Latest News

Friday, December 22, 2017

ပြည်တွင်းကုမ္ပဏီများမှတစ်ဆင့် ဂျာမနီနိုင်ငံသို့ဟိုတယ်သုံး ပုသိမ်ထီးကြီးများ တင်ပို့ရောင်းချနေ

ပြည်တွင်းကုမ္ပဏီများမှတစ်ဆင့် ဂျာမနီနိုင်ငံသို့ဟိုတယ်သုံး ပုသိမ်ထီးကြီးများ တင်ပို့ရောင်းချနေ

ပုသိမ် ဒီဇင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှ ထုတ်ကုန်တစ်မျိုးဖြစ်သော ပုသိမ်ထီးများ အနက် အချင်းခြောက်ပေနှင့် ရှစ်ပေရှိသော
ဟိုတယ်သုံးပုသိမ်ထီးကြီးများကို ပြည်တွင်းကုမ္ပဏီများမှတစ်ဆင့် ဂျာမနီနိုင်ငံသို့ ပင်လယ်ရေကြောင်းမှ နှစ်စဉ်တင်ပို့ရောင်းချနေရကြောင်း ပုသိမ်မြို့ရှိ ပုသိမ်ထီးအရောင်း ဆိုင်များမှ သိရသည်။

ပုသိမ်ထီးများကို ပြည်ပနိုင်ငံများမှ ယခင်ကထက် ပိုမိုဝယ်ယူလာကြပြီး ပုသိမ်ထီး ထုတ်လုပ်မှု၏ ၆၀ ရာခိုင်နှုန်းနီးပါးကို ပြည်ပ နိုင်ငံများသို့ တင်ပို့နေရကာ ကျန် ၄၀ ရာခိုင် နှုန်းခန့်ကိုသာ ပြည်တွင်းဈေးကွက်၌ ရောင်းချနေရကြောင်း သိရသည်။ ပြည်တွင်းပြည်ပ ဈေးကွက်များအနက် ဥရောပသမဂ္ဂနိုင်ငံများက ပုသိမ်ထီးများကို အများဆုံးဝယ်ယူကြပြီး နိုင်ငံခြားခရီးသွား ဧည့်သည်များ နေ့စဉ်နီးပါး လာရောက်ဝယ်ယူ မှုရှိကြောင်း သိရသည်။

ပုသိမ်ထီးများသည် ယခုအခါ ရောင်း အားကောင်းနေပြီး ထီးရွက်ပေါ်တွင် ကနုတ် ပန်းချီဒီဇိုင်းများရေးဆွဲကာ အလှဆင်ထား သော  ပုသိမ်ထီးများအပြင် ခေတ်ပေါ်ဒီဇိုင်း အမျိုးမျိုးရေးဆွဲထားသော ပုသိမ်ထီးများ ကိုလည်း ၀ယ်ယူသူများလာကြောင်း သိရသည်။

ပြည်တွင်းဈေးကွက်၌ ငွေဆောင်၊ ချောင်းသာနှင့် ငပလီကမ်းခြေတို့ရှိ ဟိုတယ် များ၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင် စသည့်မြို့ကြီး များရှိ ဟိုတယ်များ၌ အလှဆင်ပစ္စည်း များအဖြစ်အသုံးပြုရန် ၀ယ်ယူလျက်ရှိပြီး မြန်မာ့ရိုးရာရှင်ပြုနားသအလှူမင်္ဂလာပွဲများ နှင့် တခြားသော အလှူမင်္ဂလာပွဲများ အတွက်လည်း ၀ယ်ယူလေ့ရှိသည်။

ထီးတစ်ချောင်းလုံးကို လက်ဖြင့်သာ ပြုလုပ်ထားသည့် မြန်မာ့ရိုးရာလက်မှုပညာ အစစ်ဖြစ်သောကြောင့် နိုင်ငံခြားခရီးသွား ဧည့်သည်များက မြန်မာနိုင်ငံမှထုတ်လုပ် သော ပုသိမ်ထီးများကို သဘောကျ နှစ်ခြိုက်စွာ တန်ဖိုးထားဝယ်ယူကြကြောင်း ပုသိမ်ထီးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

ပုသိမ်ထီးများကို ရောင်စုံပြုလုပ်ရောင်းချ ပြီး လိမ္မော်ရောင်၊ နီညိုရောင်နှင့် မော်ဒယ် စိမ်းရောင်တို့ကို လူကြိုက်များကြောင်း သိရသည်။MWD

No comments:

Post a Comment