Latest News

Friday, December 8, 2017

ရခိုင် မြောက်ပိုင်း အကြမ်းဖက်မှုအပေါ် ဘာတန် လစ်တနာ၏ အရေခွံခွာ အင်တာဗျုး အပိုင်း (၁)


ဘာတန် လစ်တနာက ယခင် ဟောင်ကောင်တွင် ယခင်က ထုတ်ဝေပြီး အခု ရပ်သွားခဲ့သော Far Eastern Economic Review (FEER) အတွက် သတင်းထောက် အဖြစ် အမှုထမ်းခဲ့သော ဆွီဒင် နိုင်ငံသားတဦး ဖြစ်သည်။ မြန်မာပြည်သို့ အသက် ၂၄ နှစ် အရွယ်တွင် သတင်းထောက်တယောက် အဖြစ် စတင်ခြေချခဲ့ပြီး သည့် အချိန်မှစ၍ မြန်မာပြည်အကြောင်းကို လေ့လာကာတစိုက်မတ်မတ် ရေးသားနေသူ ဖြစ်သည်။

၎င်းအား ၁၉၈၅ တွင် ဦးနေ၀င်း အစိုးရမှ ပြည်ဝင်ခွင့် ပိတ်ပင်ခြင်း ခံခဲံ့ရသည်။ သို့သော်လည်း မြန်မာပြည်အတွင်းအား အိန္ဒိယ ပြည်မှတဆင့် နာဂ တောင်တန်းကို ဖြတ်၍ ခိုးဝင်ကာ ၁၈ လမျှ ရှမ်းလူမျိုး ဖြစ်သူ ဇနီးသည်နှင့် အတူနေထိုင်ကာ ကချင် နှင့် ရှမ်းပြည်နယ် အနှံ့ သွားလာခဲ့သည်။ ထို့အတွက် မြန်မာပြည်၏
လက်ရှိ တိုင်းရင်းသား လူမျိုးစု ပဋိပက္ခများကို အတွင်းကျကျ အသေးစိတ် ရေးသားခဲ့သည့် "Land of Jade: A Journey from India through Northern Burma to China" စာ အုပ် ထွက်ပေါ်လာခဲ့သည်။

ဘာတန် လစ်တနာ သည် ၁၉၇၇ နောက်ပိုင်း FEER ရဲ့ မြန်မာ သတင်းထောက် ဖြစ်လာသည်နှင့်
အားလျှော်စွာ မြန်မာပြည်အကြောင်း သတင်းများကို အလုပ်သဘောအရ မျက်ခြေပြတ်ခံလို့ မရတဲ့အပြင် သမိုင်း နောက်ခံ အချက်အလက်များကိုပါ လေ့လာခဲ့ရသူတဦး ဖြစ်လည်း ဖြစ်သည်။

ယခု ဖေါ်ပြမည့် အင်တာဗျုးအား အိန္ဒိယ အွန်လိုင်း သတင်းစာ ဖြစ်သော the scroll မှ တွေ့ဆုံမေးမြန်း
ခဲ့ခြင်း ဖြစ်သည်။

*မြန်မာနိုင်ငံ အပေါ် ကာလကြာမြင့်စွာက လေ့လာသူ တဦး အဖြစ် လက်ရှိ အကြပ်အတည်း 
အပေါ် ရှု့မြင်ချက်
အခြေခံအားဖြင့် ပြဿနာ နှစ်ရပ်ရှိသည်။ တခုက လူဝင်မှု ကိစ္စဖြစ်ပြီး နောက်တခုက အစ္စလာမ် စစ်သွေးကြွ အရေးပင် ဖြစ်ပါတယ်။ အာဆာအဖွဲ့က သြဂုတ်လ ၂၅ ရက်နေ့ တွင် ကင်းစခန်းများ ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့မှုအား မြန်မာ လုံခြုံရေးတပ်ဖွဲ့များက အပြင်းအထန် လက်တုန့်ပြန်ခဲ့တဲ့ အတွက် လူပေါင်း
ခြောက်သိန်းကျော် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားခဲ့ရပါတယ်။

သို့သော် ဒီကိစ္စကို မြန်မာ စစ်တပ်၏ ရက်စက်ကြမ်းကြုပ်မှု ကြောင့် ဖြစ်ခဲ့ရတယ်လို့ ပြောလို့ရပေမယ့်၊ ဒီမှာတင် ရပ်ထား၍ မရကြောင်း၊ နောက်ပိုင်းမှာ အာဆာ အဖွဲ့ရဲ့ ပြောခွင့်ရသူက မိမိတို့အနေနဲ့ စစ်တပ်မှ အခုလို လုပ်လာအောင် တမင်တကာ ရန်စ ခဲ့ခြင်း လို့ Asia Times နဲ့အင်တာဗျုး မှာ ပြောခဲ့ပါတယ်။
ဘာလို့ ဒီလို လုပ်ခဲ့ကြရလဲ၊ ဘာတွေ အကျိုးအမြတ်ရလဲ၊ ပထမက နိုင်ငံတကာရဲ့ အာရုံစိုက်ခံရမှု၊ ဒုတိယက ဆော်ဒီအာရေဗီယား နဲ့ ယူအေအီးတို့မှ ငွေကြေး အထောက်အပံ့တွေ ရရှိလာဖို့၊ တတိယ အချက်က ဒေါသထွက်နေတဲ့ လူငယ်များ ပူးပေါင်းပါဝင်လာမှု တွေ ရရှိဖို့ မျှော်မှန်းခဲ့ပါတယ်။ ဒီနေရာမှာ သူတို့ မျှော်လင့်ထားတာထက်ကို နဲနဲ ပိုရသွားခဲ့တယ်လို့ ဆိုပါတယ်။

သို့သော်လည်း စစ်တပ်က ဒီလောက်ထိ ရက်ရက်စက်စက် လုပ်လာကြလိမ့်မယ်တော့ မမျှော်လင့်ခဲ့ပါဖူး၊
ဒီအတွက် အခု မြေစာပင် ဖြစ်သွားရသူတွေကတော့ ရခိုင်ပြည်နယ် အနောက်မြောက် ဒေသက ဆင်းဆင်းရဲရဲ လယ်ယာလုပ်ငန်း တွေ လုပ်ကိုင်နေကြရတဲ့ မူဆလင် လယ်သမား မိသားစုဝင်တွေပဲ ဖြစ်ပါတယ်။

*ရိုဟင်ဂျာ အဖြစ် အသိအမှတ် မပြုသည့်အရေး*
ကာလကြာမြင့်စွာ ကတည်းက နေထိုင်နေတဲ့ မူဆလင် တွေ ရှိနေတယ်ဆိုတာက ငြင်းမရအောင် သေချာပါတယ်။ ထိုဒေသကို သေခြာစွာ ကြည့်မယ်ဆိုရင် အိန္ဒိယ ကုန်းမြေ အဆုံး နဲ့ အရှေ့တောင်အာရှ ရဲ့
အစ သွားထိတွေ့နေတာ တွေ့ရမှာပါ။ ဒီနှစ်ခုအကြား ပိုင်းခြားထားတာကတော့ နတ်မြစ်ပဲ ဖြစ်ပါတယ်။
ဒီမြစ်ရဲ့ ဟိုဖက်ဒီဖက်မှာ မူဆလင် နဲ့ ဗုဒ္ဓဘာသာဝင်တွေ ရာစုနှစ်ပေါင်းများစွာ နေထိုင်လာခဲ့ကြတာ ဖြစ်ပါတယ်။ ဘာမှလည်း ပြဿနာ အထွေအထူး မရှိခဲ့ကြပါဖူး၊

ပြဿနာ က ဗြိတိသျှ တို့ စတင်အုပ်ချုပ်လာချိန်မှာ စလာတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ၎င်းတို့က မြစ်ရဲ့ တဖက်ကမ်းက မူဆလင် အလုပ်ကြမ်းသမားတွေ ခေါ်သွင်းလာခဲ့ကြပါတယ်။ ရိုဟင်ဂျာလို့ တဦးတလေကမှ ခေါ်ဝေါ်သုံးစွဲခဲ့ခြင်းမရှိပဲ သူတို့ကိုယ် စစ်တကောင်းသားများလို့သာ ပြောဆိုခဲ့ကြပါတယ်။ ဒီနေရာမှာ
ဖရန်စစ် ဗြူကာနန် ဟမ်မီလ်တန် က Rooinga လို့ ၁၇၉၉ မှာ သုံးခဲ့တဲ့ အထောက်အထား ရှိပေမယ့် ဒီစာရွက်စာတမ်း တခုသာ ပြစရာ ရှိပါတယ်။

ဟမ်မီလ်တန် ဆိုသူအား အရှေ့အိန္ဒိယ ကုမ္ပဏီမှ မြန်မာနိုင်ငံနှင့် ပါတ်သက်ပြီး စေလွှတ်ခဲ့သူ ဖြစ်ပေမယ့်
ရခိုင် ပြည်ကို ရောက်ခဲ့ဖူးသူ မဟုတ်တာ တွေ့ရပါတယ်။ အင်းဝ နဲ့ အမရပူရ မြို့ကြီးများကိုသာ
သွားရောက်ခဲ့ပြီး သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ အခု ခေါ်ဆိုနေကြတဲ့သူတွေဖြစ်တဲ့ ရခိုင်ဒေသ က
လူတွေနဲ့ တွေ့ဆုံခွင့်ရခဲ့ပါတယ်။ ထို့နောက်ပိုင်း နှစ်ပေါင်း ၁၅၀ နီးပါး ထို အခေါ်အဝေါ်နဲ့ ပါတ်သက်ပြီး
ရည်ညွှန်းခဲ့တာ တစုံတရာ အထောက်အထား မတွေ့ခဲ့ရပါဘူး။

သို့သော် ရခိုင် အနောက်မြောက်ပိုင်းရှိ စစ်တကောင်း ဘာသာ စကား ပြောဆိုနေတဲ့ ဘင်္ဂါလီတွေအတွက် သီးခြား မူပိုင်ခွင့် တခု ပြုလုပ်ရပ်တည်လာဖို့ ရှိလာတဲ့ ပြဿနာအတွက် အယူအဆအသစ် အဖြစ် ပေါ်
ထွန်းလာတာသာ ဖြစ်ပါတယ်။ ရခိုင်ဒေသအတွင်းရှိ မူဆလင်အားလုံးက သူတို့ကိုယ် သူတို့ ရိုဟင်ဂျာလို့ သတ်မှတ်ထားတာ မရှိဖူးဆိုတာကို မေ့ထားလို့ မရပါဖူး။ သတ်မှတ်တဲ့ လူတွေကလည်း ကာလကြာမြင့်စွာ နေထိုင်ခဲ့ဖူးသူတွေ ပါမှာလည်း ဖြစ်ပါတယ်။ အစွန်းရောက် အုပ်စုများက နိုင်ငံရေးအရ အကျိုးအမြတ် ရှိဖို့ သုံးစွဲလာကြတာသာ ဖြစ်ပါတယ်။ ဒီအတွက် မကြာမီကမှ လူအတော်များများက ရိုဟင်ဂျာ လို့ သူတို့ကိုယ် သူတို့ စတင် သုံးစွဲလာကြတာ ဖြစ်ပါတယ်။ အတိအကျ ပြောရရင်တော့ ၁၉၉၀ ပြည့်လွန်နှစ်များမှာ အထင်အရှား သုံးစွဲလာခဲ့ကြတာ ဖြစ်ပါတယ်။

**၁၉၅၀ နောက်ပိုင်းမှာ မြန်မာ အစိုးရကို သုံးစွဲခဲ့တယ်ဆိုတဲ့ အချက်ကကော...
မှန်ပါတယ်၊ သုံးခဲ့ပါတယ်။ အဲ့ဒီအချိန်က ထိုကဲ့သို့ ခေါ်ဝေါ်တာကိုတောင် လူအတော်များများက မနှစ်သက်ခဲ့ကြပါဖူး။ ၁၉၄၈ လွတ်လပ်ရေး ရပြီးတဲ့ နောက်ပိုင်း ရခိုင် အနောက်မြောက်ဒေသမှာ မူဆလင် သူပုန်ထ
မှုကြီး ဖြစ်ပွားလာခဲ့ပါတယ်။ ထိုအချိန်က တောင် မူဆလင် သူပုန်တွေက သူတို့ကိုယ်သူတို ရိုဟင်ဂျာလို့
မသုံးစွဲခဲ့ကြပါဖူး Freedom Fighter လို့ အဓိပ္ပါယ်ရတဲ့ မူဂျာဟီဒင်လို့ပဲ ခေါ်ဝေါ်ခဲ့ကြပါတယ်။ သူတို့က ထိုအချိန်က ရှိနေတဲ့ အရှေ့ ပါကစ္စတန် (ယခု ဘင်္ဂလားဒေ့ရှ်) နဲ့ ပူးပေါင်းလိုကြတဲ့ အတွက် ဖြစ်ပြီး လှုပ်ရှားမှုကလည်း တဖြေးဖြေး မှေးမှိမ် ပျောက်ကွယ်သွားခဲ့ရပါတယ်။

သို့သော်လည်း ထိုအချိန်က ရိုဟင်ဂျာ လို့ ခေါ်ဝေါ်သူတွေ အချို့ ရှိခဲ့ကြပါတယ်။ ဒါကလည် ခွဲထွက်လိုတဲ့ သဘောထားတွေ ပါနေတာကြောင့် ဖြစ်ပါတယ်။ ရိုဟင်ဂျာတွေ ရေးသားထုတ်ဝေနေတဲ့ စာအုပ်စာတမ်း
တွေကို ကြည့်မယ်ဆိုရင် ၁၉၅၀ နောက်ပိုင်း မြန်မာအစိုးရ အဖွဲ့ထဲမှာ ရိုဟင်ဂျာ ၀န်ကြီးတွေ ပါနေတယ်လို့ ရေးသားထားတာ တွေ့ရမှာပါ၊ ဒါက တကယ်တော့ မမှန်ပါဘူး။ သူတို့ပြောလို့ရတဲ့ အဲ့ဒီဒေသက ဆူလ်
တန် မာမွတ်လို့ ခေါ်တဲ့ ၀န်ကြီးတဦးတော့ ရှိခဲ့ပါတယ်။ သူက မူဆလင် ဖြစ်ပေမယ့် သူကိုယ်သူ ရိုဟင်ဂျာလို့ ပြောဆိုသုံးနှုံးခဲ့ခြင်း မရှိပါဖူး၊ သူကိုယ်သူ ရခိုင် မူဆလင် လို့သာ ပြောဆိုခဲ့ပါတယ်။ ဦးနုက အဲဒီအချိန်က မူဆလင်မဲတွေ လိုချင်တဲ့ အတွက် ဒီစကားလုံးကို ထုတ်နှုတ်သုံးစွဲလာတာသာ ဖြစ်ပါတယ်။

*၁၉၅၀ အခြေအနေတွေ နဲ့ မပါတ်သက်ပဲ အခု ရိုဟင်ဂျာလို့ ခေါ်နေတဲ့ ရခိုင်ဒေသရှိ မူဆလင်တွေ 
အဖိနှိပ်ခံနေရတာကို ကော ဘယ်လိုများ ရှင်းပြချင်ပါလဲ။
ပထမဆုံး သဘောပေါက်ထားဖို့ လိုတာက မြန်မာနိုင်ငံမှာ မူဆလင် အရေအတွက် အများအပြားရှိနေတယ် ဆိုတာပါပဲ၊ အများစုက မြို့ပြတွေမှာ နေထိုင်ကြပါတယ်။ စီးပွားရေး လုပ်ငန်းတွေကို ပိုင်ဆိုင်ကြပြီး မြန်မာနာမည်ပေး၊ မြန်မာစကား ပြောကြသူများ ဖြစ်ပါတယ်။ မြန်မာသမိုင်း တလျှောက်မှာ ၎င်းတို့ရဲ့ ကဏ္ဍ က အရေးပါတဲ့ အနေအထားက လှုပ်ရှားခဲ့ကြပါတယ်။ ၁၉၄၇ မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူ လုပ်ကြံခံခဲ့ရတဲ့ မူဆလင် ခေါင်းဆောင် ဦးရာဇတ်ကို ခုထက်ထိ အာဇာနည်တဦး အဖြစ် သတ်မှတ်ထားဆဲ ဖြစ်ပါတယ်။ နောက်ထပ် ထင်ရှားတဲ့ မူဆလင် ခေါင်းဆောင်တဦးက ဦးရာရှစ် ဖြစ်ပြီး သူ့ကို အာလာဟာဘတ်မှာ မွေးဖွားခဲ့ပါတယ်။ ၁၉၃၀ ကျော်ကာလများမှာ လူအများ လေးစားခံရတဲ့ ကျောင်းသား ခေါင်းဆောင်တဦးလည်း
ဖြစ်ပါတယ်။ နောက်တယောက်က ပင်လုံစာချုပ် ကို ရေးဆွဲရာမှာ ဗိသုကာ တဦးလို့ ပြောရမယ့် ယူပီအိုင် ဦးဖေခင် ဖြစ်ပါတယ်။

ဒီအတွက် အခု ကိစ္စကို မူဆလင် နဲ့ ဗုဒ္ဓဘာသာ ရယ်လို့ ပြောလို့မရပါဖူး၊ ရိုဟင်ဂျာ ဆိုသူများက တမျိုး
တဘာသာ ကွဲပြားတဲ့ လူတွေ ဖြစ်ပါတယ်။ သူတို့က မြန်မာစကားလည်း မပြောကြပါဖူး၊ ဘင်္ဂလားဒေ့ရှ်
တဖက်ခြမ်းက စစ်တကောင်း ဘင်္ဂါလီ စကား ပြောဆိုသူတွေ သာ ဖြစ်ပါတယ်။ ဒီအတွက်လည်း မြန်မာ
အများစုက တရားမ၀င် ၀င်ရောက်အခြေချသူတွေလို့ ရှု့မြင်ခဲ့ကြပါတယ်။ အများစုက မြန်မာနိုင်ငံတည်း မှာ ကာလကြာစွာ နေထိုင်ခဲ့ပြီးသူတွေ ဖြစ်တယ်ဆိုတဲ့ အချက်ကို ထောက်ရင် ဒါက တရားမျှတမှုတော့ မရှိလှပါဖူး။

*ခင်ဗျား အရင်က ရေးခဲ့ဖူးသလို အာဆာ အဖွဲ့ရဲ့ ခေါင်းဆောင်တွေက အစွန်းရောက်အုပ်စုတွေနဲ့ 
ဆက်နွယ်ပြီး ဒေသတွင်းမှာ ပိုမို ကျယ်ပြန်တဲ့ အစီအမံတွေ ရှိနေတယ် ဆိုတာကကော၊
သူတို့အရင်က ပေးထားတဲ့ နာမည်က Harakah al-Yaqin ဖြစ်ပြီး "ဘာသာရေး လှုပ်ရှားမှု" လို့ ဘာသာ
ပြန်လို့ရပါတယ်၊ လူမျိုးရေး အခြေခံ အမျိုးသား လှုပ်ရှားမှု အဖွဲ့ စစ်လို့ရှိရင် ဒီလို နာမည်ပေးမှာ မဟုတ်ပါဖူး။ ခေါင်းဆောင်က အတူလာ အဘူ အင်မာ ဂျွန်ဂျုနီ ဖြစ်ပြီး ရခိုင်ကလည်း မဟုတ်ပါဖူး၊ ကရာချိမှာ မွေးဖွား
ကြီးပြင်းခဲ့သူ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဆော်ဒီအာရေးဗီယား ကို ပြောင်းရွှေ့နေထိုင်ခဲ့ပြီး အီမန်
တယောက် ဖြစ်လာခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် ပါတ်ဝန်းကျင်လောက်မှာ ရိုဟင်ဂျာ ကိစ္စကို စိတ်ဝင်စားလာသူ တဦး ဖြစ်ပါတယ်။ သူ့မိသားစုတွေက ရခိုင်ဖက် က ဖြစ်ကောင်း ဖြစ်ပေမယ့် သူကတော့ မဟုတ်ပါဘူး။

*ဒါဆိုရင် မျိုးရိုးအရတော့ ဒီဒေသကို မြစ်ဖျားခံတယ်ဆိုပါတော့
ဟုတ်ပါတယ်။ ကျွန်တော် သူရဲ့ အသံသွင်း တိတ်ခွေတွေကို နားထောင်နေခဲ့သူပါ၊ သူ့စကားထဲမှာ ရခိုင် က ဘယ်ဒေသ ရဲ့ အမည်ကိုမှ မှန်မှန်ကန်ကန် အသံထွက်နူိုင်သူတယောက် မဟုတ်တာ သိခဲ့ရပါတယ်။ အူရဒူ စကားနဲ့ ရောပြီး စစ်တကောင်း ဘင်္ဂါလီ စကားကို ပြောဆိုခဲ့သူ ဖြစ်ပါတယ်။ သူရဲ့ အနီးကပ် လက်ထောက်တွေကလည်း ကရာချိ ဒါမှမဟုတ် ဘင်္ဂလားဒေ့ရှ် က လူတွေပဲ ဖြစ်ပါတယ်။
ဆက်လက်တင်ပြပါမယ်။
လှစိုးဝေ

No comments:

Post a Comment