Latest News

Wednesday, December 20, 2017

တောအလယ် မောတယ်

တောအလယ်   မောတယ်

ကျွန်တော်နေထိုင်သော မန္တလေးအောင်ပင်လယ်ကန် ပေါင်ရိုးအနီး လယ်တောအိမ်ကလေး၏ အရှေ့ဘက်ခြမ်း မှာက ခြံဝင်းကွက်များနှင့်အတူ သရက်ကုန်း ဘုန်းတော် ကြီးကျောင်းဝင်းနှင့် အောင်ပင်လယ်တောတွေ ရှိသည်။ တောင်ဘက်မှာက ခပ်စိပ်စိပ်လူနေအိမ်ဝင်းများ။ မြောက် ဘက်မှာ သပြေခြံတွေ၊ သစ်ခွခြံတွေရှိသည်။ အနောက် ဘက်မှာက ဧကကွက် အကျယ်အဝန်းရှိသည့် တောရိုင်း ခြံကြီး တစ်ခြံရှိသည်။ သည်ခြံကြီးထဲမှာ ငါးကန်တွေလည်း ရှိ၏။ သရက်ပင်တွေလည်း ရှိ၏။သပြေပင်တွေလည်း ရှိ၏။  လွန်ခဲ့သော ဆယ်စုနှစ်ကျော် သည်နေရာလေးသို့ ကျွန်တော်တို့ ရောက်စအချိန်တွင် အိမ်ကလေး၏ အရှေ့ ဘက်မှာ၊ တောင်ဘက်မှာတွေက အခုလို ဝင်းတွေခြံတွေ မရှိသေး။ ပိတ်စွယ်ရိုင်းပင်တွေ တောထနေသည့် ကွင်း ပြင်ကြီးပဲ ဖြစ်သည်။ အိမ့်တောင်ဘက် ခေါင်းရင်းမှာလည်း ရေအိုင်တစ်အိုင်ရှိသည်။ ကြည်လင်သောရေမှာ ကြာပန်း တွေလည်း ပွင့်နေ၏။ ညနေစောင်းလျှင်ဖြင့် အနောက် ဘက် ရေကန်ကြီးတွေရှိသည့် ခြံကြီးထဲသို့ဗျိုင်းအုပ်တွေ အိပ်တန်းလာတက်သည်။ ညနေမှာအုပ်လိုက် အိပ်တန်း တက်ကြသည်။              

မင်းရှင်စော၏ အောင်ပင်လယ်

အဲလို ခြံကြီးတွေထဲမှာသာ မဟုတ်။ ခေါင်းရင်းက ရေအိုင်ကလေးမှာလည်း ရေကြက်တစ်အုပ် ရေသောက် ဆင်းကြ၊ ရေချိုးကြသည်။ ထိုနေရာလေးမှာ မနက်လင်း လျှင် နေ့စဉ်မပြတ် ကြားနေရတာက ချိုးကူသံလေးပဲဖြစ်ပါ ၏။ အောင်ပင်လယ် လမိုင်းလယ်များ၏ အမွေအနှစ် နေရာမို့ လယ်တောဘဝက လယ်ကောဖြစ်ခဲ့သော်လည်း သစ်ရိပ်ဝါးရိပ် ရေရိပ်တွေကြောင့် ကျေးငှက်သာရကာ တို့၏ ပျော်ရွှင်မြူးထူး ကျက်စားရာနေရာဖြစ်သည်။ ယခု ကဲ့သို့ ကျေးငှက်သာရကာတို့ မြူးထူးပျော်ရွှင်သောနေရာ ဖြစ်ခဲ့ခြင်းမှာလည်း ကနဦးအစကတည်းက အစဉ်အလာ ရှိခဲ့သည်။ပုဂံခေတ် ၅၁၃ ခုနှစ်ကတည်းက ဆိုပါတော့။ သည်နေရာသို့     ပုဂံပြည်မှ   မင်းရှင်စောရောက်ရှိခဲ့
၏။

ဖခမည်းတော် ''သီရိတြိဘာဝနာဒိတျာပဝရပဏ္ဍိတ သုဓမ္ဓရာဇာ''ဘွဲ့ခံ အလောင်းစည်သူမင်းကြီး၏ အမျက် တော်ရှမှုကြောင့် ပုဂံပြည်မှ ''ပြည်နှင်''ဒဏ်ခံရရှာသော မင်းရှင်စောတစ်ယောက် ဆင်မြင်းဗိုလ်ပါအလုံးအရင်းနှင့် (ယခု)မန္တလေးဒေသဝန်းကျင်သို့ ထွက်ခွာခဲ့ရခြင်း ဖြစ်သည်။ ပထမဦးစွာ မြစ်ငယ်မက္ခရာအနီး မြို့သာမြို့၊ ဒုတိယမြို့သစ်မြို့၊ တတိယ မြစ်ငယ်မြစ် တောင်ဘက် တပျက်သာမြို့ဟူသော မြို့သုံးမြို့ တည်ထောင်ခဲ့သည်။ ထို့နောက် စတုတ္ထမြို့ဖြစ်သော ပူတက်မြို့ကို တည်ထောင် ပြီး၊ အလျားအနံတာထောင်စီရှိသော ကန်တိလိ(ခေါ်) အောင်ပင်လယ်ကန်ကို ဆယ်တော်မူခဲ့ခြင်း ဖြစ်သည်။မြောင်းကြီးသုံးသွယ်၊ လယ်ပယ်သုံးသောင်း၊သီးထပ်သီး ညှပ်ဖြင့် တစ်နှစ်လျှင် သုံးသီးစား စိုက်ပျိုးလုပ်ကိုင် နိုင်ခဲ့သည်။
 
အောင်ပင်လယ်နှင့် ဘိုးတော်ဘုရား

  အဆိုပါ အောင်ပင်လယ်ကန်တော်ကြီးကို သက္ကရာဇ် ၁၁၅၁ ခု၊နယုန်လပြည့် တနင်္လာနေ့တွင် အမရပူရ နန်းစံ ဘိုးတော်ဘုရားက နောက်ပါဗိုလ်ခြေထုနှင့် ထပ်မံဆည်ဖို့ ပြင်ဆင်တော်မူပြန်၏။ ဘိုးတော်ဘုရား၏ ကောင်းမှု မဟာမုနိဘုရားကြီးအနီး၌ ယာယီစံနန်းနှင့် စံမြန်းတော်မူ ပြီး  မင်းမိဖုရား၊  မင်းညီမင်းသား၊ မူးတော်မတ်တော် ကတော်စိုးတို့နှင့်တကွ      အမရပူရနေပြည်တော်မှ တစ်အိမ်တစ်ယောက်မကသော ပြည်သူများနှင့်အတူ လယ်ထွန်မင်္ဂလာ ဆင်းတော်မူ၍ ကျောက်စာများရေး ထိုး စိုက်ထူခဲ့သည်ဟု မှတ်သားရသည်။

''အလျားတာသုံးတောင်    လယ်ပယ်သုံးသောင်း၊ မြောင်းသုံးသွယ်တို့ဖြင့် အလွန်ကြီးကျယ်သော ကန်တိလိ အမည်ရှိသော အောင်ပင်လယ်ကန်တော်ကြီးသည် ဆည်ရိုကန်ပိုင်မခိုင်လို ကွင်းပျက်စီးသည်ကို ဖေလောင် တော်တို့ အရိုက်အရာမပျက် ကောင်ပလေဟု သဗ္ဗညုတ Óဏ်၏ အဆောက်အအုံကို ရည်သန်တော်မူလျက် ပြည်သူပြည်သားတို့ စီးပွားချမ်းသာဖြစ်စေလိုရယ် နှစ်သစ်အခါမှ ရက်သုံးဆယ်ရာသီမေထုန် နယုန်လပြည့် တနင်္လာနေ့ပင်တို့ ဓမ္မတာလယ်ထွန်မင်္ဂလာထွက်တော်မူ ရယ်''ဟူသော  ကျောက်စာပါ   မူရင်းသတ်ပုံစာသား များနှင့်အတူ ထူးခြားသော အပြုအမူတို့ကို ဘိုးတော် မင်းတရားကိုယ်တိုင် ပြုမူဆောင်ရွက်ခဲ့သည်ကိုလည်း ကျောက်စာ၌ ဆက်လက် ရေးထိုးထား၏။

ရာသီဥတု သပ္ပာယဖြစ်ခြင်း

''ဤကန်တော်အတွင်း နိမိတ်၏ လေးရပ်သတ်မှတ် သည်နှိုက် နေပျော်ပိုက်ကုန်သော ရေပိုးရေမွှားသားငှက် တိရစ္ဆာန်တို့အား ဘေးမရှိစေဟု အာဏာထားတော်မူသည် ကား'' ဟူ၍တစ်မျိုး။

 ''ကိုးထောင်ခုနစ်ရာခြောက်ဆယ်လေးတာ အပြန် အလှန်သော နိမိတ်အတွင်း၌ နေကုန်သော ရေပိုးရေမွှား သားငှက်တိရစ္ဆာန်တို့အား ဘေးမဲ့ဖြစ်စေ''ဟူ၍ တစ်မျိုး၊ ဘိုးတော်ဘုရားကျောက်စာ၌ တိတိကျကျခိုင်ခိုင်မာမာ ပါရှိခဲ့သည်။ ဆိုလိုသည်က အလျားခုနစ်မိုင်ကျော်၊ အနံ သုံးမိုင်ခွဲနီးပါးရှိ အောင်ပင်လယ်ကန်တော်ကြီး နယ်နိ မိတ်အတွင်း ရေပိုးရေမွှားမှအစ  ကျေးငှက်၊ တိရစ္ဆာန်များ အထိ ဘေးမဲ့ပေးထားခဲ့ခြင်းကို ခိုင်မာစေခဲ့ခြင်းဖြစ်၏။ထို့ကြောင့်လည်း မင်းတုန်းမင်းကြီးက ဤအရပ် ဤနေရာ ၌ ရတနာပုံနေပြည်တော်ကြီး ထူထောင်လေသောအခါ အရှေ့ဘက် အောင်ပင်လယ်ကန်၊ အနောက်ဘက် ဧရာ ဝတီမြစ်၊ တောင်ဘက်တောင်သမန်နှင့် ဇောင်းကလော ကန်၊မြောက်ဘက် နန္ဒာကန်နှင့် မတ္တရာမြစ်တို့အကြား ရှိသောကြောင့် ရာသီဥတု သပ္ပာယဖြစ်ခြင်းနှင့်အတူ နေ့စဉ် နေဝင်နေထွက် အိပ်တန်းတက်၊ အိပ်တန်းဆင်း ကြသည့် အမျိုးအမည်စုံ ကျေးငှက်သာရကာတို့ကား ရွှေမြို့တော်ကြီး ကောင်းကင်ယံအတွင်း နေပြောက်ထိုး မကျရှိခဲ့သည် ဆိုကြ၏။

ထိုအတိတ်ကို စိတ်ကူး၍မျှပင် မှန်းဆကြည့်ကြပါ ဘိ။ မန္တလေးမြို့၏ အနီးဝန်းကျင်သည် ရှေးရှေး မင်း အဆက်ဆက်၏ အမြော်အမြင်ကြီးမားမှုနှင့် ရွှေမြို့တော် သားတို့၏ ယဉ်ကျေးသော လူ့ကျင့်ဝတ်တို့ လိုက်နာမှုများ ကြောင့် တောနှင့်တောင်နှင့်၊ ရေနှင့်ကြာနှင့်၊ ကျေးငှက် နှင့်၊ သာရကာနှင့် အံ့ချီးမခန်း ကြည်နူးသာယာသော သဘာဝ ပတ်ဝန်းကျင်ရှိခဲ့သည်မှာ သေချာလှသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်ကျော် ကာလကပဲ ယခု မန္တလေး နယ်နိမိတ်၏ မျဉ်းကြောင်းပေါ် မေးတင်နေသော ကျွန်တော်တို့ လယ်တောအိမ်လေးဝန်းကျင်မှာ ရေနှင့် ကြာနှင့်၊ ကျေးငှက်နှင့် သာရကာနှင့် ရှိနေခဲ့ခြင်းမှာလည်း ထိုဘိုးဘွားအမွေအနှစ်၏ လက်မတင်လေးမျှသော လက် ကျန်အမွေအနှစ် ဖြစ်ချေလိမ့်မည်။

အစိမ်းရောင်ရပ်ဝန်းတွေ ပျောက်လု

အောင်ပင်လယ်သည် ၁၉ဝ၃ ခုနှစ်ဝန်းကျင်ကတည်းက လယ်တောဖြစ်သွားပြီပဲ။   ထိုအခါ  သီချင်းရေးဆရာ နန်းတော်ရှေ့ဆရာတင်က ညည်းတွားသည်။ ''တကယ်တော အစစ်ကဲ့သို့ အခုတော့လယ်ကောဖြစ်လို့မို့ ကောင်းဖို့ ရွယ်သော ခေတ်ကို အခုပင် မျှော်မိတယ်''တဲ့။ အခု တော့ လူနေရပ်ကွက်တွေ၊ စီမံကိန်းအဆောက်အအုံတွေ၊ ဆည်တော်ကြီး လျှပ်စစ်တာဝါ၊ ရဲရွာလျှပ်စစ်တာဝါတွေ၊ ရုံးအဆောက်အအုံသစ်တွေ၊    ဝန်ထမ်းအိမ်ရာတွေ၊ အုတ်တံတိုင်းမြင့်ခတ် ပုဂ္ဂလိကပိုင် ဝင်းကြီးတွေ၊ ပေါင်း စည်းလယ်ယာတွေ ဖြစ်ကုန်ပြီ။ အရှေ့ရိုးမအစပ် နွားလဘို့ တောင်၊ ဆိတ်သည်းတောင်၊ ဟင်္သာဂူစသည့် တောင်ပေါ် မှာလည်း ယခင်ကလို တောကြီးမျက်မည်း မဟုတ်တော့။ အသစ်ဖောက်လုပ်မည့် မန္တလေး-ပြင်ဦးလွင် ကားလမ်း ကြောင့် ပိုင်ရှင်အသစ်တွေပြောင်းကာ ယာတော လယ် တောတို့ စုတေကြတော့မည်။

အောင်ပင်လယ်၏ အရှေ့ ဘက် တောင်တွေပေါ်က ကြည့်တော့ ရွာရိုးမြို့နယ်နိမိတ် ကလနားနေရာတွေမှာသာ တောရိပ်တောင်ရိပ်၊ သစ်ပင်သစ်တောအတုတွေသာ ရေးရေးတွေ့ရပြီး  အနောက်ဘက်တစ်ကြော  ကွန်ကရစ် တောကြီး    ဟည်းထလို့နေချေပြီကော။    အခုတော့ အောင်ပင်လယ် တစ်ကြောက လယ်တောတွေလည်း လယ်တောမဟုတ်တော့။ မကြာမီကွန်ကရစ်တောကြီး ဖြစ်တော့မည်။ မန္တလေး၏ အသက်ရှူပေါက် အစိမ်း ရောင်ရပ်ဝန်းတွေ ပျောက်လုပေါ့။

မည်သို့ဆိုစေ။ ကောင်းဖို့ရွယ်သောခေတ်ကိုတော့ ရောက်ချင်လှပါပြီ။  မောလှပေါ့။ ။ကြေးမှုံ

No comments:

Post a Comment