အမှိုက်ထဲက အတွေးတစ်စ
ရန်ကုန် ရဲ့ ယာဉ်ကြောပိတ်ဆို့မှုကို အန်တုဖို့ YBS ကို ရှောင်၊ ရထားလက်မှတ်ကိုဆောင်ရင်း မြို့ပတ်ရထားဘူတာဘက် ကျွန်တော် ခြေဦးလှည့်ဖြစ်တာ ကာလအတန်ကြာပြီပေါ့။
အိုမင်းရင့်ရော်လာတဲ့ ဆင်ခြေဖုံးက မြို့ပတ်ရထားဘူတာ လေးတွေနဲ့ ရထားထွက်ချိန်ကို လက်မှတ်အရောင်း ကောင်တာ ရှေ့က ကတ်ထူပြားလေးပေါ်မှာ ဆော့ပင်ဘောပင်လေးနဲ့ရေး ပြီး ထောင်ထားတဲ့ မြင်ကွင်းလေးတွေက ကျွန်တော်တို့ စာသမား၊ ကဗျာသမားများအဖို့ အနုပညာသိပ်မြောက်နေ တာပေါ့။
ရန်ကုန်က အခြေခံလူတန်းစား အများစုအတွက်လည်း မြို့ပတ်ရထားဟာ ယခုတိုင် အားထားစရာ ဖြစ်နေဆဲပါ။ ထို့ကြောင့် ဘူတာမှာရထားစောင့်ရင်း သူတို့ရဲ့ နိစ္စဓူဝလူမှုဘဝ လေးတွေကို တစေ့တစောင်း လေ့လာအကဲခတ်ကြည့်ရတာ လည်း စိတ်ဝင်စားစရာပါ။
“အမယ်..”ကြံပေါ်တဲ့ရာသီမို့လား မသိဘူး၊ ခရီးသည် အများစုရဲ့လက်ထဲမှာ ကြံချောင်းတွေ ကိုယ်စီနဲ့ပါလား၊ တိုက်ပုံ နဲ့လူကြီးလက်ထဲမှာလည်း ကြံ၊ ဘောင်းဘီရှည်နဲ့ မမလက်ထဲ မှာလည်း ကြံ၊ နွမ်းနွမ်းပါးပါး လူလတ်ပိုင်းတစ်ဦးရဲ့ လက်ထဲမှာ လည်း ကြံ၊ အားလုံး ကြံရည်ဖန်ရည်ကောင်းလာအောင် ကြံစုပ်နေကြတာလား မသိဘူးရယ်လို့တောင် ကြံဖန်တွေးချင် စရာ။
သူတို့စားပြီးသား ကြံဖတ်လေးတွေကို ရထားလမ်းပေါ် ထွေးထွေးပြီး ပစ်ချနေကြတာကလည်း ခရေပင်ထက် ခရေ ပန်းလေးတွေြေ<ွကကျမြေခနေသလို အလွမ်းတစ်ပွင့် ပန်းတစ်ပွင့် ပေါ့။
ရန်ကုန်မှာ ဒီမြင်ကွင်းတွေက အဆန်းမဟုတ်တော့လို့ သို့ကလို ကဗျာဆန်ဆန်အကောင်းမြင်စိတ်နဲ့ပဲ ခံစားကြည့်ရှု ရတာ ကောင်းပါတယ်ဗျာ။
စာဖတ်သူက သုတေသနဆန်ဆန် ရှုမြင်သုံးသပ်ကြည့်ချင် တယ်တဲ့လား။ ဟုတ်ကဲ့၊ ရန်ကုန်မှာ သို့ကလို အမှိုက်ကို စည်းကမ်းမဲ့တွေ့ကရာ ပစ်တတ်တဲ့ အသက်အပိုင်းအခြားကို ကြည့်ရင် ကလေးထက် လူကြီးက ပိုများတာပေါ့၊ သုံးဆယ်တန်း၊ လေးငါးဆယ်တန်းတွေပေါ့။
လမ်းပေါ်ကို ကွမ်းတံတွေးတွေ ပျစ်ခနဲထွေးတတ်တာ လည်း လူလတ်ပိုင်း ကားသမားအများစုပေါ့။“ဟိုမှာ... ဟိုမှာ ဟွန်ဒါဖစ်ကိုယ်ပိုင်ကားပေါ်က လူ၊ မီးပွိုင့်မိတုန်း ကားတံခါး ကို ဖွင့်ပြီး ကားလမ်းပေါ်ကို ကွမ်းတံတွေးတွေ ပျစ်ခနဲထွေး နေပြီ။
စာဖတ်သူမိတ်ဆွေ၊ ဒါရန်ကုန်လေ။ ခင်ဗျားသွား ကန့်ကွက် ရင် ''ဒါ ကျွန်တော်တို့မြို့၊ ကျွန်တော်တို့ ဒီလိုပဲ တစ်သက်လုံး နေခဲ့တာလေ''လို့ သူတို့က ပြန်ပြောကြမှာပါ။
“ဘုတ်... ဘုတ်...”ဒါကတော့ ကျွန်တော်နေတဲ့ ကန်ထရိုက်တိုက်အပေါ်ထပ်ကနေ ကျွန်တော်တို့ မြေညီထပ်တိုက် နှစ်လုံး ကြားကို ညစဉ်နီးပါး လစ်ရင်လစ်သလို အမှိုက်တွေပစ်ပစ် ချတာလေ၊ ဓာတ်တိုင် သုံးလေးတိုင် အကွာအဝေးရှိတဲ့ လမ်းထိပ်က အမှိုက်ပုံးထဲသွားပစ်ရမှာကို မောလို့ထင်ပါရဲ့၊ ဒါကြောင့် ကျွန်တော်တို့ကတော့ အမှိုက်ကစ ပြာသာဒ်မီးလောင် ဖြစ်မှာစိုးလို့ မပြောပါဘူး။
မဟာပထဝီမြေကြီးက သူ့အပေါ်ကို နှပ်တွေ၊ တံတွေး အညစ်အကြေးတွေ စွန့်ပစ်လို့စိတ်မဆိုးရှာဘူးဆိုတဲ့ ထုံးနှလုံးမူလို့ ခ္တီစ သည်းခံကြောင်းပါဗျာ။
သို့သော်ငြား နောက်ပိုင်းမှာ သူတို့ကလေးတွေကပါ လူကြီးတွေရဲ့ သွန်သင်ဆုံးမ လမ်းပြမှုကို တစ်သဝေမတိမ်း လိုက်နာကျင့်သုံးပြီး အိမ်ရှေ့ပါမချန် အမှိုက်တွေပစ်ချပြန်တော့ အနာဂတ် မြန်မာ့လူ့အသိုက်အဝန်းအတွက် စိတ်ပူစရာဖြစ်ရ တာပေါ့။
ကျွန်တော်တို့ လူ့အသိုက်အဝန်းက လောကသားတွေဟာ ရောဂါကပ်ဘေးဆိုးကြီးတွေ ကူးစက်ခံရမှာကို ကြောက်လန့်ကြ ပေမယ့် ဘိုးစဉ်ဘောင်ဆက် ရှေးရှေးက မကောင်းတဲ့အပြုအမူ အကျင့်ဓလေ့စရိုက်တွေ မျိုးဆက်တစ်ဆက်ပြီး တစ်ဆက် ကူးစက်ခံနေကြရတာ ပစ္စက္ခအထိ သတိမပြုမိကြသေးပါဘူး။
ဆိုခဲ့ပါ ဓလေ့စရိုက်ဆိုး ကူးစက်ရောဂါကိုတော့ ပုဗ္ဗာစရိယ မိနဲ့ဖကနေ အခြေခံပညာကျောင်းများက အာစရိယအဆုံး သွန်သင်ဆုံးမ ကုစားသွားရမှာဖြစ်ကြောင်းပါ။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကလည်း ဟောင်ကောင်မြို့မှာလို ဒီဇိုင်းအမျိုး မျိုးနဲ့ ပုံဖော်ထားတဲ့အမှိုက်ပုံးတွေ ဝါးတစ်ရိုက်အကွာအဝေးမှာ တစ်ခုမကထားပေးထားသလို စင်ကာပူမှာ စည်းကမ်းမဲ့အမှိုက် စွန့်ပစ်သူတွေကို ပြင်းထန်တဲ့ဒဏ်ငွေတွေ ရိုက်သလို ကုစား ပေးသွားရမှာပါ။
မှတ်မိပါသေးတယ်။ မီဒီယာသင်တန်းတစ်ခုမှာ ကျွန်တော် တို့ရဲ့ သင်တန်းဆရာတစ်ဦးက ဥပဒေရေးရာဘာသာရပ် ပို့ချနေရင်း စင်ကာပူမှာ ကြုံခဲ့ရတဲ့သူ့အတွေ့အကြုံ ဖြစ်ရပ် တစ်ခုကို သင်ခန်းစာအဖြစ် ပြောပြခဲ့ဖူးတယ်။
စင်ကာပူမှာနေထိုင်တဲ့ သူ့မိတ်ဆွေအိမ်သွားလည်စဉ် ဂိမ်းကစားနည်း ဗီဒီယိုအခွေအသစ်တွေ့လို့ ဆရာက သူ့မိတ်ဆွေ ကို ခွင့်တောင်းပြီး ကူးလိုက်တယ်။ ဒါ့အပြင် မူလပိုင်ရှင်က သူ့မိတ်ဆွေရဲ့ သမီးဖြစ်လို့ ကျောင်းကပြန်လာမှ ထပ်ဆင့် ခွင့်တောင်းခဲ့တယ်လို့ ဆိုပါတယ်။
သို့ပေမယ့် မိတ်ဆွေရဲ့ သမီး မူလတန်းကျောင်းသူလေးက ''ပိုင်ရှင်မသိဘဲ ဒီလိုကူးယူတာ ခိုးတာပဲလို့ '' စောဒကတက်စွပ်စွဲ ပါတော့တယ်၊ သူ့မိဘတွေက ရယ်မောကြပေမယ့် ဆရာက ''ခိုးတာမဟုတ်ပါဘူး၊ သမီးအဖေကိုခွင့်တောင်းပြီးမှ ကူးတာ ပါ''ဟု ဆိုပြန်လည်း“''လိုချင်ရင် ဒီလိုကူးမယူရဘူး၊ သူဝယ်တဲ့ ဆိုင် လိုက်ပြမယ်၊ အဲဒီမှာ ဝယ်ပါ''လို့ ဆိုပါတယ်။
ဆရာ့ရဲ့ ဆိုလိုရင်းကတော့ သူတို့နိုင်ငံမှာ ကလေးတွေက အစcopyright ဆိုတဲ့မူပိုင်ခွင့်ကို သိရှိလေးစားလိုက်နာ ကြတယ် ဆိုလိုရင်းပါပဲ။
ဒ့ါကြောင့် ကျွန်တော်တို့ကလေးတွေကိုလည်း ဆိုခဲ့ပါ အကျင့်ဓလေ့စရိုက်ကောင်းတွေ ငယ်စဉ်ကတည်းက ဖြစ်တည် ကိန်းဝပ်လာစေအောင် လေ့ကျင့် ပျိုးထောင်ပေးကြရမှာ ဖြစ်ကြောင်းပါ။
မြန်မာ့လူ့ဘောင်အနာဂတ်အတွက် အားတက်စရာ တစ်ခုကတော့ ယခုရက်ပိုင်းအတွင်း နေပြည်တော်မှာ ကျင်းပ ခဲ့တဲ့ ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (အခြေခံပညာကဏ္ဍ)မှာ“''ပညာသင်ကြား ခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ တာဝန်ယူပြီး တာဝန်ခံ ဆောင်ရွက်တတ်တဲ့ အလေ့အကျင့်၊ ဆက်စပ်စဉ်းစားတွေးခေါ် တီထွင်ကြံဆတတ်တဲ့ အရည်အချင်း၊ အသင်းအဖွဲ့နဲ့အတူ ပူးပေါင်းဆောင်ရွက်လိုတဲ့ စိတ်ဓာတ်တွေနဲ့ လူသားကောင်း များ ပြုစုပျိုးထောင်နိုင်ဖို့ဖြစ်ပါတယ်'' စသဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ကြားသွားခဲ့တဲ့ မိန့်ခွန်းပါ လမ်းညွှန်ချက်တွေပဲဖြစ်ပါတယ်။
သို့ဆိုလျှင် ကျွန်တော်ထင်ပါတယ်။ လာမယ့် ငါးနှစ်ကျော်၊ ဆယ်နှစ်ခန့်မှာ ဆိုခဲ့ပါအတိုင်း ပြုစုပျိုးထောင်မှုနဲ့အတူ ပေါ်ထွက်လာမယ့် ကလေးတွေက ကျွန်တော်အပါအဝင် ရှေ့က မျိုးဆက်ဟောင်းကြီးတွေ အမှိုက်ကို စည်းကမ်းမဲ့ တွေ့ကရာ ပစ်နေကြတာမြင်ရင် “''အမှိုက်ကို လမ်းပေါ်မပစ်ရဘူး၊ အမှိုက် ပုံးထဲ ထည့်ပေါ့''”ဆိုတဲ့ သက်ငယ်စကားသက်ကြီးကြားရလေမလားလို့ ထင်မြင်ယူဆမိကြောင်းပါဗျာ။
မောင်မောင်ထွေး(မြန်မာ့အလင်း)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment