Latest News

Thursday, December 21, 2017

အနာဂတ်၏လူငယ်များ အသုံးချခံသားကောင်များ မဖြစ်စေချင်

အနာဂတ်၏လူငယ်များ အသုံးချခံသားကောင်များ မဖြစ်စေချင်

ယနေ့ မြန်မာနိုင်ငံ၏ မြို့ပြကြီးတစ်ခုဖြစ်သော ရန်ကုန်မြို့သည် လူနေထူထပ်လာသည်ကို မြို့နယ်အားလုံးနီးပါးရှိ ရပ်ကွက်များတွင် တွေ့မြင် ရမည်ဖြစ်သည်။ မွေးဖွားနှုန်းနှင့် သေဆုံးနှုန်းတွင် နှစ်စဉ် မွေးဖွားမှုတိုးလာသည့်နည်းတူ ရန်ကုန်မြို့ အနီးရှိ မြို့နယ်တို့တွင် ဒေသအသီးသီးမှ ရွှေ့ပြောင်းရောက်ရှိလာသူတို့ဖြင့် လူဦးရေနှစ်စဉ် တိုးလာလျက်ရှိသည်။ အထူးသဖြင့် ကလေး သူငယ်များ တိုးလာသောကြောင့် ထိုကလေးများ အနာဂတ်ကို ပုံဖော်ရန် စီမံထားမှုမရှိကြသည့် အတွက် လမ်းလျှောက်တတ်သော အချိန်မှစ၍ ထိုကလေးငယ် အများစုသည် လမ်းပေါ်တွင် နေထိုင်မှုများလာလျက် ရှိသည်။ ထိုသို့သော ကလေးများကို ရန်ကုန်မြို့၏ လူစည်ကားရာ နေရာများနှင့် စက်မှုဇုန်၊ ဈေး၊ ပလာဇာများ၊ ခုံးကျော်တံတားများနှင့် သင်္ဘောဆိပ်၊ ကားဝင်းတို့တွင် အများဆုံး တွေ့ကြရမည်ဖြစ် သည်။

ရန်ကုန်မြို့၏ နေ့စဉ် လူစည်ကားရာ လှည်းတန်းလမ်းဆုံသည် ရန်ကုန်တက္ကသိုလ်နှင့် နီးသည့်အပြင် အလုပ်အကိုင်အခွင့်အလမ်း သင်ကြားမှု တက်ရောက်ရာ နေရာ၊ ပညာရပ် ဆိုင်ရာများ သင်ကြားရာ နေရာဖြစ်သည့်အပြင် အဆောင်များလည်း ရှိသည့်အတွက် မိမိဘဝ တက်လမ်းအတွက် ရည်မှန်းချက်တို့ဖြင့် လူငယ်၊ လူရွယ် အများဆုံးသွား လာရာနေရာလည်း ဖြစ်သည်။ ယာဉ်ကြောကျပ်သည့် လမ်းဆုံဖြစ်၍ ပြည်သူများကားလမ်းတစ်ဖက်မှ တစ်ဖက်သို့ သွားလာနိုင်ရန် လူကူးခုံးကျော်တံတားနှင့် ယာဉ် များ ဖြတ်သန်းသွားလာနိုင်ရန် ခုံးကျော်တံတား တစ်ခုကိုလည်း တည်ဆောက်ထားသောကြောင့် ပြည်သူနှင့် ယာဉ်များသွားလာရေးမှာ ယခင်ထက် သိသာစွာ အဆင်ပြေချောမွေ့လျက်ရှိသည်။

လှည်းတန်း လူကူးခုံးကျော်တံတားပေါ်တွင် အသက် လေးနှစ်ခန့်ရှိ ကလေးငယ်တစ်ဦးကို အသက် ၁၃နှစ် ခန့်ရှိ လူငယ်တစ်ဦးက ကြီးကြပ်၍ ထိုတံတားပေါ်မှ ဖြတ်သန်းသွားလာသော အမျိုးသမီးများကို လိုက်လံ၍ ငွေတောင်းလျက် ရှိသည်။ အထူးသဖြင့် မိန်းကလေးငယ်များကိုသာ တောင်းခံလေ့ရှိပြီး အမျိုးသားများထံ ငွေတောင်း ခံမှုနည်းသည်ကို တွေ့ရသည်။ ရှက်တတ်သော ငယ်ရွယ်သူ မိန်းကလေးများကို ကျောပိုးအိတ်၊ လက်ဆွဲအိတ်၊ ဘောင်းဘီ၊ အင်္ကျီတို့ကို လိုက်လံ ဆွဲ၍ ငွေတောင်းခံခြင်းဖြစ်သည်။ အချို့ သင်တန်း တက်သော မိန်းကလေးများမှာ ငွေအြေ<ွကမရှိ၍ ရှောင်ကွင်းသွားသောအခါ မီရာလိုက်လံဆွဲပြီး အတင်းတောင်းခံလေ့ရှိသည်။ မရမက အင်္ကျီ၊ ဘောင်းဘီ၊ စကတ်တို့ကိုဆွဲ၍ ငွေတောင်းခံမှု ကြောင့် ထိုတံတားပေါ်တွင် ငွေတောင်းသော ကလေးမလေးနှင့် အတောင်းခံရသူ အမျိုးသမီး ငယ်တို့မှာ ထုပ်ဆီးတိုးသကဲ့သို့ ရှောင်တိမ်းနေရ သည်ကိုတွေ့မြင်ရလေ့ရှိသည်။
ထိုကလေးမှာ ကေဂျီတန်းတက်ရမည့် အရွယ်ဖြစ်သည့်အပြင် ထိုကလေးကို ကြီးကြပ် သော ကောင်လေးမှာလည်း စာသင်ကျောင်းတွင် ပညာသင်ကြားရမည့် အရွယ်တို့ပင်ဖြစ်သည်။ ကလေးငယ်ကို ငွေတောင်းခံခိုင်းပြီး ထိုကောင် လေးမှာ တံတားလူသွားလမ်းပေါ်တွင် အိပ်စက် လျက်ရှိသည်။ ကလေးငယ်မှာ တံတားခြေရင်း ဆင်း၍ ငွေတောင်းခံလိုက်၊ တံတားပေါ်တက်၍ ငွေတောင်းလိုက်ဖြင့် သံပတ်ပေးထားသောစက်ရုပ် ပမာ သွက်လက်လှုပ်ရှားလျက်ရှိသည်။ အချို့အမျိုး သမီးငယ်များထံမှ မုန့်နှင့် ရေသန့်ဘူး တောင်းခံ သည်ကိုလည်း တွေ့ရသည်။ မြန်မာတို့၏ သနား ကြင်နာတတ်သော စေတနာကြောင့် ထိုကလေး ငယ် တောင်းသမျှကို ပေးသွားကြသည်က များ သည်။ တောင်း၍ ရသောငွေကို ၎င်း၏လည်ပင်း တွင် လွယ်ထားသော ပီနံအိတ်ငယ်အတွင်း ထည့် လေ့ရှိသည်။ထိုကလေးကို ကြီးကြပ်သူ ကောင်လေး မှာ လှည်းတန်း လူကူး ခုံးကျော်တံတားပေါ် တွင် စိတ်အေးချမ်းသာစွာဖြင့် အိပ်စက်လျက်ရှိ သည်။
ထိုကလေးငယ် ငွေတောင်းခံပြီး သုံးနာရီ ကျော်ခန့်အကြာတွင် အသက် ၁၇ နှစ် ခန့်ရှိ လူငယ်တစ်ဦး တံတားပေါ်သို့ ရောက်ရှိလာပြီး အိပ်နေသော ကောင်လေးအား ခြေဖြင့်ကန်နှိုး သည်။ အတန်ကြာနှိုး၍ အိပ်မှုန်စုံမွှားဖြင့် နိုးလာ သော ကောင်လေးအား တောင်းခံသမျှငွေကို တောင်းရာ လိုက်လံတောင်းနေသော ကလေးကို ခေါ်၍ ပီနံအိတ်ငယ်အတွင်းမှ ငွေအြေ<ွကများကို ရေတွက်ကာ ထိုလူငယ်ထံ ပေးလိုက်ပြီး တံတား ကြမ်းပြင်တွင် ဆက်အိပ်လျက်ရှိသည်။ ငွေတောင်း သော လူငယ်မှာ တစ်နေရာကို ဖုန်းဖြင့် ဆက်သွယ် လျက်ရှိပြီး လှည်းတန်းပန်းခြံဘက်ရှိ ခုံးကျော် တံတားဘက်သို့ ထွက်သွားသည်ကို တွေ့ ရသည်။
ကလေးငယ်မှာ တံတားပေါ်မှ ဖြတ်သန်းသွား လာသော မိန်းကလေးများထံ လိုက်လံငွေတောင်းခံ လျက်ရှိသည်။ သေချာ သင်ကြားပေးထားဟန် ရှိပြီး ကြောက်လန့်မှုမရှိသည်ကို တွေ့ရသည်။ လူကူးခုံးကျော် တံတားအောက် လှည်းတန်း ပန်းခြံအနီးနေ အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့က ဤသို့ ပြောသည်။

လှည်းတန်း လူကူးခုံးကျော်တံတားပေါ်တွင် ငွေတောင်းခံနေသော ကလေးမှာ ခုံးကျော်တံတား ကြီးအောက်တွင် နေထိုင်သူများမှ မိသားစုဝင် တစ်ဦးဖြစ်ပြီး ယခင်ကလည်း ထိုတံတားပေါ်တွင် ကလေးများ ငွေတောင်းနေသည့်အတွက် လာ ရောက်ထိန်းသိမ်းသွားဖူးပြီး ပြန်ရောက်လာကာ ယခုလို ဆက်လက်တောင်းနေခြင်း ဖြစ်ကြောင်း၊ လှည်းတန်းခုံးကျော်တံတားကြီး အောက်တွင် လည်း မိသားစုသုံးစု နေထိုင်လျက်ရှိကာ နေ့ပိုင်း တွင်ဈေးရောင်း၍ ကလေးများကို လွှတ်ထားလေ့ ရှိကာ ညပိုင်းတွင် ထိုနေရာ၌ပင် အိပ်လေ့ရှိကြောင်း ဆိုပါသည်။

လှည်းတန်းလမ်းဆုံသည် လူကူးခုံးကျော် တံတား၊ ခုံးကျော် တံတားကြီးနှင့် စူပါမားကတ်၊ ဟိုတယ်များနှင့် ရန်ကုန်တက္ကသိုလ်အနီးတွင် ရှိသည့်အတွက်နေ့စဉ်လူစည်ကားရာနေရာ ဖြစ် သည်။ တံတားအောက်တွင် အိပ်၍ ထိုတစ်ဝိုက်တွင် ကလေးသူငယ်များကို တောင်းရမ်းခိုင်းခြင်းသည် အနာဂတ်မျိုးဆက်သစ်လူငယ်တို့၏ လွတ်လပ် သော အတွေးအခေါ်၊ အခွင့်အရေးတို့ကို တားဆီး ဖျက်ဆီးခြင်းပင်ဖြစ်သည်။

မိမိတို့ လက်ရှိဘဝကို တန်ဖိုးထားမှု အားနည်းသည့်နည်းတူ ကလေးသူငယ်တို့၏ ဘဝနောင်ရေးကိုလည်း စဉ်းစားချင့်ချိန်မှု မရှိသည်ကို တွေ့ရမည်ဖြစ်သည်။ တောင်း၍ မရပါက လုယက်သည့်အဆင့်သို့ အချိန်မရွေး ရောက်ရှိနိုင်သည်။ မြို့ပြ၏ ခေတ်မီအဆောက် အအုံများနှင့်အတူ ရန်ကုန်တက္ကသိုလ်အနီးတွင် ဤသို့ ကလေးငယ်များကို တွေ့မြင်ရသည်မှာ လိုက်ဖက်ညီမှုမရှိသော မြင်ကွင်းပင်ဖြစ်သည်။ တံတားအောက်တွင် နေအိမ်သဖွယ် နေထိုင်ခြင်း မှာလည်း မြို့အင်္ဂါနှင့် တင့်တယ်မှုမရှိသည်ကို တွေ့မြင်ရလျက်ရှိသည်။

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုတွင် လူငယ်တို့၏ အခန်းကဏ္ဍသည် အထူးအရေးပါလာပြီ ဖြစ် သည်။ နိုင်ငံတစ်နိုင်ငံ ဂုဏ်တင့်စွာ ရပ်တည် နိုင်ရန် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် အရေးကြီး သကဲ့သို့ လူငယ်တို့၏ တီထွင်ကြံဆမှုနှင့် ခိုင်မာ သော စိတ်ဓာတ်သည် အထူးပင်အရေးကြီး သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ကြံဆောင်မည့် လူငယ်များသည် ဘက်စုံပညာတတ်မြောက်ရန် လိုသည်။ ထိုသို့ သင်ကြားနိုင်ရန် ငယ်ရွယ်စဉ်ကပင် လေ့ကျင့်ပျိုးထောင်ရမည် ဖြစ်သည်။ လမ်းပေါ် ကလေးပပျောက်ပြီး ပညာတတ်လူငယ်များ ထွန်း ကားလာပါက လူငယ်၏ အင်အားနှင့် စီးပွားရေး အင်အားပူးပေါင်းကာ တိုင်းပြည် ဖွံ့ဖြိုးတိုးတက် လာမှု၏ အနာဂတ်အလင်းတန်းများကို တွေ့မြင် ရမည်ဖြစ်သည်။
သို့ဖြစ်၍ ရန်ကုန်မြို့ပြ၏ အချက်အချာ ကျသော နေရာတို့တွင် ကလေးသူငယ်တို့ကို အသုံးချခံ သားကောင်များ မဖြစ်စေရန် ဝိုင်းဝန်း ထိန်းသိမ်းကြပါစို့ဟု တိုက်တွန်း ရေးသားလိုက်ရ ပါသည်။ ။

သော်တာနမ့်စန်

No comments:

Post a Comment