Latest News

Friday, December 8, 2017

ကျိုက်ထီးရိုးဘုရားဖူးသူများကိုတစ်ရက်တာ အခမဲ့ပို့ဆောင်ပေး

ကျိုက်ထီးရိုးဘုရားဖူးသူများကိုတစ်ရက်တာ အခမဲ့ပို့ဆောင်ပေး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ သမိုင်းဝင်ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်တည်ရှိရာ ကျိုက်ထီးတောင်သို့ ပြေးဆွဲပေးနေသည့် ကျိုက်ထီးရိုး တောင်တက်မော်တော်ယာဉ်အသင်း၏ (၁၄) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ဘုရားဖူးများအား တောင်တက်မော်တော်ယာဉ် စီးရေ ၁၅၀ဖြင့် သတ္တမအကြိမ်မြောက် တစ်နေ့တာအခမဲ့ပို့ဆောင်ပေးလျှက်ရှိတယ်လို့ ကျိုက်ထီးရိုးတောင်တက်မော်တော်ယာဉ်အသင်းရုံး မှ သိရသည်။

 ကျိုက်ထီးရိုး တောင်တက်မော်တော်ယာဉ်အသင်းရဲ့ (၁၄) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ဘုရားဖူးလာရောက်ကြမယ့်သူတွေကို တောင်တက်မော်တော်ယာဉ်အစီး ၁၅၀ နဲ့ အတက်၊ အဆင်းအခမဲ့ပို့ဆောင်ပေးသွားမယ့်အပြင် တောင်တက်မော်တော်ယာဉ်ပိုင်ရှင် မိသားစုတွေနဲ့ လူမှုရေးအသင်းအဖွဲ့တွေကလည်း ဒံပေါက်၊ မုန့်ဟင်းခါး၊ ထမင်း၊ သီးစုံဟင်းနဲ့ ဘာလချောင်ကြော်၊ တိုရှည်စတဲ့ စတုဒိသာအလှူနဲ့ ကျွေးမွေးလှူဒါန်းခဲ့ ကြသည်။

 " ဒီနှစ်က ပြေးဆွဲတာ သတ္တမကြိမ်မြောက်ပေါ့နော်။ ကျွန်တော်တို့တောင်တက်မော်တော်ယာဉ်အသင်းကို ဖွဲ့စည်းခဲ့တာက ၁၄နှစ်မြောက်ခဲ့ပါပြီး။ဘုရားဖူးတွေက မနက် ၄ နာရီလောက်ကတည်းက ရောက်နေကြလို့ မနက်စောစောပိုင်းကတည်းက စတင်ပြေးဆွဲနေတာပါ"ဟု ကျိုက်ထီးရိုးတောင်တတ်မော်တော်ယာဉ် ဥက္ကဌ ဦးမျိုးမြင့် ကပြောသည်။

ကျိုက်ထီးရိုးစေတီတော်သို့ အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသည့် ဘုရားဖူးပြည်သူများအနေဖြင့် တောင်တက်မော်တော်ယာဉ်အသင်း၏ ၁၄နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်သည့် ဒီဇင်ဘာ ၆ရက်ရက်နေ့၌ တောင်ခြေမှစကာတောင်ထိပ်ထိ လမ်းတောက်လျှောက် စတုဒီသာအလှူတော်များဖြင့်ကျွေးမွေးဧည့်ခံလျှက်ရှိကြောင်း သိရသည်။

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ကြီး၏ ဘုရားပွဲတော်ကာလဖြစ်သည့် သီတင်းကျွတ်လပြည့်မှ ကဆုန်လပြည့်နေ့အထိ တောင်တက်ယာဉ် အစီး ၁၅၀ ဖြင့် ပြေးဆွဲပေးလျှက်ရှိကာ တောင်ပိတ်ချိန်ကာလဖြစ်သည့် ကဆုန်လပြည့်ကျော် ၁ ရက်မှ သီတင်းကျွတ်လဆန်း ၁၄ ရက်အထိ အစီး ၅၀ စီဖြင့် သုံးအုပ်စုခွဲပြီး ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

ဟံသာနွန်

No comments:

Post a Comment