Latest News

Friday, December 22, 2017

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေး ဒုတိယသမ္မတ တတ်ရောက်

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေး ဒုတိယသမ္မတ တတ်ရောက်

နေပြည်တော် ဒီဇင်ဘာ ၂၂

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ (၂/၂၀၁၇) အစည်းအဝေး ကိုယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်၍ အမှာစကားပြောကြားသည်။

ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသည် ၂၀၁၆ခုနှစ် မေလမှစတင်ပြီး သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကို (၂)နှစ်နီးပါး တာဝန်ယူဆောင်ရွက်ခဲ့ပြီးဖြစ်၍ ဖြစ်ပေါ်ခဲ့သည့် ဘေးများအ‌ပေါ်မတူကွဲပြားသည့် ဖြေရှင်းဆောင်ရွက်မှု အတွေ့အကြုံများရရှိပြီး ဖြစ်ပါကြောင်း၊ မိမိတို့၏ (၂)နှစ်တာကာလအတွေ့အကြုံများအရ ဖြစ်လာနိုင်သည့် ဘေးအန္တရာယ်များအကြောင်းကို သိရှိနားလည်ပြီးဖြစ်သည့်အတွက် ပျက်စီးဆုံးရှုံးမှု အနည်းဆုံး ဖြစ်စေမည့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းများကို ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။
သဘာဝဘေးများသည် မလွဲမသွေကြုံတွေ့နေရမည် ဖြစ်ပါကြောင်း၊

ယခုနောက်ပိုင်း တွင် သဘာဝဘေးအန္တရာယ်များသည် အကြိမ်ရေပိုမိုများပြားစွာ ဖြစ်ပွားနေပြီး ဖျက်ဆီးမှု စွမ်းအား ပိုမိုကြီးမားစွာဖြင့် ရိုက်ခတ်နေပါကြောင်း၊ သဘာဝဘေးအန္တရာယ်များ ပိုမိုအားကောင်းလာသော် လည်း စီမံခန့်ခွဲမှုများသည် ယခုအတိုင်းအတာနှင့် ရပ်တန့်နေမည်ဆိုပါက ထိခိုက်ပျက်စီးဆုံးရှုံး မှုများပိုမိုများပြားလာမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် သဘာဝဘေးအန္တရာယ်များ ပိုမိုအားကောင်း လာသည့် နည်းတူ ပိုမိုကောင်းမွန်ထိရောက်သည့် သဘာဝဘေး စီမံခန့်ခွဲမှုများကို မိမိတို့က ဆောင်ရွက်နေရမည်ဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်များသည် လူတစ်ဦးချင်း သာမက ကမ္ဘာကြီးကိုပါ ခြိမ်းခြောက်နေသည့်အတွက် ကမ္ဘာ့နိုင်ငံများအနေဖြင့် စုပေါင်း၍သော်လည်း ကောင်း၊ တစ်နိုင်ငံချင်းစီသော်လည်းကောင်း သဘာဝဘေးလျော့ပါးရေး လုပ်ငန်းများကို ပိုမို အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း။

၂၀၁၅ ခုနှစ် မတ်လတွင် ဂျပန်နိုင်ငံ ဆန်ဒိုင်းမြို့၌ ကျင်းပခဲ့သည့် တတိယအကြိမ် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးကမ္ဘာ့ညီလာခံတွင် သဘာဝဘေး အန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိင်ခြေ‌လျှော့ချရေးဆိုင်ရာ ဆန်ဒိုင်းမူဘောင်ကို ချမှတ်ခဲ့ပြီး နိုင်ငံများက လိုက်နာဆောင်ရွက်လျက်ရှိကြပါကြောင်း၊ ဆန်ဒိုင်းမူဘောင်၏ ဦးစားပေးလုပ်ငန်း (၄)ရပ်ဖြစ်သည့် သဘာဝဘေးအန္တရာယ်များ၏ သဘောသဘာဝကို နားလည်ထားရန်၊ ဘေး အန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ပါးစေရေးအတွက် စီမံခန့်ခွဲမှုပိုမိုအားကောင်းလာရန်၊ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ရန်၊ ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများနှင့် ပြန်လည်ထူထောင် ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို မူလအခြေအနေထက် ပိုမိုကောင်းမွန်အောင် ပြန်လည်ဆောင်ရွက်ပေးခြင်းတို့ကို မြှင့်တင်ဆောင်ရွက်သွားရန် ဖော်ပြထားပါကြောင်း။

မိမိတို့ နိုင်ငံသည်လည်း ကမ္ဘာ့နိုင်ငံများနည်းတူ ဆန်းဒိုင်းမူဘောင်ကို လိုက်နာကျင့်သုံး ဆောင်ရွက်နေသည့်အတွက် ဆန်ဒိုင်းမူဘောင်၏ဦးစားပေးလုပ်ငန်းများကို နိုင်ငံတော်အဆင့်၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်၊ ခရိုင်၊ မြိုနယ်အဆင့် စသည်ဖြင့် စီမံခန့်ခွဲမှုအဆင့်တိုင်းတွင် ထည့်သွင်းစဉ်းစားဆောင်ရွက်သွားကြရန် မှာကြားလိုပါကြောင်း။

နိုင်ငံတော်အဆင့်တွင် မြန်မာနိုင်ငံသဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျော့ချရေးလုပ်ငန်းစီမံချက် (Myanmar Action Plan on Disaster Risk Reduction-MAPDRR)ကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ(Sustainable Development Goals-SDGs)၊ ဆန်ဒိုင်းမူဘောင် (Sendai Framework for Disaster Risk Reduction-SFDRR)တို့နှင့် အညီ ရေးဆွဲထားရှိပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသဘာဝဘေး အန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျော့ချရေးလုပ်ငန်းစီမံချက်တွင် ပါဝင်သည့် လုပ်ငန်း စီမံကိန်း (၃၂)ခုအားသက်ဆိုင်ရာဝန်ကြီးဌာနများ၊တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများက တာဝန်ယူ ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်သည့်အတွက် သက်ဆိုင်ရာအပိုင်းအလိုက် တာဝန်ယူ ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း။

တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ နှစ်ပတ်လည် စီမံချက်များရေးဆွဲထားရှိရန် လိုအပ်ပါကြောင်း၊ မိမိတို့ဒေသတွင် တစ်နှစ်ပတ်လည် ကာလအတွင်း မည်သည့်အချိန်၊ မည်သည့်နေရာ၊ မည်သို့သောဘေးများ ဖြစ်နိုင်သည်ကို သိရှိပြီးဖြစ်ပါကြောင်း၊ စီမံချက်တွင် အချိန်ကာလအလိုက် ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ် များကို ဖော်ထုတ်ပြီးယင်းဘေးအန္တရာယ်များနှင့် ပတ်သက်၍ မည်သည့်အချိန်တွင် မည်သို့ လုပ်ဆောင်သွားမည်ကို ကြိုတင်စီမံဆောင်ရွက်ထားရမည့်အပြင် ဖြစ်ပေါ်လာပါက ရင်ဆိုင်တုံ့ပြန် ရမည့် အစီအစဉ်များနှင့် ဖြစ်ပြီးသွားပါကဆောင်ရွက်ရမည့် အစီအမံများကို ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ အဆိုပါ အစီအမံများကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လိုအပ်သည့်လူ၊ ပစ္စည်းကိရိယာ၊ ငွေကြေး၊ နည်းပညာ စသည်ဖြင့် ရရှိနိုင်မည့်ရင်းမြစ်များ အဆင်သင့်ဖြစ်မှုနှင့်လိုအပ်ချက်များ၊ အထက်/အောက်၊ ဘေးနံ ဆက်သွယ်ပူးပေါင်းဆောင်ရွက်ရမည့် အခြေအနေနှင့် အစီအမံများ၊ ဖွဲ့စည်းဆောင်ရွက် မှုများစသည့် အချက်များပါဝင်ပါက ‌ဒေသတစ်ခုအတွင်းဖြစ်နိုင်သည့် သဘာဝဘေးများအပေါ် ရင်ဆိုင်တုံ့ပြန်နိုင်ရန် အဆင်သင့်ဖြစ်မှုနှင့် လိုအပ်ချက်များပေါ်ထွက်လာမည် ဖြစ်ပါကြောင်း။

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ဦးဆောင်ပြီး သဘာဝဘေး ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းတစ်ခုဖြစ်သည့် Cyclone Shelter များ တည်ဆောက်ရန် ဆောင်ရွက် နေပါကြောင်း၊ ယင်းတို့ကို ဧရာဝတီတိုင်းဒေသကြီးတွင် ၅၆လုံး၊ ရခိုင်ပြည်နယ်တွင် ၂၆လုံး၊ ချင်းပြည်နယ်တွင် ၂လုံးနှင့် ရှမ်းပြည်နယ်တွင် ၁လုံး စုစုပေါင်း ၈၅လုံး တည်ဆောက် သွားမည်ဖြစ်ပြီး တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များက တည်ဆောက်မည့်နေရာများကို ရွေးချယ်ထားရှိပြီး ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ရေရှည်အတွက်မျှော်မှန်းပြီးဆောင်ရွက်သည့် သဘာဝဘေးကြိုတင် ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများကိုလည်း လိုအပ် သည့်နေရာ၊ လိုအပ်သော လုပ်ငန်းအလိုက် ဆက်လက်ဆောင်ရွက်သွားနိုင်ရန်လည်း ဝိုင်းဝန်းစဉ်းစား ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း။

လုပ်ငန်းကော်မတီအသီးသီးနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ပတ်သက်၍ မိမိတို့တာဝန်ယူထားရ သည့်ဒေသ၊ လုပ်ငန်းကဏ္ဍများအလိုက် ကမ္ဘာလုံးဆိုင်ရာသဘောတူညီမှုများ၊ နိုင်ငံတော်၏ မူဝါဒများကိုလိုက်နာကျင့်သုံးပြီး မိမိတို့ဒေသများနှင့် လိုက်လျောညီထွေဖြစ်မည့် အစီအမံများ ချမှတ်ဆောင်ရွက်ရန်၊ ပိုမိုကောင်းမွန်ထိရောက်သည့် သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများဖြစ်ရန် အကြံဉာဏ်များနှင့်လိုအပ်ချက်များကိုလည်းဝိုင်းဝန်းဆွေးနွေးကြရန် လိုအပ်ပါကြောင်း၊ မိမိတို့၏ ဆောင်ရွက်မှုများသည် ပြည်သူလူထုအပေါ် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုမှ ကာကွယ်ရန်ဆိုသည့် ဦးတည်ချက်ထားရှိပြီး စည်းလုံးညီညွတ်စွာ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်းပြောကြားသည်။

ထို့နောက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်က ကော်မတီ၏ (၁/၂၀၁၇) အစည်းအဝေး ဆုံးဖြတ်ချက်များကို ဖတ်ကြား တင်ပြသည်။

ယင်းနောက် ကော်မတီဒုတိယဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ၀န်ကြီးဌာနအနေနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းများဆောင်ရွက်လျက်ရှိရာတွင် ထိရောက်သော ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းအစီအစဉ်များ ချမှတ်ဆောင်ရွက်ခြင်းဖြင့် ဘေးအန္တရာယ် များကို ကြံ့ကြံ့ခံရင်ဆိုင် တုံ့ပြန်နိုင်စွမ်းရှိသော လူ့အသိုက်အဝန်းဖြစ်ပေါ်စေရေးနှင့် ဘေးဒဏ် ခံစားရသော ပြည်သူများအတွက် ပိုမိုကောင်းမွန်သည့် လူနေမှုဘဝရရှိရေးဆိုသည့် မူဝါဒသစ်ကို ချမှတ်ဆောင်ရွက်လျက် ရှိပါကြောင်း။

သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုပုံစံ ပြောင်းလဲလာမှုအခြေအနေကို လေ့လာကြည့်ပါက ယခင်ကသဘာဝဘေး စီမံခန့်ခွဲမှုကို ဆောင်ရွက်ရာတွင် ဘေးအန္တရာယ်ကျရောက်ပြီးမှသာ ရင်ဆိုင်တုံ့ပြန်ဖြေရှင်းသည့် မူဝါဒများဖြင့် ဆောင်ရွက်ခဲ့သော်လည်း နောက်ပိုင်းတွင် ဘေးအန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရသည့်အတွေ့အကြုံများအပေါ် သင်ခန်းစာရယူပြီး ဘေးအန္တရာယ် မဖြစ်မီ ဘေးအန္တရာယ်ကို ရင်ဆိုင်တုံ့ပြန်နိုင်ရန် အဆင်သင့်ဖြစ်စေမည့် (Readiness)၊ တုံ့ပြန် ဆောင်ရွက်နိုင်မည့် (Response)မူဝါဒများကို ပြောင်းလဲကျင့်သုံးခဲ့ပါကြောင်း။
ဆက်လက်၍ယခုအချိန်၌ ဘေးမဖြစ်မီကြိုတင်ကာကွယ်မှု (Prevention)၊ ကြိုတင်ပြင်ဆင် မှု (Preparedness)၊ တုံ့ပြန်ဆောင်ရွက်မှု (Emergency Response)လုပ်ငန်းများအတွက် ကြိုတင်စီမံ ဆောင်ရွက်ထားရှိသကဲ့သို့ ပြန်လည်ထူထောင်ရေး (Recovery)လုပ်ငန်းများအတွက် ကြိုတင်အစီအမံများ ချမှတ်ဆောင်ရွက်နိုင်ရန် လုပ်ဆောင်လာကြပြီဖြစ်ပါကြောင်း။

ထို့အပြင် ပြန်လည်ထူထောင်ရေး လုပ်ငန်းဆောင်ရွက်ရာတွင် ပုံမှန်ပြန်လည် ထူထောင် ရေးအတွက်သာ စဉ်းစားဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ ထပ်မံဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တ ရာယ်ကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်သည့်စီမံကိန်းများ၊ လုပ်ငန်းစဉ် များ ချမှတ်၍ စီမံဆောင်ရွက်လျက်ရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့အပြင်ယခင်က သဘာဝဘေး စီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူနှင့် ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍကို သာမန်လုပ်ငန်းစဉ်တစ်ရပ်အဖြစ်သာ ဆောင်ရွက်ခဲ့သော်လည်းယခု ပြည်သူလူထု အခြေပြု သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်း (Community Based on Disaster Risk Management)များကို ပိုမိုဆောင်ရွက်လာခဲ့ပါကြောင်း။
ငလျင်ဘေးကြိုတင်ကာကွယ်ရေး၊ ကမ်းပြို၊ မြေပြိုဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများ သည် ငွေကြေးရင်းနှီးမြှုပ်နှံဆောင်ရွက်ရမည့်လုပ်ငန်းများဖြစ်ပါကြောင်း၊ သို့သော်လည်းInvest Today for a Safer Tomorrow ဆိုသည့်အတိုင်း ဖြစ်လာမှ ရင်ဆိုင်တုံ့ပြန်သည့်ထက် သဘာဝဘေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံဆောင်ရွက်ထားပါက ထိခိုက် ပျက်စီး ဆုံးရှုံးမှုအပိုင်းတွင် လျော့နည်းသက်သာယုံသာမက ပြန်လည်ထူထောင်ရေး အပိုင်းတွင် လည်း ပြန်လည်ရင်းနှီးမြှုပ်နှံရမှု လျော့နည်းသက်သာမည် ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဦးအုန်းဝင်း၊ ဦးသိန်းဆွေနှင့် ဒေါက်တာ သန်းမြင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ဒေသအလိုက် သဘာဝဘေးအန္တရာယ် ကြုံတွေခဲ့ရမှုများ၊ ကြိုတင်ကာကွယ်ရေးနှင့် ကူညီကယ် ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၏ ၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၂၁ ရက်အထိ ရန်ပုံငွေရရှိမှုမှာ ငွေကျပ်သန်း (၃၁၉၇၆ ဒသမ ၁၈၁)ဖြစ်ပြီး၊ သုံးစွဲမှုမှာ ငွေကျပ်သန်း (၁၄၀၉၇ ဒသမ ၀၀၈) ဖြစ်၍ လက်ကျန်ငွေကျပ်သန်း (၁၇၈၇၉ ဒသမ ၁၇၃)၊ နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ရရှိမှုမှာ(၁၀၀၅၈၇၇ ဒသမ ၃၄)ဖြစ်ပြီး သုံးစွဲမှုမှာ (၈၁၇၇၁၁ ဒသမ ၁၅)ဖြစ်၍ လက်ကျန် အမေရိကန်ဒေါ်လာ (၁၈၈၁၆၆ ဒသမ ၁၉) ဖြစ်ကြောင်း ယင်းကော်မတီမှ သိရသည်။

Ref;  Prof Win Myat Aye

No comments:

Post a Comment