Latest News

Saturday, December 30, 2017

တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး စနစ်တကျပူးပေါင်းပြီး မသမာဖြေဆိုမှုများ မရှိစေရေး ဆောင်ရွက်

တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး စနစ်တကျပူးပေါင်းပြီး မသမာဖြေဆိုမှုများ မရှိစေရေး ဆောင်ရွက်

မန္တလေး ဒီဇင်ဘာ ၃ဝ

ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ စာစစ်ဌာန ကြီးကြပ်ရေး မှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ် ရေးမှူးများနှင့် စာဖြေသူများ လိုက်နာရန် စည်းကမ်းချက်များ ဆိုင်ရာဆွေးနွေးပွဲသင်တန်းကို ယနေ့ နံနက် ၉ နာရီခွဲတွင် မန္တလေးမြို့အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။

တန်ဖိုးထားဆောင်ရွက်

ပြည်ထောင်စုဝန်ကြီးက ယခုဆွေးနွေးပွဲ သင်တန်းတွင် စာစစ်ဌာနများ လျာထားစီစဉ်ခြင်း၊ စာမေးပွဲကြီးကြပ်ခြင်း၊ စာမေးပွဲစစ်ဆေးသည့် ကာလနှင့် တစ်နေ့တာ ဆောင်ရွက်ရမည့် အချိန်ဇယားများ၊စာဖြေသူများ စာရင်းပြုစုရာတွင် ဆောင်ရွက် ရမည့်လုပ်ငန်းများ၊ တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနကြီးကြပ် ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီး ကြပ်ရေးမှူးများနှင့် စာဖြေသူများ လိုက်နာရန်စည်းကမ်းချက်များ အစရှိသည့် လုပ်ငန်း လက်စွဲပါအချက်များကို ညှိနှိုင်းဆွေးနွေး၍လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါ ကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ လုပ်ငန်းဆိုင်ရာများကို ယခင် နှစ် အတွေ့အကြုံများအရ အားသာချက်များကို ပိုမိုကောင်း မွန်စေရေးနှင့် အားနည်းချက်များ လျော့နည်းလာအောင် ပြင်ဆင်၍ အောင်မြင်စွာကျင်းပနိုင်ရေး စနစ်တကျ ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ စာမေးပွဲပြီး၍ စာစစ်လုပ်ငန်းဆောင်ရွက်ရာတွင် ကျန်းမာရေး ကောင်းမွန်ပြီး လက်ရှိသင်ကြားပို့ချနေသည့် ဘာသာရပ်နှင့် ကိုက်ညီသော ဆရာ ဆရာမဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊ လုပ်ငန်းအောင်မြင်ရေးအတွက် မိဘအုပ်ထိန်းသူ ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ကြရန်၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ကူညီဖေးမ၍ တန်ဖိုးထားဆောင်ရွက်ရန် လိုပါ ကြောင်း၊ စာမေးပွဲတွင် မသမာဖြေဆိုမှုများ လုံးဝမရှိစေရေး ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားသည်။

ဆွေးနွေးတင်ပြ

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် စစ်ကိုင်း ပညာရေးတက္ကသိုလ်သို့ ရောက်ရှိကြရာ စစ်ကိုင်းပညာရေး တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာစောပြုံးနိုင်က လက်ရှိ ဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ် များကို ဆွေးနွေးတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက အရည်အသွေးမြင့် ပညာရေးကို ဖော်ဆောင်ရာတွင် ပညာရေးတက္ကသိုလ်၏ အခန်း ကဏ္ဍသည် အလွန်အရေးကြီးပါကြောင်း၊ အရည်အသွေးရှိသောB.Edဘွဲ့ရ ဆရာ ဆရာမများ မွေးထုတ်နိုင်ရေးအတွက် တက္ကသိုလ် ဆရာ ဆရာမများအနေဖြင့် အထူးပြုဘာသာရပ် ကျွမ်းကျင်မှုအပြင် အင်္ဂလိပ်စာ၊ ICT အရည်အသွေးများ တိုးတက်အောင်ဆောင်ရွက်ကြရန်နှင့် စာများများဖတ်၍ သုတေ သနစာတမ်း၊ သုတေသနလုပ်ငန်းများ၊ ထိရောက်အကျိုးရှိအောင် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း သင်တန်းတက်နေသည့် ကျောင်းသား ကျောင်းသူ၊ ဆရာ ဆရာမများအနေဖြင့် ဘွဲ့ရ သည့်အခါ ကိုယ်တာဝန်ကျရာကျောင်းမှ ကျောင်းသား ကျောင်း သူများအား လူသားကောင်းများဖြစ်ရန်၊ အများနှင့်ပူးပေါင်း ဆောင်ရွက်တတ်ရန်၊ တာဝန်ယူတာဝန်ခံ ဆောင်ရွက်တတ်ရန်၊ တီထွင်ကြံဆနိုင်စွမ်းရှိသည့် လူငယ်များဖြစ်ရန် ပြုစုပျိုးထောင် ပေးကြရမည်ဖြစ်ပါကြောင်း ဆွေးနွေးမှာကြားသည်။

ထို့နောက် တက်ရောက်လာသည့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များကို ဆွေးနွေး မေးမြန်းရာ ပညာရေးဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည် ဆွေးနွေးဖြေကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြောင်း သတင်းရရှိသည်။ မြန်​မာ့အလင်း

No comments:

Post a Comment