Latest News

Friday, December 22, 2017

ပြည်ထောင်စုနေ့ကျင်းပရေး ညှိနှိုင်းအစည်းအဝေးသို့ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကားပြောကြား

ပြည်ထောင်စုနေ့ကျင်းပရေး ညှိနှိုင်းအစည်းအဝေးသို့ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဒီဇင်ဘာ ၂၂

၂၀၁၈ ခုနှစ် (၇၁) နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီ ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ( ၉ ) နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ၂၀၁၈ ခုနှစ် ( ၇၁ ) နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။

ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ၂၀၁၈ ခုနှစ်၊ (၇၁)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို နိုင်ငံရေးအနှစ်သာရရှိစွာဖြင့် အောင်မြင်စွာကျင်းပနိုင်ရေး အတွက် ပြုလုပ်သည့် ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ်၊ (၇၁)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး ဗဟိုကော်မတီကို နိုင်ငံတော် သမ္မတရုံး၏ ၇-၁၂-၂၀၁၇ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၉၅/၂၀၁၇ ဖြင့် ဥက္ကဋ္ဌ အဖြစ် ဒုတိယသမ္မတအပါအဝင် အဖွဲ့ဝင် ( ၁၄ ) ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး အခမ်းအနားကို အမျိုးသားရေးဦးတည်ချက်များနှင့်အညီ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် စီမံခန့်ခွဲမှုကော်မတီနှင့် ဆပ်ကော်မတီ(၁၄)ခုကို ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါကြောင်း။

ပြည်ထောင်စုနေ့အခမ်းအနားကို အမျိုးသားရေးဦးတည်ချက်များနှင့်အညီ အောင်မြင်စေရေးအတွက် အားလုံးဝိုင်းဝန်း ညှိနှိုင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါ ကြောင်း၊ ယခုနှစ် ပြည်ထောင်စုနေ့အခမ်းအနားကို တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် အဓိကထားရည်ရွယ်ကျင်းပသွားမည်ဖြစ်ပြီး ဦးတည်ချက်များမှာ ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားများအားလုံးက စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဖြင့် ပူးပေါင်း ပါဝင်ဆောင်ရွက်သွားရန်ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံလွတ်လပ်ရေးရရှိအောင် ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သည့် တိုင်းရင်းသားခေါင်းဆောင်များသည် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ပင်လုံ ညီလာခံ ကျင်းပခဲ့ကြပြီး တိုင်းရင်းသားအားလုံး တစ်ညီတစ်ညွတ်တည်း ပင်လုံ စာချုပ် ချုပ်ဆိုခဲ့ကာ လွတ်လပ်ရေးကို အရယူခဲ့ပါကြောင်း၊ တိုင်းရင်းသားညီအစ်ကို မောင်နှမ များ၏ သွေးစည်းညီညွတ်မှုကို အခိုင်အမာဖော်ကျူးပြသနိုင်ခဲ့သည့် ပြည်ထောင်စု နေ့ကို နှစ်စဉ်ကျင်းပလာခဲ့သည်မှာ ယခုဆိုလျှင် (၇၁)နှစ်မြောက်ရှိပြီဖြစ်ပါကြောင်း။

လွတ်လပ်ရေးရရှိခဲ့ပြီး နောက်ပိုင်းတွင်လည်း လက်နက်ကိုင်ပဋိပက္ခများကြောင့် ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ဖွံ့ဖြိုးတိုးတက်မှုများစွာ နောက်ကျကျန်ရစ်ခဲ့ပါ ကြောင်း၊ ပြည်သူတစ်ရပ်လုံး လိုလားတောင့်တလျက်ရှိသည့် ပြည်တွင်းငြိမ်းချမ်းရေးကို အမြန်ဆုံးပြန်လည် တည်ဆောက်နိုင်မည်ဆိုပါက မိမိတို့နိုင်ငံသည် ကမ္ဘာ့အလယ်တွင် ၀င့်ထည်လာမည်မှာ ဧကန်မုချဖြစ်ပါကြောင်း။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေးနှင့် စီးပွားရေးသည် ဒွန်တွဲလျက်ရှိပြီး စီးပွားရေးမူဝါဒကိုအခြေခံသည့် အုတ်မြစ်များထဲမှ အရေးကြီးဆုံး အချက်တစ်ချက်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြန်လည်ရင်ကြားစေ့ရေးဖြစ်ပါကြောင်း၊ အနာဂတ် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ပုံဖော်နိုင်ရန်အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံကို (၂)ကြိမ် ကျင်းပပြီးဖြစ်ပါကြောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ၏ အနှစ်သာရမှာ တစ်စုတစ်စည်းတည်းဖြစ်သည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးဖြစ်ပြီး ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရာတွင် ပြည်ထောင်စုစိတ်ဓာတ်သည် အရေးကြီးဆုံး ဖြစ်ပါကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ် ခိုင်မာမှုနှင့် နိုးကြားရှင်သန်မှုသည် အလွန် အရေးကြီးပါကြောင်း၊  အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တွင် နိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ လက်နက်ကိုင်အင်အားစုများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက အတူတကွ ပူးပေါင်းဆောင်ရွက်ရင်း ငြိမ်းချမ်း သာယာဝပြောသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးကို မလွဲမသွေ တည်ဆောက် နိုင်ရန်အတွက် အောင်မြင်အောင် ကြိုးပမ်းအကောင်အထည်ဖော်သွားကြရန် တိုက်တွန်း ပြောကြားလိုပါကြောင်း။

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဘာသာစကားပေါင်းစုံ၊ ယဉ်ကျေးမှု ဓလေ့ပေါင်းစုံ၊ ကိုးကွယ်ယုံကြည်မှုပေါင်းစုံတို့ဖြင့် ဖွဲ့စည်းတည်ရှိသည့် ပြည်ထောင်စုနိုင်ငံ တစ်နိုင်ငံဖြစ်ပါကြောင်း၊ ကွဲပြားခြားနားသည့် ပထ၀ီဝင်ဒေသအမျိုးမျိုးတွင် ရှိနေကြသည့် တိုင်းရင်းသားအသီးသီးသည် မိမိတို့၏ ယဉ်ကျေးမှုအမွေအနှစ်များနှင့် ရိုးရာဓလေ့ စရိုက်များ ပျောက်ကွယ်မသွားအောင် ထိန်းသိမ်းစောင့်ရှောက်သွားရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နောင်လာနောက်သားများ သိရှိစေရန်အတွက် ပြည်ထောင်စုနေ့တွင် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုများကို ထုတ်ဖော်ပြသရင်း ထိန်းသိမ်းစောင့်ရှောက်နေခြင်း ဖြစ်ကြောင်း။

ယခုနှစ် ကျင်းပမည့် ပြည်ထောင်စုနေ့အခမ်းအနားအား ယခင်နှစ်များကဲ့သို့ အပိုင်း(၂)ပိုင်းဖြင့် ကျင်းပသွားမည်ဖြစ်ပြီး နံနက်ပိုင်းတွင် နိုင်ငံတော် အလံတင်အခမ်းအနား နှင့် သ၀ဏ်လွှာဖတ်ကြားခြင်းအခမ်းအနား၊ ညနေပိုင်းတွင် ဂုဏ်ပြုညစာစားပွဲအခမ်းအနား တို့ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့် ဆပ်ကော်မတီများအနေဖြင့် ယခင်နှစ်ကအားနည်းချက်များကို သင်ခန်းစာယူပြီး ယခုနှစ်တွင် အကောင်းဆုံးဖြစ်အောင် ၀ိုင်းဝန်းပူးပေါင်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ၂၀၁၈ ခုနှစ် ( ၇၁ )နှစ်မြောက် ပြည်ထောင်စုနေ့ အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့် ကော်မတီတွဲဖက်အတွင်းရေးမှူး နေပြည်တော် စည်ပင်သာယာရေးကော်မတီ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်တို့က ဆပ်ကော်မတီ များ ဖွဲ့စည်းထားရှိမှု၊ ယခင်နှစ်က ဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ အမျိုးသားရေး ဦးတည်ချက်များနှင့်အညီ အနှစ်သာရ ရှိရှိကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားမှု၊ နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနားနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားများ အတွက် ကြိုတင်ပြင်ဆောင်ရွက်ထားမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီး များ၊ ဒုတိယ၀န်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် ဆပ်ကော်မတီအသီးသီးမှ တာဝန် ရှိသူများက ဖိတ်ကြားရေး၊ ကြိုဆိုနေရာချထားရေး၊ ဧည့်ခံကျွေးမွေးရေး၊ ဖျော်ဖြေရေး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးရေး၊ ၂၀၁၈ ခုနှစ် ( ၇၁ ) နှစ်မြောက် ပြည်ထောင်စုနေ့ ဦးတည်ချက်များ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ ပြည်ထောင်စုစိတ်ဓာတ် ထွန်းကားပြန့်ပွား ရေး၊ လုံခြုံရေး၊ သ၀ဏ်လွှာပြုစုရေး၊ အလံတင်အခမ်းအနားကျင်းပရေးနှင့် ဘဏ္ဍာရေး အခြေအနေတို့နှင့်စပ်လျဉ်းပြီး ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဒုတိယသမ္မတက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြား သည်။

အဆိုပါညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးဝင်းခိုင်၊ ဒေါက်တာ မျိုးသိမ်းကြီး၊ ဒေါက်တာ မြင့်ထွေး၊ နိုင်သက်လွင်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်၊ ဒုတိယ၀န်ကြီးများဖြစ်ကြသော ဗိုလ်ချုပ် အောင်စိုး၊ ဦးဝင်းမော်ထွန်း၊ ဦးမောင်မောင်ဝင်း၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

Ref; Myanmar President Office

No comments:

Post a Comment