Latest News

Friday, December 22, 2017

ဟင်္သာတရွှေခြင်္သေ့ ဓာတ်ဆီ ဒီဇယ်ဆီ အရောင်းဆိုင်၌ ဗုံးအတုထားရှိပြီးဆိုင်ရှင်အား ဖုန်းဆက်ငွေခြိမ်းခြောက်တောင်းမှုဖြစ်ပွား

ဟင်္သာတရွှေခြင်္သေ့ ဓာတ်ဆီ ဒီဇယ်ဆီ အရောင်းဆိုင်၌ ဗုံးအတုထားရှိပြီးဆိုင်ရှင်အား ဖုန်းဆက်ငွေခြိမ်းခြောက်တောင်းမှုဖြစ်ပွား


ဟင်္သာတ ဒီဇင်ဘာ ၂၂

        ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့  သုံးပင်ကွင်းရပ်ကွက် အင်္ဂပိုလမ်းရှိရွှေခြင်္သေ့ဓာတ်ဆီ ဒီဇယ်ဆီအရောင်းဆိုင် ဆိုင်ထောင့် ဆိုင်းဘုတ်အောက်၌ဗုံးဟုယူဆရသည့် အရာဝတ္ထုတစ်ခုထားရှိပြီး ဆိုင်ရှင်ဖြစ်သူအားခြိမ်းခြောက်ငွေတောင်းယူမှုတစ်ခု ဒီဇင်ဘာ ၂၀ ရက် ည ၈နာရီအချိန်ခန့်ကဖြစ်ပွားခဲ့သည်။

        ဖြစ်စဉ်မှာ ရွှေခြင်္သေ့ဆီဆိုင် ကြိုးဖုန်းနံပတ်သို့ အမည်မသိသူများကပိုင်ရှင်ဖြစ်သူ၏ဖုန်းနံပတ်တောင်းယူပြီး  ရွှေခြင်္သေ့ဆီဆိုင်
ဆိုင်ထောင့်ဆိုင်းဘုတ်အောက်၌ ဗုံးတစ်လုံးထောင်ထားကြောင်း
ဆိုင်နှင့်ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု မရှိလိုလျင်ငွေကျပ်သိန်း(၂၀၀)ပေးရန်ပြောကြောင်း မပေးပါက ဗုံးအားခွဲပစ်မည်ဟု
ဖုန်းဆက်အကြောင်းကြား ခြိမ်းခြောက်လာမှုကြောင့်ဟင်္သာတမြို့နယ်နှင့်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးသို့ဖုန်းဆက်အကြောင်းကြားခဲ့ကြောင်း ဆိုင်ရှင်မိသားစုပြောပြချက်အရသိရှိရပါသည်။

        အဆိုပါ ဖြစ်စဉ်ဖြစ်ပွားရာသို့ဟင်္သာတခရိုင်ရဲတပ်ဖွဲ့မှူး(ယာယီ)ဒုရဲမှူးကြီး ၀င်းမြင့်၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်၊ ခလရ(၁၈)နောက်တန်းမှူးဗိုလ်မှူးအောင်ဝင်းထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့ရဲမှူးခင်မောင်ညီနှင့်တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ပြီး
ဗုံးဟုယူဆရသည့်အရာအားစစ်ဆေးခဲ့ရာတွင်  VLANT အမျိုးအစား(အဖြူရောင်)လက်ကိုင်ဖုန်း၊ 4v ဘက္ထရီခြောက်(ခဲရောင်)နှင့် ၀ါယာကြိုးနှစ်ချောင်းအားတိတ်အနီဖြင့် ပတ်လျက် ပလပ်စစ်အိတ်တွင် ထည့်ထားသည်အား စစ်ဆေးတွေ့ရှိ၍ဖြုတ်သိမ်းရှင်းလင်းခဲ့ကြောင်းသိရသည်။

        အုပ်ချုပ်ရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ခလရ(၁၈)မှတာဝန်ရှိသူများပါဝင်သည့် အဖွဲ့အစည်းပေါင်းစုံသွားရောက်စစ်ခဲ့ပြီးဖြစ်ပါတယ်၊ ဗုံးအတုဖြစ်ပါတယ်၊ တစ်ကယ်တော့ဒီဗုံးအတုကို အကြောင်းပြပြီး ဆိုင်ရှင်ထံမှ ငွေကြေးတစ်စုံတစ်ရာတောင်းခံသည့်သဘောဖြစ်ကြောင်း တာဝန်ရှိသူများ စစ်ဆေးပြီးဖြစ်တဲ့အခါဗုံးအတုဖြစ်တဲ့ အတွက် ပြည်သူတွေအနေနဲ့ အထိတ်တလန့်မဖြစ်ကြရန်နှင့်မစိုးရိမ်ကြရန် ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမြို့နယ်အုပ်ချုပ်ရေးဦးသန်းနိုင်က ပြောသည်။

        ဖြစ်စဉ်နှင့်ပတ်သက်ပြီး ပိုင်ရှင်ဖြစ်သူမှ ဥပေဒေအရအရေးယူပေးပါရန်တိုင်တန်းခဲ့သဖြင့် ဟင်္သာတမြို့မရဲစခန်းမှအမှုဖွင့်ပြီး တရားခံအားဖမ်းဆီးရမိရေး အမှုမှန်ပေါ်ပေါက်ရေးသက်ဆိုင်ရာတာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်းသိရှိရပါသည်။

ကျော်ကျော်(ပြန်/ဆက်)

No comments:

Post a Comment