Latest News

Saturday, December 9, 2017

၂၀၁၇ခုနှစ်အတွင်း မုဒိမ်းမှု ဖြစ်ပွားမှုစာရင်းမှာ ရန်ကုန်တိုင်းဒေသကြီးက ထိပ်ဆုံးက ပါဝင်

၂၀၁၇ခုနှစ်အတွင်း မုဒိမ်းမှု ဖြစ်ပွားမှုစာရင်းမှာ ရန်ကုန်တိုင်းဒေသကြီးက ထိပ်ဆုံးက ပါဝင်


ဒီဇင်ဘာ ၉

၂၀၁၇ ခုနှစ် တစ်နှစ်ပတ်လုံးအတွင်းတွင် ဖြစ်ပွားခဲ့သော မုဒိမ်းမှု ၇၅၃ မှုအနက် ရန်ကုန်တိုင်းဒေသကြီးမှ ပထမရရှိခဲ့ပြီး ဧရာဝတီတိုင်းမှ ဒုတိယ ရရှိကာ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် တနင်္သာရီတိုင်းတို့မှ ပူးတွဲတတိယ ရရှိကြောင်း သိရသည် ။

ယခုနှစ်အတွင်း ဖြစ်ပွားခဲ့သော မုဒိမ်းမှုများထဲတွင် အသက် ၂ နှစ်မှ ၅ နှစ်အတွင်းတွင် ၂၄ မှု အသက် ၆ နှစ်မှ ၁၀ နှစ်အတွင်းတွင် ၇၉ မှု အသက် ၁၁နှစ် မှ ၁၃နှစ်အတွင်းတွင်၂၂၁ မှု အသက် ၁၄နှစ်မှ ၁၆နှစ်အတွင်းတွင် ၄၂၉ မှုထိရှိခဲ့ပြီး စုစုပေါင်း ၇၅၃ မှုထိ ဖြစ်ပွားခဲ့သည် ။

"မုဒိမ်းမူတွေက လျော့မသွားဘူး မနှစ်ကထက်ပိုတိုးလာတယ် လူငယ်တွေက ဟန်းဖုန်းတွေသုံးပြီးတော့မှ အဓိကအားဖြင့် ဖုန်းထဲက ဗဟုသုတရတဲ့ဟာကို မရှာဘဲနဲ့ မဟုတ်တာတွေ လျှောက်ကြည့်တဲ့အခါမှာ လူတွေရဲ့ စိတ်တွေက ပြောင်းလဲလာတယ်။ ပြောင်းလဲလာတဲ့အခါမှာ သူတို့ရဲ့ အာသာကို ဖြေဖို့အတွက် သူတို့ရဲ့ သားကောင်ကို ရှာတဲ့အခါကျတော့ အလွယ်တကူဖြစ်မယ့် အသက်အရွယ် ငယ်ရွယ်တဲ့ ကလေးတွေ၊ နားမလည်တဲ့ ကလေးတွေ၊ စိတ်မမှန်တဲ့ အမျိုးသမီးတွေ၊ တောရွာတွေမှာဆိုလို့ရှိရင် ဥယျာဉ်ခြံထဲမှာ တစ်ယောက်တည်း ကျန်ခဲ့တာတို့၊ အိမ်မှာတစ်ယောက်တည်း ရှိတာတို့ ဒီလိုမျိုးတွေပေါ့ "ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးလှဝေက ပြောသည်။

သက်ငယ်မုဒိမ်းမှု မဖြစ်ပွားစေရန် မိဘများအနေဖြင့် ကလေးငယ်များအား နေအိမ်မှ ဝေးရာသို့ စေခိုင်းခြင်း၊ ညအချိန်များတွင် တစ်ဦးတည်း စေလွှတ်ခြင်းများ မပြုလုပ်ရန်နှင့် မူးယစ်ဆေးဝါး/ အရက်သေစာ သောက်စားထားသူများအနီးတွင် မထားရှိရန် လိုအပ်သည့်အပြင် မိမိကလေးငယ်အား အခြားသူများနှင့် ထားခဲ့ခြင်း၊ အခြားနေရာသို့ ထည့်ပေးလိုက်ခြင်းများ မပြုလုပ်ရန်လိုသည် ။

သက်ငယ်မုဒိမ်း ကျူးလွန်သူများကို အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ တစ်သက် တစ်ကျွန်းအထိ ပြစ်ဒဏ်ချမှတ်နိုင်ရန် ဥပဒေပြင်ဆင်နေသော်လည်း ယခုအချိန်ထိ အကျုံးဝင်ချင်း မရှိသေးပေ။

မုဒိမ်းမှု လျော့နည်းပပျောက်ရေးအတွက် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကျောင်းများသို့ လိုက်လံပြီး အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ပေးခြင်းတို့ လုပ်ဆောင့်သင့်ကြောင်း၊ ဖုန်းနှင့် အင်တာနက်လိုင်းများကြောင့် အဖြစ်များခြင်းကို အတည်မယူသင့်ဘဲ သေချာသည့် စစ်တမ်းများ ကောက်ယူထားသင့်သည် ။

“သက်ငယ်မုဒိမ်းမှုတွေကို နည်းလမ်းတစ်ခုတည်းနဲ့တော့ ဖြေရှင်းလို့ရမှာမဟုတ်ဘူး။ ဖြစ်ပွားရခြင်း အကြောင်းအရင်းတွေ အများကြီးရှိတယ် အဲဒါကြောင့် ဘက်ပေါင်းစုံက လုပ်ရမယ်။ အရေးကြီးတာကတော့ ကျူးလွန်တဲ့ ရာဇဝတ်သားတွေကို တကယ့်ကို ထိုက်သင့်တဲ့ ပြစ်ဒဏ်၊ မှတ်လောက်သားလောက်အောင် ပြစ်ဒဏ်ပေးမှဖြစ်မယ်။ ပြစ်ဒဏ်ကို ပြင်းပြင်းထန်ထန်ပေးသင့်ပါတယ်” ဟု သာမန်ပြည်သူတစ်ဦး မဝေေ၀လွင် က သူ့အမြင်ကို MDN ကို ပြောသည် ။

မုဒိမ်းမှု၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ရာဇသတ်ကြီးပုဒ်မ ၃၇၅ ၏ ပဉ္စမအပိုဒ် အဓိပ္ပာယ်ဖော်ပြချက်တွင် အသက် (၁၄)နှစ် အောက် မိန်းကလေးအား အလိုတူသည်ဖြစ်စေ၊ အလိုမတူသည် ဖြစ်စေ ကာမစပ်ယှက်ပါက မုဒိမ်း မှုမြောက်ကြောင်း ဖော်ပြထားသော်လည်း ၂၀၁၆ ဇန်န၀ါရီ ၇ ရက်တွင် ပြည်ထောင်စုလွှတ် တော် ဥပဒေအမှတ်(၆) ဖြင့် ယင်း အပိုဒ်ပါ အသက် (၁၄)နှစ် အောက်စကားရပ်အစား အသက် (၁၆)နှစ်အောက် စကားရပ်ဖြင့် အစားထိုးပြင်ဆင် ပြဋ္ဌာန်းခဲ့ကြောင်း၊ ယင်းသို့ ပြင်ဆင်ပြဋ္ဌာန်း လိုက်၍ အသက် (၁၆) နှစ် အောက်ရှိ မိန်းကလေးငယ်များ ချစ်သူ၊ ရည်းစားများနှင့် ခိုးရာ လိုက်ပြေးခဲ့မှုများကို ယခင်က ရာ ဇသတ်ကြီးပုဒ်မ ၃၆၃ ဖြင့် အမှုဖွင့်အရေးယူခဲ့သော်လည်း ယခု ဥပဒေပြင်ဆင်သတ်မှတ်သည့်နေ့မှစ၍ အဆိုပါအမှုများကို ရာ ဇသတ်ကြီး ပုဒ်မ ၃၇၆/၃၆၃ ဖြင့် အမှုရေးဖွင့်ရ၍ အရေအတွက် တိုးလာခြင်းဖြစ်ကြောင်း ဖော်ပြထားသည် ။

၂၀၁၆ ခုနှစ်တွင် ဖြစ်ပွားခဲ့သော မုဒိမ်းမှုပေါင်း ၆၇၁ မှုထိ ရှိခဲ့ပြီး ယခုနှစ်အတွင်းတွင် ၁၀၀ကျော် တိုးပွားလာကြောင်းတွေ့ရသည် ။

Credit to
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews

No comments:

Post a Comment