Latest News

Thursday, December 21, 2017

မြန်မာမင်းတို့ ထီးနန်း စိုးစံရာ ရတနာပုံ ရွှေမြို့တော်

မြန်မာမင်းတို့ ထီးနန်း စိုးစံရာ ရတနာပုံ ရွှေမြို့တော်

မြန်မာနိုင်ငံ၏ အထက်အရပ်  မြို့ကြီးတစ်မြို့ဖြစ်သည့်   မန္တလေးမြို့သည်   တစ်ချိန်သော အခါက မြန်မာမင်းတို့ ထီးနန်းစံရာ မင်းနေပြည်တော်ကြီး လည်း ဖြစ်ခဲ့ပြီး ယခုတိုင် ထီးရိပ်၊ နန်းရိပ် ထင်ဟပ်နေသောမြို့ဟုလည်း ဆိုရမည်ဖြစ်သည်။

မန္တလေးမြို့ကြီးသည် ပထဝီအနေအထားအရ မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၃ဝ မိနစ် မှ ၂၃ ဒီဂရီ ၄၅ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၅ဝ မိနစ်မှ ၉၆ ဒီဂရီ ၅ဝ မိနစ်တို့ကြား၌  တည်ရှိနေပြီး နယ်မြေထိစပ်မှုကိုကြည့်လျှင် မြောက်ဘက်၌ စစ်ကိုင်းတိုင်း ဒေသကြီး၊ အရှေ့ဘက်၌  ရှမ်းပြည်နယ်၊ တောင်ဘက်၌ ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်၊  အနောက်ဘက်၌ မကွေးတိုင်းဒေသကြီး၊  စစ်ကိုင်းတိုင်း ဒေသကြီးတို့နှင့် ထိစပ်လျက်ရှိသည်။ မြို့၏ ဧရိယာမှာ စတုရန်းမိုင် ၁၄၂၉၄ ဒသမ ၇၂၁ ကျယ်ဝန်းပြီး ယခုအခါ မြို့တော်ကို တိုးချဲ့ခဲ့သောကြောင့်   ထိုထက်မက ကျယ်ဝန်းနေပြီဖြစ်သည်။

မန္တလေးမြို့ကြီးကို အောင်ကျော်ချမ်းအေး မန္တလေးဥကျစ်ကျော်ဧ    မန္တလေးဟူသော နံသင့်သင်္ချာ အဆိုအတိုင်း သက္ကရာဇ် ၁၂၂၁ ခုနှစ် ခရစ်နှစ် ၁၈၅၉ ခုနှစ်တွင် မင်းတုန်းမင်းကြီးက  တည်ခဲ့သည်ဟု  အမှတ်အသား ရှိပါသည်။ မြို့တည်ရန် မင်းတုန်းမင်းကြီးသည် ခရစ်နှစ် ၁၈၅၆ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်တွင်   မြို့တော်တည် အမိန့်တော်ထုတ်ပြန်ခဲ့ပြီး ခရစ်နှစ် ၁၈၅၇ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင်   မြို့တည်ပန္နက် ရိုက်ခဲ့သည်ဟု မန္တလေးမြို့တည် သမိုင်းမှတ်တမ်းများအရ သိရသည်။

မင်းနေပြည်တော်ကြီးဖြစ်၍    မင်းတို့စံမြန်းသော အိမ်တော်လည်း တည်ခဲ့သည်။စံအိမ်တော်တည်ရှိရာနေရာကို  နန်းမြို့ဟု ခေါ်ပြီး နန်းမြို့ကြီး၏ အကျယ်ကို  ၁ မိုင် ၂ ဖာလုံပတ်လည်နှင့် စတုရန်းပုံကို ကျုံးဖြင့် ပတ်ကာ တံခါး ၁၂ ပေါက်ကိုလည်း အရပ်မျက်နှာ အသီးသီး၌ ဖောက်ခဲ့ပြီး မြို့အမည်ကို လေကျွန်းအောင်မြေဟု လည်းကောင်း၊  နန်းတော်ကို   မြနန်းစံကျော်ဟု လည်းကောင်း၊  မြို့တော်အမည်ကို  ရတနာပုံနေပြည်တော်ဟု လည်းကောင်း အမည်များ ပေးခဲ့သည်။

ခရစ်နှစ် ၁၈၈၅ ခုနှစ် နိုဝင်ဘာ ၂၉ ရက်တွင် မြန်မာတို့၏ ထီးဆောင်းမင်းဖြစ်သော သီပေါဘုရင်နှင့် မိဖုရားစုဖုရားလတ်၏ မိသားစုများသည် အိန္ဒိယနိုင်ငံ  ရတနာဂီရိ အရပ်သို့   ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရပြီး   မြန်မာပြည်ကြီးအတွက် ထီးကျိုး၍ စည်ကြီးပေါက်ဖြစ်ကာ မြို့ရွာဆူပူလျက် မအေးချမ်းမှုများနှင့်အတူ နန်းမြို့တော်နှင့် မြနန်းစံကျော် ရွှေနန်းတော်ကြီးလည်း ပိုင်ရှင်မဲ့ ဘဝရောက်ခဲ့ရသည်။

လွတ်လပ်ရေး ပြန်လည်ရရှိပြီးချိန်တွင်လည်း   တိုင်းပြည်ပြန်လည် ထူထောင်ရေးအတွက် အရေးပေါင်းများစွာကို ဆယ်မနေရ၍  နန်းမြို့တော်နှင့် မြနန်းစံကျော်နန်းတော်ကြီး အရေးကို   အတွေးထဲ၌သာထားရင်း ရေတိမ်နစ်ခဲ့ရသော မြန်မာပြည်ကြီးအား မွမ်းမံပြင်ဆင်နေခဲ့ရသည်။  ယခုအချိန်တွင် နန်းမြို့တော်အတွင်း လည်ပတ်ခြင်း၊   မြနန်းစံကျော်  ရွှေနန်းတော်ကြီးသို့ သွားရောက်လေ့လာခြင်းများ ပြုလုပ်နိုင်ရန် အကြောင်းဖန်လာခဲ့ရ၏။

ကုန်းဘောင်မင်းဆက် သာယာဝတီမင်း ခေါ် ရွှေဘိုမင်း(၁၈၃၇-၁၈၄၆) သည် အင်းဝ၌   ထီးနန်းစိုက်ပြီး တစ်နှစ်အကြာတွင် အမရပူရမြို့ကို တည်ကာ ထီးနန်းပြောင်းရွှေ့ စိုးစံခဲ့သည်။ အမရပူရ၌ လည်း ရွှေနန်းတော်ကြီး ဆောက်လုပ်၍     အောင်မြေစံရာဟု အမည်ပေးခဲ့သည်။  နန်းစံမည့်   ရွှေနန်းပြာသာဒ်ကြီးကို ရွှေနန်းသာစံဟု အမည်တင်လိုက်ခြင်းဖြစ်သည်။

သာယာဝတီမင်း လွန်သောအခါ ပုဂံမင်း နှင့် မင်းတုန်းမင်းတို့ ရွှေနန်းတော်တွင် နန်းစံခဲ့ကြ၏။ နန်းစံပြီး လေးနှစ်အကြာ ခရစ်နှစ် ၁၈၅၃ ခုနှစ်တွင် မင်းတုန်းမင်းကြီးသည် ရတနာပုံမြို့ကို တည်ခဲ့ခြင်းဖြစ်၏။

နောင်သောအခါ မန္တလေးမြို့ဟု အမည်တွင်လာမည့် ရတနာပုံမြို့ကြီးသည် အရှေ့ဘက်တွင် နယ်ထိပ်တာရိုး၊ အနောက်ဘက်တွင် ဧရာဝတီမြစ်၊ တောင်ဘက်တွင် ဒုဋ္ဌဝတီမြစ်(မြစ်ငယ်မြစ်)၊ မြောက်ဘက်တွင် မတ္တရာမြစ်တို့နှင့် ထိစပ်ဝန်းရံနေသည်။ မြို့ကွက်များ တည်သောအခါ  နန်းမြို့တော်နေရာကို မင်းတုန်းမင်းကြီးက မိမိကိုယ်တိုင် ရွေးချယ်သတ်မှတ်ကာ   မြန်မာသက္ကရာဇ် ၁၂၁၉ ခုနှစ် နတ်တော်လဆန်း ၁၂ ရက် ခရစ်နှစ် ၁၈၅၇ ခုနှစ် နိုဝင်ဘာ ၂၇ ရက်တွင် ပန္နက်တိုင်စိုက်၍ နန်းမြို့တည်ရန် စတင်ခဲ့သည်။

မန္တလေးမြို့တည်ခြင်းနှင့် နန်းမြို့တော် တည်ခြင်းကို ခရစ်နှစ် ၁၈၅၇ ခုနှစ်တွင် တစ်ပြိုင်တည်း လုပ်ဆောင်တော်မူခဲ့သည်။ ခရစ်နှစ် ၁၈၅၈ ခုနှစ်တွင် မိဖုရားခေါင်ကြီးနှင့်အတူ ရွှေနန်းတော်သို့ မြေနန်းတော်ဦး လှေခါးမှဝင်ကာ ထီးနန်းစံမြန်းခဲ့သည်။

နန်းမြို့တော်အတွင်း  မြနန်းစံကျော် ကျောင်းတော်ကြီးနှင့်အတူ အဆောင်အခမ်းအနား၊ အဆောက်အအုံတို့၌ မင်းနှင့်ဆိုင်သော ရာဇပလ္လင်နှင့်အတူ   အဆောင်အယောင်များ စီခြယ်ထားသည်။ ပလ္လင်တော် ရှစ်ခန်းကိုလည်း တည်ခဲ့သည်။

နန်း၏အရှေ့ပိုင်းတွင် မင်းခန်းတော်ဆောင် ၃၂ ဆောင်၊ အနောက်ပိုင်းတွင် လေးဆောင်၊ မိဖုရားဆောင်ကြီးငယ် ၇၈ ဆောင် နှင့်အတူ အဆောင်ပေါင်း ၁၁၄ ဆောင်ကို လည်း တည်ဆောက် ခဲ့သည်ဟု သမိုင်းမှတ်တမ်းတွင် တွေ့ရသည်။ အဆောင်ကြီးငယ်များနှင့် တင့်တယ်စွာ တည်ဆောက်ပြီးစီးသောအခါ မင်းတုန်းမင်းကြီးက နန်းမြို့ကို  လေး ကျွန်းအောင်မြေဟု လည်းကောင်း၊ ရွှေနန်းတော်ကြီးကို မြနန်းစံကျော်ဟု လည်းကောင်း အမည်များတင်ခဲ့သည်မှာ လိုက်ဖက်ညီလှသော အမည်များဖြစ်သည်။

မင်းတုန်းမင်းကြီး နတ်ရွာစံပြီးသောအခါ နန်းမြင့်ဆောင် အုတ်တိုက်၊ သီပေါမင်းအုတ်တိုက်၊    တောင်ပန်းခုံတော် အုတ်တိုက်၊ အနောက်ဘက်မင်းခန်းတော်၊ အနောက်ပွဲတက်ဆောင် ဟူသော တည်ဆောက်မှုများကို သီပေါမင်းက တိုးချဲ့ဆောက်လုပ် ခဲ့ပြန်သည်။ ထို့ပြင် မင်းတုန်းမင်းကြီး နတ်ရွာစံခဲ့သော မှန်နန်းဆောင်နှင့် ကပ်လျက်ရှိသည့် ရွှေနန်းဆောင်ကို ဖျက်သိမ်းပြီး ဖခမည်းတော်မင်းတုန်းမင်းကြီးအား ရည်စူး၍ မန္တလေးတောင်ခြေတွင်  ရွှေနန်းတော်ကျောင်းအဖြစ်   ပြန်လည်တည်ဆောက်ခဲ့သည်။

ရွှေနန်းတော်ကြီးကို အမြင့် ၁၁ ပေမြင့် သည့် အုတ်ခုံပေါ်တွင် တည်ဆောက်ထားပြီး အရှေ့အနောက် ၁ဝဝ၄ ပေ၊ တောင်မြောက် ၅၇၄ ပေနှင့်    မျက်နှာစာပတ်လည်တွင် သစ်တပ်ဖြင့် ကာရံထား၏။ ထိုသစ်တပ်ထုမှာ အတွင်း ၁ဝ ပေ ၁၈ တောင်မြင့်သည်။ အုတ်ရိုးခံမြို့ရိုးတစ်ထပ်ကာရံထား၏။ မြို့ရိုးတွင်   တံခါး ၁၂ ပေါက်ရှိသည်။ ထို့ပြင် ပြကြီး ၁၆ ခု၊ ပြငယ် ၃၂ ခု ရှိကာ ပြကြီး၊ ပြငယ် ၄၈ ခုပေါ်တွင် တန်ဆောင်းပြာသာဒ် ၄၈ ဆောင်ကိုလည်း ဆောက်လုပ်ထားသည်။ထပ်မံတွေ့ရမည့် အဆောင်များမှာ သီးခြားအဆောင် တစ်ဆောင်နှင့် မြေနန်းပြာသာဒ် ဆောင်ဖြစ်၏။ ထိုအဆောင်ကြီးသည် ဘုံခုနစ်ဆင့် အမြင့် ၂ဝ၇ ပေရှိ၏။

မြေနန်းပြာသာဒ်ကြီး၏ ဝဲယာနှစ်ဖက်တွင် ဖွင့်နိုင်ပိတ်နိုင်သော ကဲလားကြီး သုံးခုစီလည်း ရှိသည်။ မင်းခမ်းမင်းနားများ ကျင်းပချိန်တွင် ကဲလားကြီးများကို ဖွင့်၍ အငြိမ့်သဘင်များနှင့် ကပြဖျော်ဖြေ ခဲ့သည်ဟုလည်း မှတ်သားရပြန်သည်။

 မြနန်းစံကျော် ရွှေနန်းတော်ကြီးသည်  မြန်မာတို့၏  နန်းသုံးတော်ဝင် ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ထိုအချိန်က ခံ့ညားခဲ့မှုကို  ယနေ့ မျက်ဝါးထင်ထင် မြင်တွေ့ရသည်။ ရတနာပုံ (မန္တလေး)မြို့ကြီးကို  စတင်တည်ထားခဲ့သော   ခရစ်နှစ်  ၁၈၅၇ ခုနှစ်မှ သီပေါမင်း ပါတော်မူခဲ့သော ခရစ်နှစ် ၁၈၈၅ ခုနှစ်အချိန်နှစ်ခု ခြားနားမှုကိုကြည့်လျှင် ၂၈ နှစ်သာရှိခဲ့ပြီး ထိုကာလအတွင်း ရွှေနန်းတော်ကြီး ဆိတ်သုဉ်းခဲ့ရသည်။ စာဆိုရှင်များက ရွှေမှန်ကင်း ထင်းဖြစ်ခဲ့ရပြီဆိုသော   ယူကျုံးမရ    ရင်တွင်းခံစားမှုကို ဖော်ပြကြသည်။ ထိုစကား  မှန်လည်းမှန်ခဲ့ပါသည်။

နယ်ချဲ့မျက်နှာဖြူများက    ရွှေနန်းတော် အဆောင်ကြီးငယ်များကို စစ်တန်းလျားများအဖြစ်  အသုံးပြုသဖြင့်  မင်းခမ်းမင်းနား၊ တော်ဝင်ပစ္စည်း အသုံးအဆောင်နှင့် အဆောက်အအုံများ ပျက်စီးခဲ့ရသည်။

ဒုတိယ ကမ္ဘာစစ်ကြီးဖြစ်သောအခါ မြန်မာနိုင်ငံသည် စစ်ဘေးသင့်ခဲ့ရသည်။ မန္တလေးမြို့ကြီး၌လည်း  စစ်ဘေးကြောင့် ဗုံးဒဏ်သင့်ကာ အဆောက်အအုံများစွာနှင့် ဘုရားစေတီများလည်း ပျက်စီးခဲ့သည်။ ထိုပျက်စီးမှုများတွင် ရွှေနန်းတော်ကြီးအတွင်း မီးဘေး

သင့်ပျက်စီးမှုများစွာဖြင့် ပြာပုံကြီးပမာဖြစ်ခဲ့ရသည်။သီပေါမင်းပြောင်းရွှေ့ တည်ဆောက်ခဲ့သည့် ရွှေကျောင်းတော်ကြီးသာ ဘေးမသင့်ဘဲ ရှေးမူမပျက် တည်ရှိခဲ့သောကြောင့် ရှေးဟောင်း အမွေအနှစ် အဖြစ် မြင်တွေ့ကြရသည်။

မြနန်းစံကျော်ရွှေနန်းတော်အတွင်း ပြုပြင် မွမ်းမံမှုများကို ခရစ်နှစ် ၁၉၈၉ ခုနှစ် ဒီဇင်ဘာ ၈ ရက်တွင် စတင်ပြီး  မြို့ရိုးထောင့် ပြာသာဒ်ထောင့် လေးခု၊ မြောက်ဘက်မြို့ရိုး ထွက်ပေါက်လေးသိန်းတံခါးနှင့် အရှေ့ဘက် ထွက်ပေါက် ဦးထိပ်တံခါးတို့ကို မူလပုံဟန် အတိုင်း  ဘုံခုနစ်ဆင့် ပြာသာဒ်များဖြင့် ပြုပြင်ကာ မြို့ရိုးပေါ်မှ ပြကြီး၊ ပြငယ် ၄၈ ခု တွင် မူလပြာသာဒ် ၃၅ ခုသည် စစ်ဘေးဒဏ် ကြောင့် ပျက်စီးခဲ့သဖြင့် ရှေးမူအတိုင်း ပြုပြင်ခဲ့သည်။

ပြည်တွင်း ပြည်ပခရီးသွား ဧည့်သည်များအတွက် မန္တလေးမြို့တည် အရှင်မင်းတုန်းမင်းကြီး၏ ကောင်းမှုအမွေ  မြနန်းစံကျော်  ရွှေနန်းတော်ကြီးသို့ သွားရောက်လည်ပတ် လေ့လာကြမည်ဆိုလျှင် နန်းမြင့်ဆောင်၏ အရှေ့ဘက် အခန်းဆောင်များနှင့် အနောက်ဘက် မိဖုရားဆောင်များကို မူလပုံစံအတိုင်း တွေ့ကြရမည်ဖြစ်သည်။ နန်းမြင့်ဆောင်ကိုလည်း သီပေါမင်းလက်ထက်တွင် ရွှေနန်းတော်တောင်ဘက် စမုတ်ဆောင်ရှေ့၌  ဆောက်လုပ်ခဲ့သည့် အမြင့်ပေ သံတောင် ၇ဝ ကျော်ရှိသည့် နန်းမြင့်ဆောင် အပေါ်ထိပ်အထိ တက်နိုင်ရန်  ခရုပတ်လှေကား တပ်ဆင်သည်ကိုတွေ့ကြ၊ လေ့လာကြရမည် ဖြစ်သည်။

သမိုင်းပညာရှင်၊ စာပေပညာရှင်များ၏ စာပေများတွင် ရတနာပုံရွှေမြို့တော်ကြီးကို သာသနာတော်နှစ် ၂၄ဝဝ သက်တမ်း အထိမ်းအမှတ်အဖြစ် တည်ခဲ့ခြင်းဖြစ်ကြောင်း၊ မြို့နယ်၏ အရှည်တာကိုလည်း သာသနာ နှစ် ၂၄ဝဝ နှင့်အညီ တာပေါင်း ၂၄ဝဝ ရှိစေရန် မြို့ရိုးတစ်ဖက်စီကို  တစ်ပြလျှင် တာ ၅ဝ ရှိသည့် ပြ ၁၂ ပြ၊ တာ ၆ဝဝ နှင့်အညီအမျှ တည်ခဲ့ကြောင်း၊ တစ်တာလျှင် ခုနစ်တောင်၊  သံတောင်တစ်တောင်လျှင် ၁၉ လက်မနှုန်းဖြင့် မြို့ကွက်ချလျှင် မြို့ရိုးလေးဘက်အရှည် ၅ ဒသမ ဝ၃ မိုင်ရှိသည်။

အရှေ့အနောက် ၁၂ ပြ၊ တောင်မြောက် ၁၂ ပြရှိသဖြင့် ရွှေမြို့တော်တွင် ပြ ၁၄၄ ပြ အကွက်များရှိခဲ့ပြီး  နန်းမြို့တော်ကို ဗဟို ၁၆ ကွက်အတွင်း၌ တည်ခဲ့သည်။ နန်းမြို့ပတ်လည်ရှိ ပြ ၁၂၈ ကွက်တွင် မင်းညီမင်းသား၊ မှူးမတ်၊ သူဌေးသူကြွယ်များ နေထိုင်ခဲ့ကြပြီး မြို့တော်လေးပြင် လေးရပ်တွင် ပြည်သူများ နေထိုင်ကြသည့် အကွက် ၅၄ ကွက်ရှိခဲ့သည်။ မန္တလေးနန်းမြို့ရိုးသည် ယနေ့ အတိုင်းအတာအရ အရှေ့အနောက် ၁ မိုင် ၂ ဖာလုံရှိကာ တောင်မြောက် ၁ မိုင် ၂ ဖာလုံနှင့် ၈၈ ကိုက်ရှိနေ၍  စတုရန်းပုံ အတိအကျ မဖြစ်ကြောင်း ဆိုထားသည်။

ဤမျှ တင့်တင့်တယ်တယ်ရှိခဲ့ဖူးသော နန်းမြို့တော်နှင့် မြနန်းစံကျော် ရွှေနန်းတော် ကြီး  ပုံဟန်မယွင်း   မြန်မာနိုင်ငံ၌ရှိနေကြောင်း  မြန်မာနိုင်ငံသားများ သိကြပြီးဖြစ်နိုင်သည်။ သမိုင်းစဉ်အတွင်း ကိုယ့်ထီး ကိုယ့်နန်းနှင့်  နေထိုင်ခဲ့ကြသော မြန်မာလူမျိုးတို့၏   ယဉ်ကျေးမှု   ဗိသုကာလက်ရာများနှင့်  မြနန်းစံကျော် ရွှေနန်းတော်ကြီးကို  သက်တမ်းရှည်ကြာ တည်တံ့နေနိုင်ရေး ထိန်းသိမ်းနိုင်ကြရန် ပြည်သူများအနေဖြင့် သတိပြုဆင်ခြင်ကြရမည် ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။   ။

မြမဉ္စူဝေ(ကျုံမငေး)

No comments:

Post a Comment