Latest News

Thursday, December 28, 2017

အမေရိကား တွင် ချမ်းသာအောင် မည်သို့ လုပ်နိုင်ပေသနည်း

အမေရိကား တွင် ချမ်းသာအောင် မည်သို့ လုပ်နိုင်ပေသနည်း

အထက်ပါ မေးခွန်း၏ အဖြေကို သိရန် ဤစာစုကို အချိန်ကုန်ခံ၍ ဖတ်မနေသင့်၊ အဘယ်ကြောင့်ဆိုသော ထိုသို့ လုပ်ရန် နည်းလမ်း နှစ်ခုသာ ရှိသည်ဟု ဆောင်းပါးရှင်က လမ်းညွှန်ထားခဲ့ပြီး ဖြစ်သောကြောင့်ပင်၊ ပထမတနည်းက သင်သည် ချမ်းသာသော မိဘမျိုးရိုးမှ မွေးဖွားလာသူ ဖြစ်ရမည်။ ဒုတိယ တနည်းက ချမ်းသာသေ အသိုက်အ၀န်းမှ ဆင်းသက်လာသူကို လက်ထပ်နိုင်ရမည် ဟူ၍ ဖြစ်သည်ဟု ရှင်းလင်းစွာ ဖွင့်ဆိုထားခဲ့သောကြောင့်ပင် ဖြစ်သည်။

သို့သော် နောက်ထပ် နည်းလမ်းတခု ရှိသေးဟု ဆိုပြန်၍ သိလိုက ဆက်၍ ဖတ်နိုင်ပေသည်။

မည်သို့ပင် ထိုကဲ့သို့ အဖြေ ရှင်းလင်းစွာထွက်ပေါ်နေရသော်လည်း အမေရိကန်ရှိ လူငယ်များက ၎င်းတို့၏ အနာဂါတ်ကို ပုံဖေါ်နိုင်ရေး အတွက် ချီးကြူးဖွယ်ကောင်းလောက်အောင် မျှော်လင့်ချက်များ ထားနေဆဲပင် ဖြစ်သည်။ စစ်တမ်းတခုအရ အမေရိကန် လူမျိုး လေးပုံ သုံးပုံခန့်သည် အလုပ်ကြိုးစားခြင်းသည်သာ အောင်မြင်ရန် အရေးပါသော သော့ချက်ဟု ယူဆထားခဲ့ကြသည်ကို တွေ့ရှိနိုင်ပေသည်။ အခြားသော ၆၂% ကမူ ပညာရေးတွင် ဘွဲ့ဒီဂရီ ကောင်းကောင်းရရှိနိုင်ရမည်ဟုလည်း မမေ့မလျော့ထောက်ပြခဲ့ကြပြီး ၂၀% ကမူ ငွေကြေးကြွယ်ဝနေမှု ဖြင့်သာ အောင်မြင်ခြင်း ပန်းတိုင်ကို အရောက်လှမ်းနိုင်မည်ဟု ယုံကြည်ခဲ့ကြကြောင်း တွေ့ရမည် ဖြစ်သည်။ ထိုကဲ့သို့ အမျိုးမျိုး အဖုံဖုံ ပြောဆိုယူဆနေကြသော်လည်း အမေရိကန် နိုင်ငံသည် အခြား ချမ်းသာသော နိုင်ငံများနှင့် နှိုင်းယှဉ်လျင် လူတဦးချင်း ၀င်ငွေကွာဟမှုသည် လွန်စွာကြီးမားကျယ်ပြန့်နေရသည့်အပြင် လူမှုရေးအရ အမြင့်သို့ တက်လှမ်းနိုင်မှုတွင်လည်း နောက်ကျကျန်နေခဲ့ပေသည်။ သို့ဆိုက ရည်မှန်းချက် မြင့်မြင့်ထားကြသော အမေရိကန်လူငယ်တို့ ချမ်းသာဖို့ မည်သို့ လုပ်ကြရပေမည်နည်း။

အဆိုပါ မေးခွန်းအား စတန်းဖို့ တက္ကသိုလ် ကြီး နှင့် အခြားသော ဘောဂဗေဒ ပညာရှင်များက စစ်တမ်းများ တကူးတက ကောက်ယူကာ ကြိုးစား ဖြေဆိုပေးခဲ့ကြသည်။ ပညာရေးဌာနမှ အချက်အလက်များနှင့် ၀င်ငွေခွန် ကြေငြာလွှာ သန်း ၃၀ ကို တိုက်ဆိုင်စစ်ဆေးခဲ့ကြရာမှ ကောလိပ်ကျောင်းတခုခုမှ ဘွဲ့ရရှိလာသူများ၏ ၀င်ငွေ အသီးသီး နှင့် ဘွဲ့ရသူတဦး၏ မိဘများ မည်မျှ ချမ်းသာသည်ကို မူတည်၍ ပြောင်းလဲလာမှုများကို တွေ့ရှိလာခဲ့ကြသည်။ ထို့အတွက် ထိတ်ထိတ်ကျဲ တက္ကသိုလ်ကြီးတခုအား တက်ရောက်သင်ကြားနိုင်မှသာလျင် လူလတ်တန်းစားများတွင် ထိတ်ဆုံးမှ ရှိနိုင်မည်ဟူသော အဖြေကို ထုတ်ပေးနိုင်ခဲ့သည်။ အဆိုပါ ပုဂ္ဂိုလ်များ အနေဖြင့် မိသားစု နောက်ကြောင်းနှင့် မသက်ဆိုင်ပဲ အမေရိကန်တွင် ၂၀% မျှ ရှိသော ၀င်ငွေကောင်းသူများ၏ ကြားသို့ ထိုးဖေါက်ဝင်ရောက်နိုင်မည်ဟု သုံးသပ်ခဲ့ကြသည်။ သို့သော် မထင်မရှား တက္ကသိုလ်တခုခုမှ ဘွဲ့ရလာသူများ အတွက်လည်း အဆိုပါ အဆင့်အတန်းသို့ ရောက်နိုင်ရန် အခြေအနေ ပေးပါသေးသည်ဟုလည်း ဆိုပြန်သည်။ သို့သော် ထိုနေရာတွင် ၎င်းတို့ သင်ယူခဲ့ရာ ဘာသာရပ်အပေါ်တွင် တည်မှီသွားခဲ့သည်ဟု ဆိုပေသည်။ ယေဘုယျ ဆိုရက မထင်မရှား အင်ဂျင်နီယာ တက္ကသိုလ်တခုဖြစ်သည့် Kettering University နှင့် Stevens Institute of Technology များမှ အောင်မြင်သူများသည် Ivy League ဟု ခေါ်သော ထိတ်ထိတ်ကျဲ တက္ကသိုလ်ကြီးများမှ အောင်မြင်သူများနှင့် ၀င်ငွေ အရာတွင် တူညီကြသည်ဟု ဆိုသည်။

သို့သော် လူလတ်တန်းစားများတွင် ထိတ်ဆုံးအဆင့်ကရှိနေသူများသည် ဘွဲ့ ဒီဂရီ ကောင်းကောင်း ရနေယုံဖြင့် လူချမ်းသာများ အသိုက်အ၀န်းသို့ မရောက်ရှိနိုင်ပြန်ပေ၊ ဘဏ်လုပ်ငန်းရှင်များ နှင့် အခြား ငွေကြေးဝါလားများသာ လွှမ်းမိုးနေသည့် ၁% မျှသာ ရှိသော လူချမ်းသာများ အသိုက်အ၀န်းသို့ တက်လှမ်းနိုင်ခဲ့သည် အင်ဂျင်နီယာများ၊ သူနာပြူများ နှင့် ဆေးဝန်ထမ်းများ အနည်းငယ်သာ ရှိပေသည်။ ဟားဘတ် နှင့် ယေးလ် တက္ကသိုလ်ကြီးများမှ ဆင်းလာနိုင်သူများသာ wall Street တွင် ၀င်ရောက်လုပ်ကိုင်နိုင်စွမ်း ရှိကြသည်။ ထိုနေရာသည်သာ လူချမ်းသာများ မွေးထုတ်ပေးရာ ဌာနကြီးလည်း  ဖြစ်သည်ဟု အဆိုပါ လေ့လာ ချက် စစ်တမ်းက ညွှန်ပြခဲ့ပြန်သည်။

အဆိုပါ တက္ကသိုလ်ကြီးများသို့ ၀င်ရောက်ခွင့်ရရေးသည်လည်း သာတူညီမျှ စနစ် မဟုတ်ပြန်ပေ။ အဆိုပါ ကျောင်းဆင်းခဲ့သူများ၏ သားသမီးများကိုသာ ဦးစားပေး ၀င်ခွင့်ပြုခဲ့ပြန်သည်။ ဟားဘတ် တက္ကသိုလ်သို့ ၀င်ရောက်ခွင့်ရခဲ့သူများဒ ၂၇% သည် အဆိုပါ အချက် ဖြင့် ဦးစားပေး ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။

သို့အတွက် အထက်တွင် ဆိုခဲ့သလို အလွန်အမင်း ကြွယ်ဝ ချမ်းသာဖို့အရေးသည် မည်သို့သော မိဘမျိုးက မွေးဖွားလာသည်အပေါ် မူတည်နေသလို၊ ၎င်းတို့၏ သားသမီး များနှင့် အိမ်ထောင်ပြုနိုင်ရေးပင် ဖြစ်သည်ဟု ဆိုခဲ့ခြင်း ပင်၊ ထိုအချက်နှစ်ချက်စလုံး မကိုက်ညီက ထိတ်ထိတ်ကျဲ တက္ကသိုလ် ကောလိပ်များသို့ ၀င်ရောက်ခွင့်ရရန် ကြိုးစားကြဖို့သာ ရှိပေတော့သည်။ လှစိုး​ဝေ


ရည်ညွှန်း၊ ၊  "ံHow to get rich in America" From the Economist (Feb 2nd 2017)

No comments:

Post a Comment