Latest News

Wednesday, December 6, 2017

ငါးဖမ်းရေယာဉ်နစ်မြုပ်ရာတွင်ပျောက်ဆုံးနေသောအလုပ်မသား(၄)ဦးရှာမတွေ့သေး

ငါးဖမ်းရေယာဉ်နစ်မြုပ်ရာတွင်ပျောက်ဆုံးနေသောအလုပ်မသား(၄)ဦးရှာမတွေ့သေး

      ပုသိမ် l ဒီဇင်ဘာလ ၆ ရက်

                                  ရွှေပင်လယ်ငါးဖမ်းရေယာဉ်အမှတ်(၁၅၇)နစ်မြုပ်ရာတွင် ပျောက်ဆုံးနေသော ရေလုပ်သား ၄ ဦး ဒီဇင်ဘာလ ၆ရက်နေ့အထိ ရှာမတွေ့သေးကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံ၏ သတင်းထုတ်ပြန်ပေးချက်များအရ သိရှိရသည်။

      ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့  ဖျာပုံမြစ်မှပင်လယ်ရေမိုင် (၄၅) မိုင်အကွာတွင် ရွှေပင်လယ်(၁၅၇)ငါးဖမ်းရေယာဉ်သည်သင်္ဘောနှင့် ရေလမ်းကြောင်း ကိုက်ညီမှုမရှိသည့်အတွက် ရေလမ်းကြောင်းပြောင်းရန် သင်္ဘောဦးကိုပြန်လည့်ရာတွင် သဘာဝလှိုင်းလုံးကြီးများ ဒဏ်ကြောင့် ရေနစ်မြုပ်ခဲ့ခြင်းဖြစ်သည်။

     အဆိုပါ ရွှေပင်လယ်ငါးဖမ်းသင်္ဘောတွင် ရေလုပ်သားအလုပ်သမား စုစုပေါင်း ၁၉ ဦးကိုတင်ဆောင်ထားပြီး သင်္ဘောနစ်မြုပ်စဉ်လုပ်သား ၁၄ ဦးကိုအနားရှိ ငါးပေါင်းသင်္ဘောများမှ လိုက်လံရှာဖွေကယ်ဆယ်ပေးခဲ့ပြီး လုပ်သားတစ်ဦးသေဆုံးကာ ကျန်လုပ်သား ၄ဦးဖြစ်သော ကိုစောစာအယ် l စောဖိုးမောင်ကျော် lကိုအောင်နိုင်ဌေး နှင့် ကိုစောထူး မှာရေလှိုင်းနှင့်မြောပါပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။

       "သင်္ဘောစမှောက်တုန်းကလည်း သူတို့ဘေးနားမှာရှိတဲ့ ငါးပေါင်းသင်္ဘောတွေကပဲ ကူညီပေးခဲ့တာ အခုပင်လယ်ထဲမှာလိုက်လံရှာဖွေဖို့ ကူညီနေတာကလည်း အဲ့သင်္ဘာတွေပါပဲ လက်ရှိတော့ရှာမတွေ့သေးဘူး ပင်လယ်ဆိုတဲ့အတိုင်းအတာကလည်း တော်တော်လေးကျယ်ပြန့်တော့ ရှာဖွေရအလွန်ခက်ပါတယ် တွေ့အောင်တော့ရှာမှာပါဟု"တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံး ဦးစီးပထမတန်း အကြီးတန်းအရာရှိ ဒုရဲမှူးကြီးခင်မောင်လတ်ကပြောသည်။

     ရွှေပင်လယ်ငါးဖမ်းရေယာဉ်သည် လွန်ခဲ့သည့် (၂) လလောက်က ရန်ကုန်ဆိပ်ကမ်းမှ ငါးဖမ်းရန်ပင်လယ်သို့ စတင်ထွက်ခွာခဲ့ပြီး ဒီဇင်ဘာလ(၃)ရက်နေ့တွင် သင်္ဘောပေါ်ရှိဖမ်းပြီးငါးများကို ပြန်ပို့ရန်အတွက် ဖျာပုံမြစ်အတွင်းသို့ဝင်ရောက်ဆိုက်ကပ်ခဲ့ပြီး ဒီဇင်ဘာလ (၄)ရက်နေ့ နေ့လည်ပိုင်း ၁၁ နာရီတွင် ပြန်လည်ထွက်ခွာရာတွင်တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

       ရေယာဉ်​အား မဆင်​မခြင်​​မောင်းနှင်​သူ သိန်းစိုး​(ပဲ့နင်း) ချောင်းပြားကြီးကျေးရွာ လောင်းလုံမြို့နယ်နှင့် သင်္ဘောပိုင်ရှင်ကိုဇော်ဝင်း လှိုင်မြို့တွင်နေထိုင်သူတို့အား လက်ရှိတွင်တရားဥပဒေအရအရေးယူဆောင်ရွက်ထားခြင်းမရှိသေးသော်လည်း ပျောက်ဆုံးသူများ၏မိသားစုများမှ လာရောက်အမှုဖွင့်တိုင်ကြားလာပါ အရေးယူဆောင်ရွက်ပေးသွားမည်ဟုဦးခင်မောင်လတ်ကပြောသည်။

                                        ထက်ဝဠာမင်း

No comments:

Post a Comment