Latest News

Friday, December 22, 2017

နှစ်သစ်ပထမပတ်တွင် အလောင်းတော်ကဿပ ဘုရားဖူးလမ်း ဖွင့်မည်


နှစ်သစ်ပထမပတ်တွင် အလောင်းတော်ကဿပ ဘုရားဖူးလမ်း ဖွင့်မည်

မုံရွာ  ဒီဇင်ဘာ ၂၂

အလောင်းတော်ကဿပ ဘုရားဖူးရာသီလမ်းကို ၂ဝ၁၈ ခုနှစ်  ဇန်နဝါရီ ၇ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ရာ လက်ရှိတွင် ဘုရားဖူးများသွားရောက်နိုင်ပြီဖြစ် သောကြောင့် မုံရွာအခြေစိုက် အလောင်းတော်ကဿပ ကားအသင်းများအနေဖြင့် ဒီဇင်ဘာ ၂၄ ရက်တွင် စတင်ပြေးဆွဲကြတော့မည်ဖြစ်ကြောင်း သိရသည်။

''အလောင်းတော်ကဿပ ဘုရားဖူးရာသီလမ်းကို ဇန်နဝါရီ ၇ ရက်မှာ ဖွင့်ပွဲလုပ်မှာပါ၊ ပြီးခဲ့တဲ့နှစ်ကလည်း ဇန်နဝါရီ ၇ ရက်မှာပဲ  ဖွင့်ခဲ့တာပါ၊      လောလောဆယ်လမ်းက တစ်ကြောင်းထိုးတော့ပွင့်ပါပြီ၊  သွားမယ်ဆိုသွားလို့ ရပါပြီ၊ သွားလည်း သွားနေကြပြီ၊  ၂၃ ရက်ဆိုရင်တော့ သပိတ်ဆေးစခန်းထိ တစ်ကြောင်းထိုး ပေါက်ပါပြီ၊ ဘူဒိုဇာနဲ့ထိုးတယ်၊  ပြီးရင် သွားလာလို့ကောင်း အောင်လုပ်ပြီး  ဇန်နဝါရီ ၇ ရက်မှာ ဖွင့်မှာပါ'' ဟု   ယင်းမာပင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက ပြောကြားသည်။

အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်ထိန်းသိမ်းရေးအဖွဲ့က လမ်းကို နှစ်စဉ်ပြုပြင်ခြင်းဖြစ်ပြီး  ကပိုင်ရွာမှ  သပိတ်ဆေးစခန်းအထိ လမ်းအပိုင်းကို စက်ယန္တရားများ ငှားရမ်းကာ အမျိုးသားဥယျာဉ်အုပ်ချုပ်ရေးမှူး ဦးဆောင်ပြီး လမ်းဖောက်လုပ်သည့်လုပ်ငန်းများကို  ဆောင်ရွက်ခြင်းဖြစ်ပြီး  ကပိုင်ရွာမှ  ယင်းမာပင်လမ်းအပိုင်းကို ယင်းမာပင်မြို့နယ် အုပ်ချုပ်ရေးမှူးက ဦးဆောင် ပြုပြင်ပေးခြင်းဖြစ်ကြောင်း သိရသည်။

''ဒီနှစ် လမ်းဖောက်တာ ဒီဇင်ဘာလပထမပတ်ထဲက အချိန်အခါမဟုတ် မိုးရွာတဲ့အတွက် အောက်ခံမြေသား အစိုများပြီး ဖောက်လို့မရတဲ့ အခက်အခဲ ဖြစ်ခဲ့တာပါ၊ အဲဒါကြောင့်  နည်းနည်းနောက်ကျတယ်  ပြောလို့ရတာပေါ့၊      ဒါပေမယ့် မနှစ်ကလည်း ဇန်နဝါရီ ၇ ရက်မှာ ဖွင့်တာပါ၊ ဒီနှစ်မှာ အလောင်းတော် ကဿပ လမ်းတစ်လျှောက်ရှိတဲ့ ရေကျော် ငါးနေရာကို ကွန်ကရစ်ရေကျော်တွေ ပြုလုပ်သွားဖို့ရှိပါတယ်၊ အပေါ်ကပြန်ကြည့်ရင် ဘုရားဝချောင်း၊  ဝက်ကျချောင်း၊ ချောင်မကြီးချောင်းနဲ့ ရိုးချောင်းနှစ်ချောင်းကို ရေကျော်တွေ တည်ဆောက်သွား မှာပါ၊ ကားသွားလို့ရတဲ့ ၁၈ ပေအကျယ် ကိုးလက်မဒုရေကျော်တွေ တည်ဆောက် မှာပါ၊ သပိတ်ဆေးချောင်းကိုတော့ ကြိုးတံတားလုပ်မှာပါ'' ဟု   ယင်းမာပင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းကပြောသည်။

ကြိုးတံတားကို လမ်းပွင့်လျှင်ပွင့်ချင်း အကောင်အထည်ဖော် တည်ဆောက် မည်ဖြစ်ပြီး ဘုရားဖူးရာသီအမီ ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။ ကြိုးတံတားကို တင်ဒါ အောင်သည့် ကုမ္ပဏီတစ်ခုက တည်ဆောက်မည်ဖြစ်ပြီး ယင်းမာပင်ခရိုင် ဒုတိယ ဦးစီးမှူး ဦးတင့်ကျော်လွင် ဦးဆောင်သည့် ကော်မတီက ကြီးကြပ်ကာ ကုမ္ပဏီက တည်ဆောက်ရန် စီစဉ်ထားကြောင်း သိရသည်။ ကြိုးတံတားအရှည်သည် ပေ ၃ဝဝ ကျော်ရှိပြီး အကျယ်ခြောက်ပေရှိ လူကူးကြိုးတံတားဖြစ်ကာ အမည်ကို သပိတ် ဆေးချောင်းကူးကြိုးတံတားဟု ပေးထားကြောင်း သိရသည်။

မျိုးဝင်းထွန်း(မုံရွာ)

No comments:

Post a Comment