Latest News

Tuesday, December 26, 2017

ချင်းပြည်နယ်ထွက် ဝဥ(ခေါ်)ဖျံဥများ ယခုနှစ်မှစ၍ ဂျပန်နိုင်ငံက ဝယ်ယူတော့မည်

ချင်းပြည်နယ်ထွက် ဝဥ(ခေါ်)ဖျံဥများ ယခုနှစ်မှစ၍ ဂျပန်နိုင်ငံက ဝယ်ယူတော့မည်

 ချင်းပြည်နယ်တွင်  သဘာဝအတိုင်းပေါက်ရောက်သည့် ရာသီသီးနှံပင် အမျိုးအစားဖြစ်သည့်  ပြည်ပဝယ်လိုအားရှိ ဝဥ(ခေါ်) ဖျံဥကို ယခုအခါ တိုးချဲ့ စိုက်ပျိုးလျက်ရှိပြီး ယခုနှစ်မှစတင်၍ ဂျပန်နိုင်ငံက ဝယ်ယူတော့မည်ဖြစ်ကြောင်း သိရသည်။

ချင်းပြည်နယ်သည် တောင်ကုန်းတောင်တန်းထူထပ်သော ဒေသတစ်ခုဖြစ်ပြီး ပြည်နယ်အတွင်း၌ စပါး၊ လက်ဖက်၊ ကော်ဖီနှင့် ဝဥတို့ကို အဓိကစိုက်ပျိုးကြရာ အဓိကစိုက်ပျိုးသီးနှံတစ်ခုဖြစ်သည့် ဝဥကို စိုက်ပျိုးကာလ နှစ်နှစ်ကျော်၊ သုံးနှစ်ထိ ထားရှိကာ သတ်မှတ်ဥအရွယ်အစားရောက်မှသာ တူးဖော်ကြကြောင်း သိရသည်။

 ဝဥများကို ချင်းပြည်နယ်နေရာအနှံ့ စိုက်ပျိုးကြသော်လည်း မင်းတပ်မြို့နယ်နှင့် ကန်ပက်လက်မြို့နယ်တို့မှ ဝဥတို့သည် အထူးအရည်အသွေးကောင်းကြောင်း၊ ဝဥ များကို တူးဖော်ပြီး ဓားနှင့် ပါးပါးလှီးကာ နေရောင်တွင် အခြောက်လှန်းရပြီး အတွင်း သားအရောင်မှာ အဖြူရောင်ဖြစ်ကြောင်း၊ နေလှန်းပြီး ဝဥခြောက်တစ်ပိဿာလျှင် ငွေကျပ် ၇ဝဝဝ ကျော်၊ ၈ဝဝဝ အထိရှိပြီး     မန္တလေးမြို့၊ မူဆယ်မြို့တို့သို့ တင်ပို့ရောင်းချကြသည့်အပြင် အိန္ဒိယ၊ ကိုရီးယား၊ တရုတ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် ဂျပန်နိုင်ငံတို့မှ ဝယ်လက်များရှိသော ဝဥအခြောက်မှုန့်ကို  မင်းတပ်မြို့နယ်အတွင်း  ကျေးရွာများမှ ကုန်ကြမ်း ဝယ်ယူ၍   အမှုန့်ပြုလုပ်တင်ပို့ကြောင်း၊    ဝဥစိုက်ပျိုးထုတ်လုပ်သည့် ချင်းတောင်သူတစ်ဦးလျှင် စိုက်ပျိုးမြေဧကပေါ်မူတည်၍ ဝဥတစ်ကြိမ်တူးလျှင် ငွေကျပ်သိန်း ၈ဝ မှ သိန်း ၂ဝဝ အထိရရှိကြကြောင်း သိရသည်။

''သတ်မှတ်အရွယ်အစားရောက်ရှိတဲ့ ဝဥတစ်လုံးဟာ အမြင့် ခြောက်လက်မ ကနေ ရှစ်လက်မ၊ အချင်း ၁ဝ လက်မလောက်၊ လုံးပတ် နှစ်ပေခွဲကနေ သုံးပေ အထိ ရှိကြပါတယ်၊ အပေါ်ယံအခွံရောင်ကတော့ မြေကြီးရောင်နဲ့ နီနက်ရောင် ရှိကြပြီး အလေးချိန် တစ်ပိဿာကျော် နှစ်ပိဿာလောက်ရှိပါတယ်၊ ဝဥပင်က မြေပွကို ကြိုက်ပါတယ်၊ တောင်စောင်းမြေတွေက ဆင်ခြေလျှောဆိုတော့ ဖိအားနည်းပါတယ်၊  အပင်ကို သုံးပေတန်းခြား၊ နှစ်ပေတန်းခြားစိုက်ရင် တစ်ဧက အပင် ၅ဝဝဝ ကျော်ဝင်ပါတယ်၊ လက်ရှိဝဥအစို ကာလပေါက်ဈေး တစ်ပိဿာကို ငွေကျပ် ၅ဝဝဝ ဝန်းကျင်ဈေးရှိပါတယ်''ဟု မင်းတပ်မြို့နယ် ပန်းအော့ကျေးရွာမှ ဝဥစိုက်တောင်သူတစ်ဦးက ပြောသည်။

ချင်းပြည်နယ်ထွက် ဝဥများကို ယခင်က သဘာဝတောတောင်များအတွင်းမှ လိုက်လံရှာဖွေတူးဖော်ကြရပြီး ယခုအခါ  တောတွင်းမှမျိုးပွား၍ ကိုယ်ပိုင် စိုက်ပျိုးခြင်းများဖြင့်  စနစ်တကျစိုက်ပျိုးလျက်ရှိကြရာ  ပြည်ပဝယ်လက်များ ရောက်လာသကဲ့သို့ ပြည်တွင်းစိုက်ပျိုးရေးကုမ္ပဏီများကလည်း ဝဥစိုက်ပျိုးရေး ရက်တိုသင်တန်းများ ပို့ချလျက်ရှိကြောင်း၊ ချင်းပြည်နယ်မှ ကုန်ကြမ်းအဖြစ် ဝယ်ယူသည့် ဝဥများကို စားသုံးကုန်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းအတွက် သာမက ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်း၊ အလှကုန်ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်း၊ စက္ကူလုပ်ငန်း၊ ကော်အမျိုးမျိုးထုတ်လုပ်ရေးလုပ်ငန်း၊ ချည်ထည် လုပ်ငန်း၊ ဆေးဆိုးပန်းရိုက်လုပ်ငန်း၊ ကမ်းလွန်ရေနံရှာဖွေရေးလုပ်ငန်း စသည် တို့တွင်  စက်မှုကုန်ကြမ်းပစ္စည်းအဖြစ်  အထူးလိုအပ်လျက်ရှိသောကြောင့် ဝဥကို ယခုနှစ်မှစ၍  ဂျပန်နိုင်ငံက ဝယ်ယူတော့မည်ဖြစ်သဖြင့် ယခုအခါ ချင်းပြည်နယ်တွင် ဝဥကို ယခင်နှစ်များကထက် ပိုမိုတိုးချဲ့စိုက်ပျိုးနေကြကြောင်း သိရသည်။                                                  

ချင်းတွင်းသား

No comments:

Post a Comment