Latest News

Saturday, December 23, 2017

အဓိပ္ပာယ်ရှိသော ခရစ္စမတ် နှစ်မြတ်သို့ဦးတည်

အဓိပ္ပာယ်ရှိသော ခရစ္စမတ် နှစ်မြတ်သို့ဦးတည်

ဆန်းလပမာ ချမ်းမြေ့သာယာသော နှစ်သစ်
ကို ကြိုဆိုချက် သက်တမ်းအတိုင်းအရှည်ရှိ သော ပြက္ခဒိန်သစ်ကို ဖွင့်လှစ်ရတော့မည့် အခါသမယသို့ ကျရောက်လာသော အခါဝယ် နိုင်ငံတကာရေးရာ လေ့လာသူ ကျွန်ုပ်သည် ၂ဝ၁၇ ခုနှစ်ကို သမင်လည် ပြန် ပြန်ပြောင်းသုံးသပ်ထားသော ကမ္ဘာ့ ဘဏ်၏အမြင်အား ထင်ဟပ်ပေါ်လွင်စေ သည့် အထူးဆောင်းပါးတစ်ပုဒ်ကို စိမ်ပြေ နပြေ ဖတ်ရှု၍ နေမိလေ၏။

အကြင်ဆောင်းပါးသည်ကား ၂ဝ၁၇ ခုနှစ်ကို ကမ္ဘာ့ဘဏ်၏ ရှုထောင့်အမြင်မှငဲ့စောင်းကြည့်ခြင်းဖြစ်လေရာ တစ်မျိုးတစ် ဘာသာ ထူးခြားလှရကား ဃရာဝါသ ကိစ္စ များမြောင် လူတို့ဘောင်၌ ပစ္စက္ခ ၂ဝ၁၇ ခုနှစ်တွင် ထူးခြားသောပုံရိပ်များ  အသို့ ထင်ကျန်ရစ်ပါသနည်းဟု ကျွန်ုပ်စေ့ငုမိလေတော့သည်။

နတ်သမီး ကလက်၍ ဘုံပျက်ခြင်း

စက်မှုစွမ်းအား ခေတ်ကျော်လွှား အမြင်ဖြင့် စက်ယန္တရား အတတ်ပညာများကို ချဲ့ထွင်ခဲ့ကြသော လူသားများ၏ ယနေ့ ကာလ၌ 'လူ့ပယောဂ' ကြောင့်ဖြစ်ရသော ဘေးထွက်ဆိုးကျိုးတစ်ရပ်ကို မလွဲဧကန် ခါးစည်းခံကြရ၏။

အရာရာတွင် လွန်ကဲခြင်းသည်  မ ကောင်း၊ အလားတူပင် စက်ယန္တရား အတတ်ကျူးလာသည့်အခါ သဘာဝပတ် ဝန်းကျင်အပေါ် ထိပါးလာသည့် လုပ် ဆောင်ချက်များကို လူသားတို့ကိုယ်တိုင် ကျူးလွန်မိဘိသကဲ့သို့ ဖြစ်ရ၏။

ဤသို့လျှင် ကျွန်ုပ်တို့၏ ဘုံနန်းဗိမာန် ဖြစ်သော လူသားတို့တည်မှီရာ ကမ္ဘာကြီး သည် ဖန်လုံအိမ်နှင့်တူလာရတော့သည်။ ကိုယ်ကျိုးရှေ့ထား   ဝိသမလောဘသား လူ့ကျင့်ဝတ်မဲ့ လုပ်ဆောင်ချက်များအဖြစ် စီးပွားရေးကို အစွမ်းကုန်တိုးချဲ့ကြရာမှ လူသားသမိုင်းတွင်   အကျည်းတန်အရုပ် ဆိုးစေမည့် မှတ်တမ်းမှတ်ရာများ ပေါ်ထွက်လာသည်။

'နတ်သမီး ကလက်၍ ဘုံပျက်ရသည်' ဟူဘိသို့ပင် လူတို့က သဘာဝပတ်ဝန်းကျင် ၏ ပကတိအလှအပကို ထိန်းသိမ်းစောင့် ရှောက်ခြင်းမပြုခြင်းကြောင့် ကမ္ဘာကြီး ထိခိုက်လာမှုကို ဒီဇင်ဘာ ၁၂ ရက်က ပြင်သစ်နိုင်ငံ ပါရီ၌ ကျင်းပသော ဂြိုဟ်ကြီး   တစ်လုံး ထိပ်သီးဆွေးနွေးပွဲ (One Planet Summit) တွင် အစိုးရအဖွဲ့အကြီးအကဲများ နှင့် နိုင်ငံ့အကြီးအကဲများ အပြန်ပြန်အလှန်
လှန် ဆွေးနွေးခဲ့ကြလေသည်။

တိုးပွားလာသော လူဦးရေနှင့်အညီ သဘာဝပတ်ဝန်းကျင်မပျက်    ရှေ့သို့ ခရီး ဆက်ကြဖို့ 'ပါရီ သဘာတူညီချက်' ကို ကျွန်ုပ်တို့ အလေးထား လိုက်နာဖြည့် ဆည်းကြဖို့ လိုပေလိမ့်မည်။

ဤတွင်ရွေ့ကား ကျွန်ုပ်အနေဖြင့် ဓမ္မ ဂုဏ်ရည် ဆရာတော်ကြီး တောရဆောက် တည်စဉ် ၂ဝဝဝ ပြည့်နှစ်တွင် ရေးဖွဲ့ခဲ့သော
 'နတ်ရေကန် တောရ တိမ်အလှဘွဲ့' ပါ စာသားတစ်ပိုင်းတစ်စကို တိုးတိုးညင်သာ စွာ ကျူးရင့်သီမိ၏။

''ဝါဂွမ်းပုံနှယ်၊ တိမ်စင်ကြယ်က၊ လှတယ်အတွေ့၊ တပွေ့ပွေ့သာ၊ ပြေးဆာ့ကစား၊ တိမ်မြင့်ဖျားမှာ နတ်သားနတ်သမီးအလား၊စိတ်ဝင်စားမိ''နှစ်ပေါင်း ရှစ်သိန်းကာလပတ်လုံး ဖန်လုံအိမ် အာနိသင်ရှိ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ထုတ်လွှတ်မှုမှာ လူ့သမိုင်းတွင် အမြင့်ဆုံးအမှတ်သို့ ရောက်ရှိခဲ့ကြောင်း ၁၉၉ဝ ပြည့်နှစ်မှ ၂ဝ၁၄ ခုနှစ်အထိ ကာလအတွင်း 'စီအိုတူး' ဟု အမှတ်သညာပြု သော ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ် မှု ၆ဝ ရာခိုင်နှုန်းအထိ တိုးလာကြောင်း၊လွန်ခဲ့သည့်   သုံးနှစ်တာကာလတွင် စီအိုတူးပမာဏ တုံ့သွားခဲ့သည်ဆိုသည့် တိုင် ဆက်လက်မြင့်တက်ရန် အကြောင်း တရားရှိနေကြောင်း ရာသီဥတုသုခမိန်တို့ က ဆိုမိန့်လေသော် 'သံသရာ ကြောမှာလ မျောကြအသွယ်သွယ်၊ သြဃနယ်က ထွက် ဖို့ခက်သား' ဟု ကျွန်ုပ်တွေးမိလေသည်။

ကမ္ဘာ့နိုင်ငံကြီးများသည် မိမိ၏ ကိုယ် ကျိုးကိုသာ ရှေ့တန်းတင်၍ ဖန်လုံအိမ် အာနိသင်ဓာတ်ငွေ့ ဆက်လက်ထုတ်လွှတ် နေမည်ဆိုပါက ကျွန်ုပ်တို့လို ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် သိကြားမင်းအား 'ဗီတိုအာဏာ' သုံးစေ၍ 'စီအိုတူး' အရမ်းကာရော ထုတ်လွှတ်နေသော နိုင်ငံများကို  ခပ်ကြမ်းကြမ်းလေး ပြစ်ဒဏ်ပေးဖို့ အချိန်တန်ပြီဟုပင် ကျွန်ုပ်အတွေးကျွံမိ ၏။

ကဿပဘုရားရှင်၏ သာသနာတော် ဆုတ်ယုတ်သောအခါ သိကြားမင်းက ဝိသကြုံနတ်သားကို ခွေးနက်ကြီးသဏ္ဌာန် ဖန်ဆင်းစေ၍ ''ငါသည် အလုံးစုံသော အဓမ္မဝါဒီ ပုဂ္ဂိုလ်တို့အား ကုန်အောင်စား အံ့'' ဟူ၍ ဟစ်အော်ကြုံးဝါးခဲ့ရာ ယင်း သတိပေးအသံကို ဇမ္ဗူဒိပ်ကျွန်းရှိ လူနတ် အပေါင်းတို့က ကြားသိရ၏ဟူ၍ ကျွန်ုပ် မှတ်သားရဖူးသည်ကို ပြန်လည်မျှဝေလို ပေသည်။

တောင်မင်းမြောက်မင်း မကယ်နိုင်သူများ

၂ဝ၁၇ ခုနှစ်တွင် ကမ္ဘာ့ပြည်သူ ၈၃ သန်းခန့်မှာ အရေးပေါ်စားနပ်ရိက္ခာ အကူအညီ လိုအပ်သူများဖြစ်ကြသည်ဟု ကမ္ဘာ့ဘဏ် က လေ့လာတွေ့ရှိရလေသည်။

စားရမဲ့မဲ့ သောက်ရမဲ့မဲ့ လူသားများ နေထိုင်ရာ နိုင်ငံပေါင်း ၄၅ နိုင်ငံတွင် ယီမင်နိုင်ငံလည်းပါဝင်၏။ ယီမင်နိုင်ငံ၌ ပြည်သူ ၁၇ သန်းတို့မှာ စားရေရိက္ခာ  အလုံ အလောက် မရှိခြင်း၊ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင် မိခင်များ၊ ဘိုးဘွားများ အပါအဝင်   ပြည်သူသုံးသန်းကျော်မှာ အာဟာရချို့တဲ့မှုကို ခါးစည်း ခံနေကြရပေရာ တောင်မင်းမြောက်မင်းမကယ်နိုင်ကြ တော့ပြီလောဟု ကျွန်ုပ်စောကြောမိ၏။

ဆူကြုံနိမ့်မြင့် ကွာခြားနေဆဲ ကမ္ဘာ့နိုင်ငံ များအနက် ပြည်တွင်းစစ်ဒဏ်ခံကြရသော နိုင်ငံများမှ ပြည်သူများမှာ 'တွင်းပျောက် သည့် ပုတတ် ပျာလောင်ခတ်'ဟူဘိသို့ ဂနာမငြိမ်ရှိနေကြရပေရာ ကမ္ဘာ့ဘဏ်စီမံကိန်းများ တွင်တွင်လုပ် သုတ်သုတ်သွားဖို့ လိုအပ်လိမ့်မည်ဟု ကျွန်ုပ်တွေးဆ မိသည်။

နွားဆိုး ထိုးကွက်ရှာ

ကမ္ဘာ့နိုင်ငံများကို ထိုးနှက်ရန် တာစူနေ သော 'နွားဆိုးကြီး'သည်ကား 'သဘာဝ ဘေးအန္တရာယ်' ပါပေတည်း။

၂ဝ၁၇ ခုနှစ်တွင် ဟာရီကိန်းမုန်တိုင်း များ၊ ပေါက်ဆိန်မိုး ရွာသွန်းစေသော မုတ်သုံမိုးများ၊ ရေလွှမ်းမိုးမှုများ မှတ်တမ်း သစ်များ တင်ရလောက်အောင် ကြမ်းကြမ်း ရမ်းရမ်း ဖြစ်ပွားခဲ့၏။

ငဲ့ကွက်မှုမရှိ ရက်စက်သော နွားဆိုးကြီးက ကမ္ဘာ့နိုင်ငံများကို သဘာဝဘေး အန္တရာယ် တည်းဟူသော ချိုဖြင့် ထိုးနှက် ခဲ့ပြီးလျှင် ကာရစ်ဘီယန်ဒေသ၊ တောင် အာရှဒေသနှင့် အမေရိကန်ပြည်ထောင်စု တို့ အထိနာခဲ့ရသည်။ ဆီရာလီယွန်နှင့် ကိုလံဘီယာနိုင်ငံတို့၌ မြေပြိုမှုများကြောင့် လူပေါင်းများစွာ သေဆုံးခဲ့ကြရသည်။

သေဆုံးသူ ၁ဝ ဦးအထက် သို့မဟုတ် ထိခိုက်သူဦးရေ ၁ဝဝ အထက်ရှိသော သဘာဝဘေး ဖြစ်ပွားမှုမှာ ၁၉၆ဝ ပြည့်လွန် နှစ်များကာလနှင့် နှိုင်းယှဉ်လျှင် လေးဆ ခန့်အထိ ပိုမိုများပြားလာသည်ဟု ကျွန်ုပ်မှတ်သားရ၏။

လူသား အရင်းအနှီး

ဝင်ငွေနိမ့်သော ကမ္ဘာ့နိုင်ငံများ၌ 'လူသား အရင်းအနှီး' (Human capital) မြှင့်တင်ကြဖို့ ကမ္ဘာ့ဘဏ်က တိုက်တွန်းနှိုးဆော်ထားသည်။

ကမ္ဘာကြီး၏ အကြီးမားဆုံး 'တန်ဖိုးရှိသည့် ပိုင်ဆိုင်မှု' (Asset) မှာ လူ့အဖွဲ့ အစည်းတစ်ခု၏ ကျွမ်းကျင်မှုများ၊ အတွေ့အကြုံများ၊ ကြိုးပမ်းအားထုတ်မှုများဖြစ် ကြသည်။ အနာဂတ် ကာလ၌ စီးပွားရေး ဘဝတွင် ယှဉ်ပြိုင်နိုင်စွမ်းရှိကြဖို့ လူသား အရင်းအနှီး    အထူးအရေးကြီးလှသည် ဟု ကမ္ဘာ့ဘဏ်က မီးမောင်းထိုး ပြထား၏။

ခေတ်သစ်စီးပွားရေးပုံစံမှာ ဥာဏဗလအားအပေါ် မှီတည်နေပြီး 'ငွေကြေး အရင်းအနှီး' ထက် 'လူသား အရင်းအနှီး' က သာလွန်၍ အရေးကြီးလာသည်။

လူ့အဖွဲ့အစည်းတစ်ခု၏ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှုအဖြစ် ပညာရေးနှင့် လူသား အရင်းအနှီးတို့တွင် တိုးမြှင့်ရင်းနှီးမြှုပ်နှံကြဖို့ လိုအပ်ပေမည်။

''ပညာရေးဟူသည်ကား ခုစိုက်၊ ခုပွင့်၊ ခုသီးပြီး ခုစားရသော အရာမဟုတ်၊ ခေတ် သစ် ထူထောင်လိုသော် လူသစ်ပျိုးရန် လို အပ်ပြီး ဗလငါးတန်ပြည့်ဝရေး ကြိုးပမ်းကြ ရန်'' ဟူသော ပညာမင်းကြီး စည်သူ ဦးကောင်း၏ အဆိုအမိန့်တစ်ရပ်ကို ကျွန်ုပ် ပြန်လည်ကြားယောင်မိ၏။

ထိုမှဆက်၍ ''ပညာတတ်သူသည် လောကရှိ အရာရာကို အခွင့်အလမ်းအလိုက်ဆင်ခြင်သုံးသပ်နိုင်စွမ်းရှိသော ဥာဏ်အားကိုလည်းကောင်း၊ မိမိဥာဏ်အမြင်အရ စိတ်နေစိတ်ထား၊ စိတ်ဓာတ်တို့ ကိုလည်းကောင်း (Emotion of the Education) ပြုပြင် ပြုစု စီမံထားခဲ့သူသာလျှင် ဖြစ်သည်'' ဟူသော ဗိုလ်ချုပ်အောင်ဆန်း ၏ အဆိုအမိန့်ကိုလည်း ကျွန်ုပ်အလေးထားမိ လေသည်။

အခြေခံ ဘဝနေနည်း

ကမ္ဘာတစ်ဝန်း၌ ကလေးသူငယ် သန်းရာပေါင်းမျာစွာသည် အခြေခံဘဝနေနည်း (ဝါ)  Basic Life Skillsကိုပင် မသိကြကြောင်းဆင်းရဲမွဲတေမှုနှင့် ပညာရေး (တတ်သိပညာ) ဆက်နွှယ်ပုံကို ကမ္ဘာ့ဘဏ်က ထောက်ပြထား၏။

ကမ္ဘာတစ်ဝန်း၌ နေ့စဉ် မိန်းကလေးငယ် ၄၁ဝဝဝ မှာ အသက် ၁၈ နှစ်မပြည့်မီ အိမ်ထောင်ရက်သားကျကြရကြောင်း၊ အရွယ်မရောက်သေးဘဲ အိမ်ထောင်ရက် သားကျသွားသူ မိန်းကလေးငယ်ပေါင်းမှာ တစ်နှစ်လျှင် ၁၅ သန်းခန့်ရှိကြောင်း၊ ပညာရေးအရ ဆုံးရှုံးခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းအရ ဆုံးရှုံးခြင်း၊ အိမ်တွင်း အကြမ်းဖက်မှုနှင့် တွေ့ကြုံရတတ်ခြင်းတို့ ကို ကမ္ဘာ့ဘဏ်က ထောက်ပြသည်။

ဆင်းရဲမွဲတေမှု လျှော့ချရေးအတွက် အလုပ်အကိုင်များ ဖန်တီးပေးရန်လိုအပ် သော်လည်း ကမ္ဘာပေါ်ရှိ လူငယ်ဦးရေ၏ ၆ဝ ရာခိုင်နှုန်းမှာ အလုပ်လက်မဲ့များ ဖြစ် ကြသည်ဆိုသော အချက်မှာလည်း  မှတ် သားစရာကောင်းလှ၏။

သဘာဝအရင်းအနှီးများ တိုးပွားစေဖို့၊ ဇီဝမျိုးစုံလင်စေဖို့ လူသားတိုင်း အလေးထားကြရန် ကမ္ဘာ့ဘဏ်က တိုက်တွန်းနှိုး ဆော်ပြန်သည်။

ကမ္ဘာတစ်ဝန်းတွင် လူပေါင်းသန်း ၁ဝဝဝကျော်မှာ ၄င်းတို့၏ လူနေမှုဘဝအတွက် သစ်တောများအပေါ် မှီခိုအားထားနေရ သော်လည်း တောရိုင်းအပင်များ၊ တိရစ္ဆာန် များ၊ အဏ္ဏဝါဇီဝမျိုးများတည်းဟူသော 'သဘာဝ အရင်းအနှီး' ကို ထိန်းသိမ်းစောင့် ရှောက်ရန်လည်းကောင်း၊ လူသားတို့ တည်မှီရာ ဂေဟစနစ်များ ကောင်းမွန်စေလျက် စီးပွားရေးခရီးဆက်ကြရန်လည်းကောင်း ကမ္ဘာ့ဘဏ်က ဆော်သြထား၏။

ခရစ္စမတ် (နာတာလူးပွဲတော်) ကာလ တွင် ကမ္ဘာ့လူသားများအားလုံး မေတ္တာ အပြုံးပန်းများဖလှယ်ကြ၊ ခရစ္စမတ်တေး များကို အားပါးတရ သီကျူးကြချိန်တွင် လာမည့်နှစ်သစ်၌ ထူးခြားကောင်းမြတ် သည့် ကာယကံ၊ ဝစီကံ၊ မနောကံအမှုများ  တိုးပွားပါစေကြောင်း   ကျွန်ုပ်ဆုမွန်ြေ>ွခ လျက် ''အဓိပ္ပာယ်ရှိသော ခရစ္စမတ် နှစ်မြတ်သို့ ဦးတည်'' ဟု ကျူးရင့်မိပါသတည်း။   ။

Ref: Year in Review: 2017 (World Bank)MWD

No comments:

Post a Comment