Latest News

Wednesday, December 13, 2017

မြို့တော်ရန်ကုန်၏နှစ်သစ်ကူးအကြိုမြင်ကွင်းများ

မြို့တော်ရန်ကုန်၏နှစ်သစ်ကူးအကြိုမြင်ကွင်းများ

ငွေနှင်းမှုန်တို့နှင့်   ဝေးကွာနေသော   မြို့တော်ရန်ကုန်က ဆောင်းတွင်းကာလ ရောက်လာသည့်တိုင် အအေးဓာတ်က   လွန်လွန်ကဲကဲမရှိလှပေ။ ညဥ့်နက်ပိုင်းရောက်မှသာ အအေးဓာတ်က အနည်းငယ် ပိုလေ့ ရှိသည်။ တိုက်တာအဆောက်အအုံများကြားရှိ တစ်ပင်စ၊ နှစ်ပင်စသာရှိသော သစ်ပင်ကြီးကြီး ငယ်ငယ်တို့က  ရန်ကုန်သူ  ရန်ကုန်သားတို့အတွက်  နှင်းပွင့်နှင်းမှုန်တို့ကို  ဆွဲဆောင်နိုင်စွမ်း  မရှိတော့ချေ။  မုန်တိုင်းအရှိန်ကြောင့် ရွာသွန်းသော အခါလွန်မိုးကလည်း ရန်ကုန်မြို့ကို နှုတ်ဆက်နေသလိုပင်။
ဆောင်းရာသီ  ဒီဇင်ဘာလအတွင်း  ဝင်ရောက်လာသည်နှင့်  နှစ်တစ်နှစ်ကို နှုတ်ဆက်ရမည်ဟူသောအသိက   ရန်ကုန်နေ ပြည်သူတို့၏ အတွေးထဲသို့  ဝင်ရောက်လာလေ့ရှိသည်။ ကရင်လူမျိုးများအတွက် ကရင်နှစ်သစ်ကူးနေ့၊ ခရစ်ယာန်ဘာသာ ဝင်များအတွက်  ခရစ္စမတ်နေ့များကလည်း  ဒီဇင်ဘာလအတွင်း ရုံးပိတ်ရက်များအဖြစ် စောင့်ကြိုလျက်ရှိသည်။ ယခု ၂ဝ၁၇ ခုနှစ် သည် မြန်မာနိုင်ငံအတွင်းရှိ  ခရစ်ယာန်ဘာသာဝင်များအတွက် ထူးခြားသော နှစ်တစ်နှစ်ဟုလည်း ဆိုနိုင်သည်။   တစ်ကြိမ် တစ်ခါမျှ   လာရောက်ဖူးခြင်းမရှိသော  ပုပ်ရဟန်းမင်းကြီးသည်   မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့်အတွက် ခရစ်ယာန်ဘာသာ ဝင်များက  သောင်းသောင်းဖြဖြ ခရီးဦး ကြိုဆိုခဲ့ကြသည်။ လူမျိုးရေး၊ ဘာသာရေးအထိမ်းအမှတ်နေ့များအပြင်   နှစ်သစ်ကူးပြောင်း မည့် ညတစ်ညကလည်း ဒီဇင်ဘာလ၏ နောက်ဆုံးရက်တွင်  စောင့်ကြိုလျက်ရှိသည်။
မြို့တော်ရန်ကုန်၏ လမ်းအချို့တွင် ခရစ်ယာန်ဘာသာဝင်တို့၏   ဆုတောင်းဓမ္မတေးသံများကို မကြာမီ စတင်ကြားရတော့ မည်ဖြစ်သည်။ ခရစ္စမတ်နေ့နှင့် နှစ်သစ်ကူးနေ့များ နီးကပ်လာသည်နှင့်  ရန်ကုန်မြို့သည် ပို၍ လှုပ်ရှားအသက်ဝင်လာသည်။ လမ်းများတွင် ရောင်စုံမီးများထွန်းညှိလာခြင်း၊ ခရစ္စမတ်သစ်ပင်များ   စိုက်ထူလာခြင်းတို့က   နှစ်တစ်နှစ်ကုန်ဆုံးတော့မည့်  အချိန် ကာလကို အသိပေးနေသလိုပင် ဖြစ်သည်။ ယခုနှစ်တွင် မြို့တော်ရန်ကုန်၏  နှစ်သစ်ကူးအကြို  မီးအလှထွန်းညှိခြင်းကို ဗိုလ်ချုပ် အောင်ဆန်းလမ်းရှိ  ဗိုလ်ချုပ်ဈေးအနီးတွင်   စတင် မြင်တွေ့ရပြီဖြစ်သည်။ Merry Chrismas, Happy New Year 2018 ဟူသော မီးအလှစာတန်းကြီးမှာ ဗိုလ်ချုပ်ဈေး လူကူးခုံးတံတား၏အထက်တွင်  နေရာယူထားသည်။    မကြာသေးမီ လပိုင်း အတွင်းက ဖွင့်လှစ်ခဲ့သော  Junction City မှာလည်း  အတွင်း၊ အပြင်  ခရစ္စမတ်နှင့်  နှစ်သစ်ကူးအတွက် မီးရောင်စုံတို့ဖြင့် တန်ဆာဆင်ထားသည်ကို  တွေ့ရသည်။
ရန်ကုန်မြို့လယ်ကောင်ရှိ   Junction City  တွင် ခရစ္စမတ်နှင့်   နှစ်သစ်ကူး တို့အတွက်   အကြိုပြင်ဆင်ထားမှုများ အကြောင်းကို “''ကျွန်မတို့ဆီမှာ   ခရစ္စမတ်နဲ့ ပတ်သက်ပြီး စင်တာထဲမှာဆိုရင် Christmas Tree  အကြီးကြီးလည်း ဆင်ထား ပါတယ်။ နောက်ပြီးLevel-1 ကနေ  Level -4  အထိကို ခရစ္စမတ်နဲ့ဆိုင်တဲ့  Decoration   လေးတွေကို   တစ်ခုစီဆင်ထားပါတယ်။Level-1 ကတော့    Christmas  Tree ပေါ့နော်။  Level-2 မှာကျတော့    စနိုး လေးတွေကျနေတဲ့ ကောင်မလေးရုပ်လေးပေါ့၊ Level-4 မှာကျတော့ Christmas Tree နဲ့  သမင်ဒီဇိုင်းကို   မီးလေးတွေနဲ့လှအောင် ပြင်ဆင်ထားပါတယ်၊  ပြီးတော့ ဗိုလ်ချုပ်ဈေးရှေ့ ဗိုလ်ချုပ်လမ်းမပေါ်မှာဆိုရင် မီးအလင်းလေးတွေ   ဒီဇိုင်းစုံလေးတွေပေါ့။    မီးအလင်းရောင် လှလှပပလေးတွေ စီစဉ်ထားပါတယ်၊   ဒီမီးအလှတွေကို  လွန်ခဲ့တဲ့  တစ်ပတ် လောက်ကစပြီး   စီစဉ်ထားတာပါ''ဟု ဈေးကွက်ဌာနမှ မခိုင်ဝါအောင်က ပြောသည်။
ထို့ပြင်   ရန်ကုန်မြို့တော်ရှိ     ဟိုတယ်ကြီးများ၊   ဈေးဝယ် စင်တာများသာမက ဆိုင်အချို့တွင်လည်း နှစ်သစ်ကူးအကြို   ပြင်ဆင်မှုများကို တွေ့လာရပြီဖြစ်သည်။ ခရစ္စမတ်အမှတ်အသားဖြစ်သည့် ဦးထုပ်နီ ကလေးများကို ဆောင်းကာ  အရောင်းမြှင့်တင်မှုများကိုလည်း  ဆိုင်အချို့တွင် တွေ့မြင်လာရသည်။ မြို့တော် ရန်ကုန်ရှိ  နှစ်သစ်ကူးမီးအလှကိုကြည့်ရင်း အခြေခံပညာ ကျောင်းသား   ကျောင်းသူလေးများကလည်း   အတန်းတင် စာမေးပွဲမတိုင်မီ   နောက်ဆုံးလပတ်စာမေးပွဲ ဖြေဆိုရက်ကို  လက်ချိုးရေတွက်ကာ ဟိုဟိုဒီဒီသွားလာရန်   မိဘ များကို ပူဆာတတ်သောအချိန်ဖြစ်သည်။ လူနေသိပ်သည်းသော မြို့ပြအရိပ်ကို ညည်းငွေ့လာသော ရန်ကုန်သားတို့ ကလည်း မိုးအတိတ်တွင် နယ်အရပ်သို့ ခရီးဆန့်လိုကြသည်။
ရန်ကုန်မြို့၏ ညဥ့်ဦးယံအချိန် လမ်းမများပေါ်တွင် ကျိုက်ထီးရိုး၊  ချောင်းသာ၊ ငွေဆောင်တို့သို့ ဦးတည်သွားမည့်  ခရီး သွား ကားကြီးများကိုလည်း တစ်စီးပြီးတစ်စီး တွေ့လာရပြီဖြစ်သည်။ပုဂံ-ညောင်ဦး-ပုပ္ပားခရီးစဉ်ကို    မေးမြန်းစုံစမ်းသူများလည်း ကားလက်မှတ်အရောင်းဌာနများတွင် ခပ်စိတ်စိတ် တွေ့လာရသည်။ တစ်ပိုင်တစ်နိုင်    ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများကလည်း ခရီးစဉ်သစ်များကို လူမှုကွန်ရက်စာမျက်နှာများတွင် ထည့်သွင်းကြော်ငြာလာကြသည်။ မော်လမြိုင်၊  ထားဝယ်ခရီးတို့ကလည်း
အသက်အရွယ်ရလာသော  ရန်ကုန်သားကြီးများ၏  ရွေးချယ် စရာခရီးစဉ်တစ်ခုဖြစ်လာသည်။    မြို့ပြရန်ကုန် ဆူညံသံများ နှင့်  ဝေးရာသို့ ခေတ္တပြေးလိုသော  ရန်ကုန်သူတို့က မြေရနံ့ သင်းသင်းရှိရာ မြို့ပြင်ခရီးကို နှစ်သက်ကြသည်။
ဆယ်ကျော်သက်အရွယ်   လူငယ်လူရွယ်များကလည်း နှစ်သစ်ကူးညကို တေးဂီတသံတို့ဖြင့် အော်ဟစ်ကခုန် ဖြတ်သန်း လိုကြသည့်အတွက် တေးဂီတဖျော်ဖြေရေးစင်မြင့်ရှိရာ အရပ် ကို နားစွင့်နေကြေသည်။ အင်းလျားကန်ပေါင်နှင့်  ကန်တော်ကြီး ပတ်လည်တွင် ဆောင်းလေညင်းအရသာကိုခံစားရင်း နှစ်သစ် ကူးညကို ဖြတ်သန်းရန် ရန်ကုန်မိသားစုများက  တိုင်ပင်နေကြ သည်။   မြို့ပြလုံခြုံရေးကို တာဝန်ယူထားသော အဖွဲ့များက ယခုနှစ်အတွင်း အများသူငါသွား လမ်းမများတွင် အရက်သေစာ သောက်စားမှုများကို အရေးယူမှုများ ရှိနေသည့်အတွက် အချို့က အိမ်ပြင်ထွက်ရန်ထက် အိမ်တွင်းခြံဝိုင်းမှာသာ ကြိတ်ဝိုင်းလုပ် ရင်း နှစ်သစ်ကူးညကို ကျော်ဖြတ်ရန်တာစူနေကြသည်။ မြို့တော် ရန်ကုန်ရှိ ဟိုတယ်ကြီးများ၊ စားသောက်ဆိုင်ကြီးများကလည်း နှစ်သစ်ကူးအစားအသောက်များကို သှူထက်ငါ ကောင်းမွန် အောင် စီစဉ်ထားကြပြီး အထူးအစီအစဉ်များဖြင့် ဝန်ဆောင်မှု များပေးရန် ပြင်ဆင်လျက်ရှိသည်။ ဈေးဝယ်စင်တာများ၊ လှူအသုံး အဆောင်ပစ္စည်း အရောင်းဆိုင်များကလည်း  နှစ်သစ်ကူး အထူး လျှော့ဈေးဖြင့်   ဈေးဝယ်သူတို့ကို   ဆွဲဆောင်လျက်ရှိသည်။
အေးမြသောဆောင်းလေညင်းနှင့်အတူ  ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလ၏ နောက်ဆုံးရက်များသည်လည်း  တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးလာလျက်ရှိသည်။ ရန်ကုန်မြို့ပြနေပြည်သူတို့ ကလည်း နှစ်သစ်တစ်နှစ်ကို စိတ်အားထက်သန်စွာ စောင့်မျှော် နေကြသည်။ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးလုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရန်  အလုပ်လုပ်နိုင်စွမ်းအားနှင့်    အချိန်သည် အလွန်အရေးကြီးပေသည်။  မည်မျှအလုပ်ကြိုးစားသည်ဖြစ်စေ အောင်မြင်မှုရရန်   အချိန်ကို  စောင့်စားရပေသည်။ ၂ဝ၁၇ ခုနှစ်အတွင်း မိမိတို့ လုပ်ကိုင်ခဲ့သော အလုပ်အကိုင်များမှ အခွင့်အလမ်းကောင်းများသည် ၂ဝ၁၈  ခုနှစ်အတွင်း ပေါ်ထွက် လာမည်ဟု မျှော်လင့်ရင်း  နှစ်သစ်ကို စိတ်အားထက်သန်စွာ  စောင့်ကြိုနေကြသည်။
ထို့ပြင်နှစ်သစ်ကို တရားသဘင်ဖြင့်ကူးပြောင်းရန်ပြင်ဆင် မှုများလည်းရှိနေသည်။  ရန်ကုန်သူ ရန်ကုန်သားတို့အနေဖြင့်  မင်္ဂလာရှိသော  နှစ်သစ်တစ်ခု၏    ပထမဆုံးနေ့ရက်များကို ရင်ခုန် စိတ်လှုပ်ရှားစွာဖြင့် စောင့်ကြိုလျက်ရှိနေသည်ကို တွေ့ရှိ ရပါကြောင်း . . .။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း

No comments:

Post a Comment