးခဲ့ တဲ့ ဆရာဦးရဲနိုင်မိုးတို့ ပြောသလိုပါပဲ၊ သတင်းကသာ  ဆုံးဖြတ်ပေးတာပါ၊ ကျွန်တော်တို့ စိတ်ထဲမှာ ရှိနေတဲ့  ဘာသာရေး၊ လူမျိုးရေးတွေက တကယ့်သတင်းဆိုတာနဲ့  ယှဉ်လိုက်ရင် ဘာမှ မဟုတ်တော့ဘူး၊  သတင်းရေးတဲ့ နေရာမှာ အစွဲတွေ ဖြုတ်ပြီးတော့ ရေးကြမယ်၊ ဖော်ပြနိုင် မယ်ဆို အကောင်းဆုံးပါပဲ။

''အဓိကကတော့ဗျာ၊ မီးလောင်၊ ရေကြီး၊ သူပုန်စီး ဆိုတဲ့ အဆိုတောင်ရှိတယ်၊ မီးလောင်တာရော၊ ရေကြီး တာရော၊ သူပုန်စီးတာရော မကောင်းဘူး၊ ဒါပေမယ့် သတင်း  အလုပ်ဆိုတာကလည်း အဆင်မပြေတဲ့ ကိစ္စတွေ၊ လူထု အတွက် ခံစားနေရတာတွေ၊ အောက်ခြေက အဖြစ်အပျက် တွေ၊ နောက် အပေါ်က ပြည်ထောင်စုအဆင့်၊ နိုင်ငံတော် အဆင့်အထိ အဆင်မပြေတာတွေ ရေးသားတင်ပြနေ ရတာ၊ ဘယ်သတင်းထောက်ကမှ ကိုယ့်နိုင်ငံမှာ ဖြစ်နေတဲ့  စစ်ပွဲတွေ၊  အဓိကရုဏ်းတွေ မမြင်ချင်ဘူး၊ မတွေ့ချင် ကြဘူး၊ ဒါပေမယ့် ဒီဟာတွေဖြစ်နေတော့ ရေးနေကြရတယ်၊ သတင်းထောက်မှ မဟုတ်ဘဲ ဘယ်သူမဆို ဒီလိုအရာတွေ အဖြစ်အပျက်တွေကို မမြင်ချင်ကြပါဘူး။

''၂ဝ၁ဝ ခုနှစ်မှာ ကျွန်တော်တို့ ယူနတီဂျာနယ် စလုပ် ကြတယ်၊ ကျွန်တော်က သတင်းထောက်တစ်ယောက်အနေ နဲ့ စတင်တယ်၊ အဲဒီမှာ အယ်ဒီတာချုပ်က ကိုဖြိုးဝေလင်း  ပေါ့၊ အစ်ကို ဆရာပါပဲ၊ နောက် ဆရာဦးရဲနိုင်မိုးဆီက  ဂျာနယ်လစ်ဇင်နဲ့ပတ်သက်တဲ့ အတတ်ပညာတွေ ပထမဆုံး  သင်ကြားခဲ့ရပြီး   ကျွန်တော်   သတင်းအတတ်ပညာတွေ စရပါတယ်၊ နောက် ကျွန်တော်  မဇ္ဈိမမှာ သုံးနှစ်ခွဲလောက် လုပ်တယ်၊ အယ်ဒီတာရာထူးအထိ ရခဲ့ပါတယ်၊ အဲဒီကနေ ၂ဝ၁၅ ခုနှစ်စမှာ   မြန်မာတိုင်းမ်မှာ  အလုပ်ဝင်တယ်၊ အဲဒီမှာ ခြောက်လလောက်လုပ်ပြီး  ကျွန်တော်Frontier မှာ    ယနေ့အထိ  အကြီးတန်းသတင်းထောက်အဖြစ်  လုပ်နေပါတယ်''ဟု  မြန်မာ့သတင်းစဉ်မှ   မေးမြန်းမှုများကို   စိတ်ရှည်လက်ရှည် ဖြေကြားပေးခဲ့သည်။              

မေး၊ ရေး-ရဲခေါင်ညွန့်၊
ဓာတ်ပုံ-AFP သတင်းဌာန

No comments:

Post a Comment