ဆောင်းတွင်းကာလ ဆီးနှင်းများ ကျဆင်းနေမှုကြောင့် ချင်းတောင်သွား လမ်းပေါ်တွင် ခရီးသွားယာဉ်များ သတိထားမောင်းနှင်ရန်လိုအပ်
ခရီးသွားလာမှု ပိုမိုများပြားသည့် ဆောင်းရာသီ ခရစ္စမတ်နှင့် နှစ်သစ်ကူးကာလအတွင်း ချင်းပြည်နယ်တွင် ကားလမ်းတစ်လျှောက် ဆီးနှင်းများ ကျဆင်းနေမှုနှင့် မြူမှိုင်းများ ထူထပ်နေမှုတို့ကြောင့် လမ်းမြင်ကွင်းပျောက်ပြီး အန္တရာယ်များ ဖြစ်ပေါ်တတ်သဖြင့် ချင်းတောင်သွားလမ်းပေါ်တွင် ပြေးဆွဲနေကြသော ခရီးသည်တင်ယာဉ်ကြီး၊ ယာဉ်ငယ် ယာဉ်မောင်းများအနေဖြင့် သတိထားမောင်းနှင်ကြရန် လိုအပ်ကြောင်း တိုင်းရင်းသား ဒေသခံများနှင့် ခရီးသွားပြည်သူများက သုံးသပ်ပြောဆိုကြသည်။
သတိထားသွား
''နှစ်စဉ်နှစ်တိုင်း ဆောင်းတွင်း ကာလ ချင်းတောင်ပေါ်မှာ ဆီးနှင်းတွေ ကျဆင်းသလို ကားတွေမှာလည်း နှင်းခွဲ မီးပါပေမယ့် အဝေးကြီး လှမ်းမမြင်ရဘူး၊ ယာဉ်တစ်စီးနဲ့ တစ်စီး အနီးကပ်ရောက်မှ ရုတ်တရက်မြင်ရတယ်၊ ဒီနှစ်မှာ အခုထိ တော့ ဆောင်းဦးရာသီမှာ လမ်းချော်လို့ ကားလဲမှုတွေ၊ ကားမှောက် မှုတွေတော့ မကြားသေးပါဘူး၊ အရင်နှစ်တွေတုန်းက ကားလဲ၊ ကားမှောက်တာတွေရှိခဲ့ပါတယ်၊ ဒီရာသီမှာ ချင်းတောင်တက်ကားတွေ အနေနဲ့ကတော့ သတိထားသွားလာတာ အကောင်းဆုံးပဲ'' ဟု တီးတိန်မြို့ခံ ခရီးသွားပြည်သူတစ်ဦးက ပြောသည်။
ကုန်စည်များအဓိကတင်ဆောင်
ချင်းတောင်ခြေရှိ စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့မှ ချင်းတောင် ခရီးစဉ်တွင် ယခင်က ကလေးစက်မှုဇုန် ထုတ်ဟိုင်မွာလ်ဂျစ်ကားများမှာ မိုးတွင်း ကာလများပါ ပြေးဆွဲခဲ့ရာမှ ယခု နောက် ပိုင်းတွင်မူ ဂျပန်နိုင်ငံထုတ်နှင့် ဥရောပ နိုင်ငံထုတ် မော်တော်ကားများ ဖြစ်သည့် မီနီဘတ်စ်ကားများ၊ ခြောက်ဘီးကားနှင့် ၁ဝ ဘီးကားများပါ ပြေးဆွဲလာကြသည်။ထို့အပြင် လူစီးသီးသန့် ဇိမ်ခံကားများဖြင့် ပွင့်လင်းရာသီတွင် ပြေးဆွဲမှုများပြားလာ ခြင်းတို့ကြောင့် လူစီးသီးသန့် ဟိုင်မွာလ် ဂျစ်ကားများမှာမူ စီးနင်းလိုက်ပါသူ နည်းပါးသွားပြီး ကုန်စည်များကိုသာ အဓိက တင်ဆောင်၍ ပြေးဆွဲလာရ ကြောင်း ချင်းတောင်တန်းယာဉ်လိုင်းမှ ယာဉ်မောင်း ကိုခိုင်ပူက ပြောသည်။
အခက်အခဲကြုံတွေ့
ချင်းတောင်ပေါ်သွား ကားလမ်းများ သည် အောက်ခံမြေသား ကြံ့ခိုင်မှု အားနည်းပြီး သက်နုမြေသားဖြစ်၍ မိုးရာသီဆိုလျှင် မကြာခဏ တောင်ပြို လမ်းပြိုကျမှုများသည့်အတွက် နှစ်စဉ် တောင်ပေါ်လမ်း အဆင့်မြှင့်တင်ရေး လမ်းမြေသားများ ချဲ့ထွင်ပြုပြင်ရသည့် နေရာများသည့်အပြင် အချို့နေရာများ တွင် ကားလမ်းကျဉ်းမြောင်းခြင်း၊ ကား လမ်းပေါ်တွင် နွေ၊ မိုး၊ ဆောင်း တစ်နှစ် ပတ်လုံး မြေအစိုဓာတ်ကြောင့် မြေသား နိမ့်ကျမှုရှိခြင်း၊ မိုင်ရှည်ရွှံ့ဗွက်များ ပြည့် နှက်၍ ဗွက်ရုန်းသွားလာနေရသည့် အတွက် ခရီးသွားပြည်သူများမှာ ခရီးစဉ် ကြန့်ကြာမှုအခက်အခဲများဖြင့် ကြုံတွေ့ နေကြရသည်။ ယခု ဆောင်းရာသီ ကာလတွင်လည်း နှင်းများကျဆင်းနေမှု ကြောင့် ယာဉ်မောင်းနှင်သူများအနေဖြင့် သတိနှင့်ယှဉ်၍ မောင်းနှင်ရန်မှာ အထူး အရေးကြီးကြောင်း ဒေသခံ ခရီးသွား တိုင်းရင်းသားပြည်သူများ၏ ပြောပြချက် အရ သိရသည်။ ချင်းတွင်းသား
Tuesday, December 26, 2017
ဆောင်းတွင်းကာလ ဆီးနှင်းများ ကျဆင်းနေမှုကြောင့် ချင်းတောင်သွား လမ်းပေါ်တွင် ခရီးသွားယာဉ်များ သတိထားမောင်းနှင်ရန်လိုအပ်
ဆောင်းတွင်းကာလ ဆီးနှင်းများ ကျဆင်းနေမှုကြောင့် ချင်းတောင်သွား လမ်းပေါ်တွင် ခရီးသွားယာဉ်များ သတိထားမောင်းနှင်ရန်လိုအပ်
Reviewed by Ar Ti
on
6:30 AM
Rating: 5
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2rYSXv3oPUZcrPJ5Lji2bsBzBSm6v8BQ5mawcsr3vNROanjDX4s27PC0YbCLl7xfkDutgDfrRZry3GDi1aZd4EV-CZW_uZjeqL7T0IJQ3nMrLOHEyMB_82tOJk4spqLXL4Hl5nCMbOLYo/s72-c/FB_IMG_1514298461885.jpg)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment