Thursday, December 14, 2017
နိုင်ငံတော်သမ္မတ ဦးထင်ကျော်က (၄၃)ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ
နိုင်ငံတော်သမ္မတ ဦးထင်ကျော်က (၄၃)ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ
၂ဝ၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်
ချစ်ကြည်လေးစားအပ်ပါသော ရခိုင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများခင်ဗျား-
(၄၃)ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ဖြစ်သော ဤနေ့ထူးနေ့မြတ် အခါသမယတွင် ရခိုင်ပြည်နယ်အတွင်း မှီတင်းနေထိုင် ကြသော ပြည်ထောင်စုသားအားလုံး ကောင်းကျိုးချမ်းသာ မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။
၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ရခိုင်ပြည်နယ်အဖြစ် ပြဋ္ဌာန်းပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုရေး အတွက် ဆန္ဒခံယူပွဲစတင်ကျင်းပသည့် ဒီဇင်ဘာလ ၁၅ ရက်နေ့ကို ရခိုင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့ပြီး ၁၉၇၅ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပခဲ့သည်မှာ ယနေ့ဆိုလျှင် (၄၃)ကြိမ်မြောက် တိုင်ခဲ့ပြီဖြစ်ပါသည်။
အမွေအနှစ်ပေါများလှသည့် ပြည်နယ်တစ်ခုဖြစ်ရခိုင်ပြည်နယ်သည် အနောက်ဘက်တစ်လျှောက်တွင် ရှည်လျားလှပသည့် ပင်လယ်ကမ်းရိုးတန်းဒေသ၊ အရှေ့ဘက် တစ်လျှောက်တွင် ရခိုင်ရိုးမတောင်တန်း၊ မြောက်ဘက်တွင် မြေဆီသြဇာကောင်းမွန်ပြီး ကျယ်ပြောလှသည့် လယ်ယာမြေများ ပိုင်ဆိုင်ထားပြီး ရေခံမြေခံကောင်းမွန်သော သဘာဝပထဝီအနေအထားကြောင့် ဆန်၊ ရေ၊ စပါး၊သား၊ ငါးနှင့် သဘာဝသယံဇာတ ပေါကြွယ်ဝသည့်အပြင် တန်ဖိုးမဖြတ်နိုင်သော ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ပေါများလှသည့် ပြည်နယ်တစ်ခု ဖြစ်ပါသည်။
ကြိုးပမ်းဆောင်ရွက်လျက်ရှိ
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်တာဝန်ကို လွှဲပြောင်းရယူထမ်းဆောင်ခဲ့ပြီးနောက် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်း ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိုရှေးရှု၍ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီ(၄)ရပ် ဖွဲ့စည်းကာ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ အလားတူ ရခိုင်ပြည်နယ် ဖွံ့ဖြိုး ရေးအတွက် လွန်စွာအရေးပါသည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို ဒေသခံပြည်သူများ၏ ဆန္ဒသဘောထား သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုစီးပွားသက်ရောက်နိုင်မှုတို့ကို အလေးထားသုံးသပ်ပြီး စီမံခန့်ခွဲမှုကော်မတီဖွဲ့စည်းကာ ဆောင်ရွက်လျက် ရှိပါသည်။
ရခိုင်ပြည်နယ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုသာမက ဒေသတည်ငြိမ်ရေးကို ပါ အထောက်အကူဖြစ်စေမည့် ပြည်တွင်း၊ ပြည်ပကုန်သွယ်မှုအတွက် အရေးပါသော မောင်တောဒေသ ကညင်ချောင်းစီးပွားရေးဇုန်ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ပါသည်။ မြစ်ချောင်းပေါများလှသော ရခိုင်ပြည်နယ်အတွင်း ပို့ဆောင်ဆက်သွယ်ရေးအတွက် ကုလားတန်မြစ် ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းကို လည်း အလေးပေးဆောင်ရွက်လျက်ရှိပါသည်။
လုပ်ငန်းများ အကောင်အထည်ဖော်
ရခိုင်ပြည်နယ် မောင်တောဒေသတွင် ၂ဝ၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက် နေ့တွင် စ၍ဖြစ်ပွားခဲ့သော အကြမ်းဖက်ဖြစ်စဉ်နှင့် ၂ဝ၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့တွင် စ၍ဖြစ်ပွားခဲ့သော ARSA အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များကို ရင်ဆိုင်ကြုံတွေ့ ခံစားခဲ့ရပါသည်။ ထိုဖြစ်စဉ်များကြောင့် ၄င်းဒေသရှိ ရွာများစွာ တို့တွင် နေထိုင်သူများ နေရပ်စွန့်ခွာခဲ့ကြရပြီး အစ္စလာမ်ဘာသာဝင်များ တစ်ဖက် နိုင်ငံသို့ ထွက်ခွာသွားခဲ့ခြင်းများလည်း ရှိခဲ့ပါသည်။ ထိုသို့ နေရပ်စွန့်ခွာခဲ့ရခြင်းကြောင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် နိုင်ငံတော်အစိုးရတို့ ပူးပေါင်း၍ အရေးပေါ်ကယ်ဆယ် ရေး၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင် ရွက်နိုင်ရန် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်နှင့် မောင်တောဒေသ စုံစမ်း စစ်ဆေးရေးကော်မရှင်တို့၏ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီကိုဖွဲ့စည်းခဲ့ပြီး ယင်းကော်မတီ အနေဖြင့် စီမံချက်များချမှတ်ကာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါသည်။
ကူညီဆောင်ရွက်
ထို့အပြင် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ ပေးရေး၊ ပြန်လည်နေရာချထားရေးနှင့်ဖွံ့ ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ကော်မတီ ဝင် ၄ ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်နေပြီဖြစ်ပါသည်။ UEHRD ကော်မတီအနေ ဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ထိထိရောက်ရောက် ပေးအပ်နိုင်ရေး၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးကိစ္စရပ်များ ကို ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ရေရှည်ပဋိပက္ခကင်းဝေး စေရေးတို့ကို ရှေးရှု၍ ပြည်ထောင်စုသားသမီးများ၏ အား၊ အကူအညီနှင့် ယုံကြည်မှု တို့ကိုရယူပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ အစိုးရအဖွဲ့များအားလုံးကလည်း ပြည်ထောင်စု၏ အရေးကိစ္စဟု မှတ်ယူ၍ ရခိုင်ပြည်နယ်၏ လိုအပ်ချက်များကို တတ်နိုင်သမျှ ပံ့ပိုး ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။ ¤င်းအပြင် ပြည်ထောင်စု၏ နေရာအနှံ့အပြား မှ ပေါင်းစည်းထားသော လူငယ်များကလည်း တတ်စွမ်းသရွေ့ ကွင်းဆင်းကာ ကူညီဆောင်ရွက်လျက်ရှိပါသည်။
အထူးပင် ဂုဏ်ယူမိ
ထို့အပြင် ရခိုင်ပြည်နယ်တွင် ၂ဝ၁၇ ခုနှစ် မေလ ၂၉ ရက်နေ့က ကျရောက် ခဲ့သော မိုရာဆိုင်ကလုန်း မုန်တိုင်းဒဏ်ကြောင့် ဆုံးရှုံးနစ်နာမှုများ ပေါ်ပေါက်ခဲ့ သဖြင့် နိုင်ငံတော်အစိုးရနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းပြီး အရေးပေါ် ကယ်ဆယ်ရေး၊ အမိုးအကာအောက် ရောက်ရှိရေး၊ ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးနှင့် ရေရှည် သဘာဝဘေးဒဏ်ခံနိုင်ရေးတို့ကို အတတ်နိုင် ဆုံး ကူညီဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ပထဝီအနေအထားအရ သဘာဝဘေး အန္တရာယ်များကို ကြိမ်ဖန်များစွာ ကြုံတွေ့ခဲ့ရသော်လည်း အစဉ်အမြဲ ကြံကြံခံ ကျော်လွှားနိုင်ခဲ့ကြသော ရခိုင်ပြည်နယ်သူ၊ ပြည်နယ်သားတို၏ ခိုင်မာသည့် စိတ်ဓာတ်နှင့် အရှုံးမပေးသည့် ဇွဲ၊ သတ္တိများအတွက် အထူးပင်ဂုဏ်ယူမိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုပါသည်။
ပူးပေါင်းဆောင်ရွက်လျက်ရှိ
မြတ်ဗုဒ္ဓ၏ သာသနာထွန်းလင်းတောက်ပခဲ့ပြီး မြတ်စွာဘုရား၏ မွေတော်၊ ဓာတ်တော်များ ကိန်းဝပ်စံပယ်ရာဖြစ်သည့် ရခိုင်ပြည်နယ် မြောက်ဦးမြို့ကို ကမ္ဘာ့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်မြို့တော်အဖြစ် အသိအမှတ်ပြု နိုင်ရေးအတွက်လည်းUNESCO နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
တိုက်တွန်းနှိုးဆော်
နိဂုံးချုပ်အနေဖြင့် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုး ရေးနှင့် လူ့အဖွဲ့အစည်းများ သဟဇာတရှိစေရေးအတွက် အလေးပေးဆောင်ရွက် ရန် အရေးကြီးလှသကဲ့သို့ အနာဂတ်တွင် လုံခြုံအေးချမ်းကာ ခေတ်မီတိုးတက် သာယာလှပစေရေးအတွက် ပြည်နယ်သူ ပြည်နယ်သားများ၏ စုပေါင်းညီညွတ်သော အင်အားဖြင့် ကြိုးပမ်းတည်ဆောက်သွားကြပါရန် နေ့ထူးနေ့မြတ်ဖြစ်သော ရခိုင် ပြည်နယ်နေ့ အခါသမယတွင် ချစ်ကြည်လေးစားစွာ တိုက်တွန်းနှိုးဆော်လျက် သဝဏ်လွှာပေးပို့အပ်ပါသည်။
(ပုံ) ထင်ကျော်
နိုင်ငံတော်သမ္မတ
နိုင်ငံတော်သမ္မတ ဦးထင်ကျော်က (၄၃)ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ
Reviewed by Ar Ti
on
5:41 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment