Latest News

Thursday, December 14, 2017

ပြည်သူလူထုကို ကောင်းမွန်သည့် ဝန်ဆောင်မှုများ ပေးနိုင်မှသာ လျှပ်စစ်ဓာတ်အားခများ ပြောင်းလဲ ကောက်ခံမည်

ပြည်သူလူထုကို ကောင်းမွန်သည့် ဝန်ဆောင်မှုများ ပေးနိုင်မှသာ လျှပ်စစ်ဓာတ်အားခများ ပြောင်းလဲ ကောက်ခံမည်

နေပြည်တော်  ဒီဇင်ဘာ  ၁၄

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် လက်ရှိကောက်ခံနေသည့်   လျှပ်စစ်ဓာတ်အားခ နှုန်းထားများကို  ပြောင်းလဲကောက်ခံရန်အတွက်  စီစဉ်ဆောင်ရွက်လျက် ရှိသော်လည်း ပြည်သူလူထုအပေါ် ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများ ပေးနိုင်မှသာ  ဓာတ်အားခ နှုန်းထားများကို   ပြောင်းလဲပြင်ဆင် ကောက်ခံသွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ   ဒုတိယအမြဲတမ်း အတွင်းဝန် ဦးဌေးအောင်က ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန ရုံး၌ လစဉ်ကျင်းပသော သတင်းထုတ်ပြန်သည့် အခမ်းအနားတွင် ပြောသည်။

လက်ရှိမြန်မာနိုင်ငံတွင် ဖြန့်ဖြူးပေးနေသည့် လျှပ်စစ်ဓာတ်အားခများ အနေဖြင့် အရှုံးဖြင့်သာ ဖြန့်ဖြူးပေးနေရသဖြင့် လျှပ်စစ်ဓာတ်အားနှုန်းထားသစ် တစ်ခုကို ပြောင်းလဲကောက်ခံ သွားမည်ဖြစ်ရာ ထိုသို့ပြောင်းလဲကောက်ခံမည့် နှုန်းထားကို လက်ရှိတွင် အတိအကျပြောနိုင်ခြင်း မရှိသေးဘဲ ယင်းပြောင်းလဲ ကောက်ခံမည့်နှုန်းထားကိုလည်း ပြည်သူလူထုအပေါ် လက်ရှိအခြေအနေထက် ပိုမိုကောင်းမွန်သာလွန်သည့် ဝန်ဆောင်မှုမျိုး ပေးနိုင်မှသာ အဆင်ပြေမည်ဖြစ်၍ ဝန်ဆောင်မှု လုပ်ငန်းများကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်ရန် ဦးစားပေး လုပ်ဆောင်လျက် ရှိကြောင်းနှင့် ဓာတ်အားခပြောင်းလဲ ကောက်ခံရေးသည် အချိန်အားဖြင့် ကြာမြင့်ဦးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး၌ ဝန်ဆောင်မှု ကောင်းမွန်စေရေးအတွက် မီတာဘောက်များ အသစ်လဲလှယ် တပ်ဆင်ခြင်း၊ မီးကြိုးအသစ် လဲလှယ်ခြင်းနှင့် ထရန်စဖော်မာအသစ် လဲလှယ်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး ကျန်တိုင်းဒေသကြီးများနှင့် ပြည်နယ်တို့တွင်လည်း ပြည်သူလူထုအပေါ် ကောင်းမွန်သည့် ဝန်ဆောင်မှုများ ပေးနိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ် သည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ လက်ရှိကောက်ခံလျက်ရှိသည့် မီတာခနှုန်းထားများမှာ တစ်ယူနစ်လျှင် ၃၅ ကျပ်ဖြစ်ပြီး ယူနစ် ၁ဝ၁ မှ ၂ဝဝ အထိအသုံးပြုပါက တစ်ယူနစ် ၄ဝ ကျပ်၊ ယူနစ် ၂ဝ၁ နှင့်အထက်အသုံးပြုပါက တစ်ယူနစ် ၅ဝ ကျပ်နှုန်းကောက်ခံလျက်ရှိကြောင်း လုပ်ငန်းမီတာများ အနေဖြင့် တစ်ယူနစ် ၇၅ ကျပ်နှုန်း ကောက်ခံလျက်ရှိရာ ယင်းသို့ကောက်ခံရာတွင် နိုင်ငံတော်မှ တစ်နှစ်လျှင် ၃၃၃ ဘီလီယံခန့် အရှုံးပေါ်လျက်ရှိကြောင်း သိရသည်။

အဆိုပါဝန်ကြီးဌာန အနေဖြင့် တစ်နိုင်ငံလုံး မီးလင်းရေး ဆောင်ရွက်ပေးနိုင်မှုမှာ လက်ရှိတွင် ကျေးရွာများ မီးရရှိမှုမှာ ၃၇ ရာခိုင်နှုန်းဖြစ်ပြီး ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်အထိ မီးလင်းပြီး   အိမ်ထောင်စု အရေအတွက်မှာ ၄ဝ၇၉၂၅၈  စုရှိပြီး ၂ဝ၁၇ ခုနှစ် မေလအထိ ဓာတ်အားရရှိသည့် အိမ်ထောင်စုပေါင်း ၅၁၆၅၁၄၅ စုရှိကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၃၈ ရာခိုင်နှုန်းမီးလင်းနေပြီဖြစ်ကြောင်း ယနေ့ထုတ် မြဝတီ သတင်းစာတွင်ရေးသားဖော်ပြပါရှိသည်။

No comments:

Post a Comment