Latest News

Sunday, December 31, 2017

မယ်ဟုတ်ချောင်းအနီး ပျောက်ဆုံးခဲ့သည့် ရဲတပ်ကြပ် တစ်ဦး ရေနစ်သေဆုံးလျက်တွေ့ရှိ

မယ်ဟုတ်ချောင်းအနီး ပျောက်ဆုံးခဲ့သည့် ရဲတပ်ကြပ် တစ်ဦး ရေနစ်သေဆုံးလျက်တွေ့ရှိ

တာချီလိတ် ဒီဇင်ဘာ ၃၁

 ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်၊ ဖန်မင်အုပ်စု၊ ပြည်သူ့စစ်စခန်းရှေ့ မယ်ဟုတ်ချောင်းအနီး ခြောက်ရက်ကြာ ပျောက်ဆုံးခဲ့သည့် မယ်ယန်းပူးပေါင်းစစ်ဆေးရေးစခန်း တာဝန်ကျ ရဲဝန်ထမ်း တစ်ဦး ဖန်မင်ရွာ သဲစုတ်စက်အနီးဒီဇင်ဘာ ၃၁ ရက် နံနက်ပိုင်းက ရေနစ်သေဆုံးလျက်တွေ့ရှိရသည်။

 ဒီဇင်ဘာ ၃၁ ရက် နံနက် ၈ နာရီခွဲ အချိန်ခန့်တွင် တာချီလိတ်မြို့၊ ဖန်မင်အုပ်စု၊ ဖန်မင်ရွာ ဦးစိုင်းညွန့်၏ သဲစုတ်စက်အနီး မယ်ဟုတ်ချောင်းအတွင်း လူသေ အမျိုးသားအလောင်း တစ်လောင်းတွေ့ရှိကြောင်း ဖုန်းဆက်အကြောင်းကြားသဖြင့် တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းနု၊ မြို့မစခန်းမှူး ဒုရဲမှူး ကြည်စိုးနှင့် ရဲတပ်ဖွဲ့ဝင် များသည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ ဦးစိုင်းညွန့်၏ သဲရေစုပ်စက်ပိုက်လိုင်းပေပါတွင် မှောက်လျက်အနေထားဖြင့် ကပ်ညှိနေသော လူသေ အမျိုးသား အလောင်းအား ပုပ်ပွလျက် ပြင်ပဒဏ်ရာမတွေ့ရှိဘဲ ရေနစ်သေဆုံးနေသည်ကို တွေ့ရှိသဖြင့် စစ်ဆေးရာ တာချီလိတ်မြို့မရဲစခန်း လူပျောက်အမှတ်စဉ် (၅/၂ဝ၁၇)ရေးဖွင့် စုံစမ်းစစ်ဆေးနေသည့် ရဲတပ်ကြပ် သန်းထွန်းဦး (၄၂ နှစ်)၊ ကျိုင်းတုံမြို့မရဲစခန်း၏ အလောင်းဖြစ်ကြောင်း သိရှိရ၍ အလောင်းအား တာချီလိတ်ပြည်သူ့ ဆေးရုံကြီးသို့ ဆေးစာ ရေးသားပို့အပ်ခဲ့သည်။

 ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၆ ရက်နေ့လည်ပိုင်းတွင်မယ်ယန်းပူးပေါင်းစစ်ဆေးရေးစခန်းတာဝန်ကျ ရဲတပ်ကြပ် သန်းထွန်းဦးသည်အတူတာဝန်ကျနေသည့် ရဲအုပ် စန်းယုအောင်၏ သမီးဖြစ်သူ မရတနာယုအောင် (၉ နှစ်)အား မုန့်စားရန်အတွက် ဆိုင်ကယ်ဖြင့် ခေါ်ဆောင်သွားရာမှ ပြည်သူ့စစ်စခန်းရှေ့ မယ်ဟုတ်ချောင်းအနီး ဆိုင်ကယ်အား တွေ့ရှိရပြီး လူ နှစ်ဦးပျောက်ဆုံးနေသဖြင့် လိုက်လံရှာဖွေစဉ် ဒီဇင်ဘာ ၃၁ ရက်နေ့ နံနက်ပိုင်းတွင် ရေချောင်းအတွင်း ပုပ်ပွလျက် ရဲတပ်ကြပ် သန်းထွန်းဦးဖြစ်ကြောင်း အတည်ပြု သိရပြီး ပျောက်ဆုံးနေသည့် မရတနာယုအောင်ကို ဆက်လက်စုံ စမ်းရှာဖွေလျှက်ရှိသည်။
 ဖြစ်စဉ်တွင် ရဲတပ်ကြပ် သန်းထွန်းဦး သေဆုံးခြင်းနှင့် ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် တာချီလိတ်မြို့မရဲစခန်း အမှုရေးဖွင့် ဆောင်ရွက် ထားကြောင်းသိရသည်။
မြင့်မိုရ်(တာချီလိတ်)မြန်​မာ့အလင်း

No comments:

Post a Comment