Latest News

Thursday, December 28, 2017

စိတ်ဝေဒနာရှင် သမီးကို အခန်းငယ်ထဲတွင် သေဆုံးသည်အထိ ပိတ်လှောင်ထားသော မိဘများကို ဂျပန်ရဲတပ်ဖွဲ့ဖမ်းဆီး

စိတ်ဝေဒနာရှင် သမီးကို အခန်းငယ်ထဲတွင် သေဆုံးသည်အထိ ပိတ်လှောင်ထားသော မိဘများကို ဂျပန်ရဲတပ်ဖွဲ့ဖမ်းဆီး

အသက် ၃၃ နှစ်ရှိ စိတ်ဝေဒနာရှင် သမီးကို အခန်းငယ်ထဲတွင် သေဆုံးသည်အထိ နှစ်ပေါင်း များစွာ ကြာအောင် ပိတ်လှောင်ထားသော ဂျပန်နိုင်ငံမှ ဇနီးမောင်နှံနှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၂၇ ရက်တွင် ပြောသည်။ သေဆုံးသူ အာအီရီကာကီမိုတိုသည် စိတ်မနှံ့ဖြစ်သည်ဟု ယူဆကာ ၄င်း၏မိဘများက အခန်းထဲတွင် ပိတ်လှောင်ထားခြင်းဖြစ်သည်။

အာအီရီကာကီမိုတို သေဆုံးပြီဖြစ်ကြောင်း ၄င်း၏မိဘ နှစ်ပါးက ဒီဇင်ဘာ ၂၃ရက်တွင် ရဲတပ်ဖွဲ့ထံ သတင်း ပို့ပြီးနောက် အလောင်းကို အလွန်အမင်း အာဟာရချို့တဲ့၍ သေဆုံးသည့် ပုံစံဖြင့် တွေ့ရှိခြင်းဖြစ်ကြောင်း ဂျပန်နိုင်ငံ အနောက်ပိုင်း အိုဆာကာစီရင်စု ရဲတပ်ဖွဲ့က ပြောသည်။ အာအီရီကာကီမိုတို၏ မိဘများဖြစ်သော အသက် ၅၅ နှစ်ရှိ ယာဆူတာကာကာကီမိုတိုနှင့် အသက် ၅၃ နှစ်ရှိ ယူကာရီကာကီမိုတိုတို့က ၄င်းတို့သည် သမီးဖြစ်သူကို လွန်ခဲ့သော ၁၅ နှစ်ကတည်းက ၃ စတုရန်းမီတာသာ ကျယ်ဝန်းသည့် အခန်းငယ်အတွင်း ပိတ်လှောင်ထားခြင်း ဖြစ်ပြီး တစ်နေ့လျှင် တစ်ကြိမ်သာ အစားကျွေးကြောင်း ဝန်ခံထားသည်။

အာအီရီကာကီမိုတိုသည် အသက် ၁၆နှစ်မှ ၁၇ နှစ်အတွင်း စိတ်ကျန်းမာရေး ချို့တဲ့ကာ ထိန်းမနိုင်သည့် အနေအထားအထိ ဖြစ်လာကြောင်း၊ ထို့ကြောင့် ၄င်းကို အခန်းထဲတွင် ပိတ်လှောင် ထားခြင်းဖြစ်ကြောင်း မိဘများ၏ ပြောဆိုချက်ကို ကိုးကား၍ ရဲတပ်ဖွဲ့က ပြော သည်။ ဂျပန်နိုင်ငံ၌ စိတ်မကျန်းမာသည့် ဝေဒနာရှင်များနှင့် ပတ်သက်၍ အချို့မှာ သဘောထား အမြင်များ ပြောင်းလဲမှု ရှိလာပြီဖြစ်သော်လည်း အချို့မိသားစုဝင်များက ဂုဏ်သိက္ခာ ကျဆင်း သည်ဟုဆိုကာ အလွန်အမင်း စောင့်ကြည့်ကြသည်။

သေဆုံး သူ၏ မိဘများသည် အာအီရီကို ထိန်းသိမ်းထားသည့် အခန်းအတွင်း စောင့်ကြည့် ကင်မရာ တပ်ဆင်ထားပြီး အပြင်ဘက်မှ တံခါးနှစ်ဆင့် ပိတ်ထားသည်။ ထို့ပြင် အခန်းအတွင်း ယာယီသုံးအိမ်သာ၊ ရေချိုးခန်းကို ထားရှိပေးထားသည်ဟု ရဲတပ်ဖွဲ့ က ပြောသည်။

ရဲတပ်ဖွဲ့သည် ၂ မီတာအမြင့်ရှိ ခြံစည်းရိုး ပတ်ပတ်လည် ခတ်ထားသော တစ်ထပ်တိုက် အပြင်ဘက်တွင် တပ်ဆင်ထားသည့် စောင့်ကြည့်ကင်မရာ ၁ဝ လုံးကို စစ်ဆေးကြည့်ရာ သေဆုံးသူသည် ဒီဇင်ဘာ ၁၈ ရက်တွင် သေဆုံးခြင်းဖြစ်သော် လည်း မိဘများက ဒီဇင်ဘာ ၂၃ ရက်မှ သတင်းပို့သဖြင့် ၄င်းတို့ကို အလောင်းဖျောက်ရန် ကြံစည်သည်ဟု သံသယရှိမှုဖြင့် ဖမ်းဆီးထားခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ပြောဆိုချက်အရ သိရသည်။(MWD)

No comments:

Post a Comment