နေပြည်တော် ဒီဇင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် သုံးဆင့်ရေတံခွန်အနီးရှိ ဝှက်ကားသုံးဆင့် ရေတံခွန် အပန်းဖြေ ဆင်စခန်းကို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလတွင် ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီး ဌာန မြန်မာ့သစ်လုပ်ငန်းမှ သိရသည်။ ''အစတုန်းကတော့ ဝှက်ကားသုံးဆင့် ရေတံခွန် အပန်းဖြေ ဆင်စခန်း ကို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်မှာ ဖွင့်လှစ်ဖို့ စီစဉ်ထားတာပါ။ အချို့ကိစ္စတွေ အဆင်မပြေတာလေး တွေကြောင့် ၁ ရက်နေ့မှာ မဖွင့်ဖြစ်တော့ပါဘူး။ ဒါပေမဲ့လည်း ဇန်နဝါရီလထဲတော့ ဖွင့်ဖြစ်အောင် စီစဉ်နေပါ တယ်''ဟု မြန်မာ့သစ်လုပ်ငန်းမှ လက်ထောက် အထွေထွေ မန်နေဂျာ ဦးအောင်မြင့်ဌေးက ပြောသည်။
အဆိုပါ ဆင်စခန်းသည် မန္တလေးမြို့မှ ၂၇ မိုင်ခန့်အကွာတွင်ရှိပြီး ပြင်ဦးလွင်မြို့နယ် ကျောက်ချော-ရဲရွာ ကားလမ်းမှ ၉ မိုင်ခန့်သွားရကာ ဝှက်ကား-ဒီဒုတ်ကြိုးဝိုင်း အတွင်းတွင် တည်ရှိသည်။ အကျယ် ၇၅ ဧကခန့် ကျယ်ဝန်းပြီး လက်ရှိတွင် ဆင်ခြောက်ကောင်ဖြင့် လာရောက် အပန်းဖြေသူများကို ဝန်ဆောင်မှုပေးသွားရန် စီစဉ်ထားကြောင်း သိရသည်။ ပြင်ဦးလွင်သို့ လာရောက်အပန်းဖြေသူများ အနေဖြင့် ခုနစ်မိုင် ကမ်းခြေစခန်း၊ ဒီးဒုတ်ရေပြာအိုင်စခန်း၊ သုံးဆင့်ရေတံခွန် အပန်းဖြေစခန်းတို့အပြင် ယခုထပ်မံဖွင့်လှစ်မည့် ဝှက်ကားသုံးဆင့် ရေတံခွန်အပန်းဖြေ ဆင်စခန်းကိုလည်း လေ့လာအပန်းဖြေ နိုင်မည်ဖြစ်သည်။ ''ယခုဖွင့်မယ့် ဆင်စခန်းက ဆင်တွေကို စဥ့်ကူးမြို့နယ် မာလဲဆင်စခန်းကနေ ဒီဇင်ဘာ ၁၁ ရက်က ပြောင်းရွှေ့ထားတာပါ။ စုစုပေါင်း ဆင်ခြောက်ကောင်နဲ့ အပန်းဖြေသူတွေကို ဝန်ဆောင်မှု ပေးမှာဖြစ်ပါတယ်။ ဆင်တွေကို ဧည့်သည်တွေ စီးတဲ့အခါမှာ လုံခြုံစိတ်ချရပြီး ထိခိုက်မှု မရှိအောင် လေ့ကျင့်နေပါတယ်။ အယဉ်ပါးဆုံး ဆင်တွေနဲ့ ဝန်ဆောင် မှုပေးမှာပါ။ နောက်ပြီးဆင်တွေကို အစာကျွေးနိုင်အောင် အစာဆိုင်များကိုလည်း ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။ ဒီဆင်စခန်းက ခရီးသွားလုပ်ငန်းကို အထောက်အကူဖြစ်မယ့် ဆင်စခန်းတစ်ခု ဖြစ်လာလိမ့်မယ်လို့ မျှော်လင့် ပါတယ်''ဟု မြန်မာ့သစ်လုပ်ငန်းမှ လက်ထောက် အထွေထွေ မန်နေဂျာ ဦးအောင်မြင့်ဌေးက ဆက်လက် ပြောသည်။
အဆိုပါ ဆင်စခန်းအတွက် သတ်မှတ်ထားသည့် နှုန်းထားများမှာ ပြည်တွင်း ခရီးသွားဧည့်သည် တစ်ဦးလျှင် ဝင်ကြေးငွေကျပ် ၁ဝဝဝ၊ ဆင်စီးခအနေဖြင့် ငွေကျပ် ၅ဝဝဝ ဖြစ်ပြီး နိုင်ငံခြားသား ခရီးသွားဧည့်သည် တစ်ဦးလျှင် ဝင်ကြေးငွေကျပ် ၂ဝဝဝ၊ ဆင်စီးခမှာ ငွေကျပ် ၂ဝဝဝဝ သတ်မှတ်ထားကြောင်း၊ စားသောက်ဆိုင် များဖွင့်လှစ်ရောင်းချ ပေးသွားမည်ဖြစ်ပြီး တည်းခိုနေထိုင်ရေးအတွက် ညအိပ်တည်းခိုရန် အဆင်သင့် မဖြစ် သေးသည့်အတွက် နေ့ချင်းပြန်သာ အပန်းဖြေနိုင်ကြောင်း သိရသည်။MWD
No comments:
Post a Comment