Latest News

Thursday, December 21, 2017

စက်မှုလက်မှုထွန်းကားရာ ရန်ကုန်မြို့မဟာ

စက်မှုလက်မှုထွန်းကားရာ ရန်ကုန်မြို့မဟာ

ပြီးခဲ့တဲ့ဆယ်စုနှစ်များစွာကတည်းက နိုင်ငံတော်ရဲ့ စီးပွားရေးကို အဓိက အထောက်အကူပြုသည့် တိုင်းဒေသကြီး ခြောက်ခုထဲမှာ ရန်ကုန်နဲ့ ဧရာဝတီက ထိပ်ဆုံးမှာပါ။ ဧရာဝတီက စိုက်/မွေးကဏ္ဍ၊ ရန်ကုန်က စက်မှုလက်မှုကဏ္ဍနဲ့ နိုင်ငံတော်ရဲ့GDP ထိပ်ဆုံးနေရာကို သူတစ်ပြန် ကိုယ်တစ်ပြန် နေရာယူလေ့ရှိတယ်။

လက်ရှိမှာလည်း ရန်ကုန်ဟာ စက်မှုလက်မှုဖွံ့ဖြိုးတိုးတက် တဲ့ တိုင်းဒေသကြီးပီပီ စက်မှုဇုန်တွေသာမက အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေ၊ အိမ်တွင်းမှု စက်မှုလက်မှုလုပ်ငန်း တွေကလည်း ဆင်ခြေဖုံးရပ်ကွက်တွေထဲမှာ လက်ညှိုးထိုးမလွဲပါ။ကျွန်တော့်အိမ်ရဲ့ ကပ်၍ဘေးအိမ်မှာတောင် အိမ်တွင်းမှု သံဖြူလုပ်ငန်းလေးတစ်ခု ရှိသေးတယ်။ အိမ်တွင်းမှုလုပ်ငန်း ဆိုတဲ့အတိုင်း သူ့အိမ်ရဲ့ အိမ်ရှေ့မှာပဲ လုပ်ငန်းလေး တည်ထား တာပေါ့။
မူလကတော့ ပိုင်ရှင်ကိုယ်တိုင်တစ်ဦးတည်း စလုပ်ပေမယ့် လုပ်ငန်းလေးက တွင်ကျယ်လာပြီး လုပ်ငန်းသုံး လက်တွန်း လှည်းလေးတွေ၊ အလှူမဏ္ဍပ်တွေပါမကျန် လုပ်ငန်းလာ အပ်တော့ တပည့်တပန်း အလုပ်သမားလေးတွေနဲ့ မိုးလင်း မိုးချုပ် လည်ပတ်နိုင်လာတယ်။ တစ်ခါတစ်ခါကျတော့လည်း မီးပြတ်ရင် အလုပ်ခဏရပ်ပြီး မီးလာမှ အပြေးအလွှား လုပ်ရတော့ ညဥ့်ဦးယံအထိ လုပ်ကြရတယ်။ သူတို့အလုပ်က လည်း လျှပ်စစ်မီးက အဓိကကိုး။ သံချောင်း၊ သံပြားတွေကို ဖြတ်ရတယ်၊ တောက်ရတယ်၊ ပြီးရင် ဂဟေဆော်ပြီး ဆက်ရတဲ့ အလုပ်ကိုး။

သူတို့ အိမ်တွင်းမှုလုပ်ငန်းလေး သို့ကလို စည်ပင်ကြီးထွား လာတာကို တစ်ဖက်က ကျွန်တော်တို့ မုဒိတာပွားဝမ်းမြောက် ရသလို တစ်ဖက်ကလည်း မီးအားအတက်အကျကြောင့် ရုံး အားလပ်ရက် နေ့လယ် နေ့ခင်း ကိုယ့်အိမ်မှာ တီဗွီကြည့်လို့ မရတာမျိုး၊ ညှော်နံ့နဲ့အတူ ဆူညံသံ မျိုးစုံကြောင့်လည်း စိတ်အနှောင့်အယှက်ဖြစ်ရတယ်။
နှလုံးသားနဲ့ ယှဉ်တွဲစဉ်းစားရင် ရုံးအားရက်မှာကိုယ့်အိမ် မှာ အေးအေးလူလူ အနားယူချင်လို့ လူနေရပ်ကွက်တွေထဲ မှာ အလုပ်ရုံတွေ မရှိစေချင်မိပေမယ့် ဦးနှောက်နဲ့ယှဉ်တွဲ စဉ်းစားကြည့်ပြန်တော့ ကျွန်တော်တို့ရန်ကုန်၊ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အိမ်တွင်းမှု စက်မှုလက်မှုလုပ်ငန်းတွေ၊ အသေးစား အလတ်စားလုပ်ငန်းတွေ၊ စက်ရုံအလုပ်ရုံတွေ ပိုမိုစည်ပင် ထွန်းကားစေချင်မိတာ အမှန်ပါပဲ။
စာဖတ်သူ မိတ်ဆွေ၊ သက်ကြီးပိုင်းလူကြီးတွေ ယခုတိုင် တသသဖြစ်ခဲ့ကြတဲ့ ဖဆပလခေတ်က စက်မှုလက်မှုဖွံ့ဖြိုးမှုကို ပြန်လေ့လာကြည့်ကြရအောင်။

ဖဆပလခေတ်ရဲ့ မြန်မာ့စီးပွားရေး အောင်မြင်မှုကို လေ့လာကြည့်ရင် ဖဆပလရဲ့ ဦးကျော်ငြိမ်းကို ကျွန်တော်တို့ ချန်ထားလို့မရပါဘူး။ ဦးကျော်ငြိမ်းဟာ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်တဲ့ ဘုရင်ခံကောင်စီ (ဖဆပလ) အစိုးရအဖွဲ့မှာ ၁၉၄၇ ခုနှစ်ကတည်းက ဝန်ကြီးစဖြစ်တယ်။ အသက်က ၃၃ နှစ်၊ ၃၄ နှစ်ပဲ ရှိသေးတယ်။ ပြည်ထဲရေးဝန်ကြီး တာဝန်စယူခဲ့ ပြီး သမဝါယမဝန်ကြီး၊ စက်မှုလက်မှုဝန်ကြီးနဲ့ ဒုတိယဝန်ကြီး ချုပ်တာဝန်တွေအထိ အဆင့်ဆင့် ထမ်းဆောင်ခဲ့တယ်။
၁၉၄၉ ခုနှစ်မှာ သမဝါယမဝန်ကြီးအနေနဲ့ ငါးနှစ်စီမံကိန်းကို အကောင်အထည်ဖော်ခဲ့တယ်။ ကုန်ဈေးနှုန်း ကျဆင်းရေး၊ ထိုခေတ်က လူပေါင်းများစွာ အသက်မွေးဝမ်းကျောင်းပြုနေ ကြတဲ့ အိမ်တွင်းရက်ကန်းလုပ်ငန်း တိုးတက်ဖွံ့ဖြိုးရေးကို ဆောင်ရွက်ခဲ့တယ်။
၁၉၅၄ ခုနှစ်မှာ စက်မှုလက်မှုဝန်ကြီးအနေနဲ့ စက်မှု လက်မှုလုပ်ငန်း ထွန်းကားရေးအတွက် မရှိမဖြစ်လျှပ်စစ်ဓာတ် အားပေးမီးစက်များကို နှစ်နှစ်အတွင်း မြို့တိုင်းမှာ တည်ဆောက် ပေးခဲ့တယ်။ လောပိတ ရေအားလျှပ်စစ်စက်ရုံကြီးကိုလည်း အောင်မြင်စွာတည်ဆောက်နိုင်ခဲ့တယ်။

သကြားစက်၊ ဂုန်လျှော်စက်၊ ချည်ထည်စက်တွေတည် ဆောက်နိုင်ခဲ့လို့ စစ်ပြေးဒုက္ခသည်ပေါင်း များစွာ အလုပ် အကိုင်တွေရခဲ့ကြသလို အရပ်သားပုဂ္ဂလိကပိုင် စက်ရုံများ ကိုလည်း ပံ့ပိုးကူညီမှုများ ပေးခဲ့တဲ့အတွက် ဘီစကွတ်မုန့်၊ စီးကရက်၊ ဒန်အိုးဒန်ခွက်၊ စွပ်ကျယ်၊ ကြွေပန်းကန်လုံး၊ ပန်းကန်ပြား၊ သံပန်းကန်စတဲ့ လုပ်ငန်းတွေ၊ ပင်လယ်ငါးဖမ်း လုပ်ငန်း၊ သားရေနယ်လုပ်ငန်းများ စသဖြင့် လုပ်ငန်းများစွာ ဟာ နိုင်ငံခြားထွက်ကုန်ပစ္စည်းများနဲ့ ယှဉ်ပြိုင်နိုင်သည်အထိ တိုးတက်ကြီးပွားလာခဲ့တယ်။

အိမ်တွင်းလက်မှုလုပ်ငန်းများကိုလည်း အားပေးခဲ့တယ်။အထူးသဖြင့် ရက်ကန်း၊ ယွန်းထည်နဲ့ ကျောက်သွေးလုပ်ငန်း တို့ဖြစ်ပါတယ်။ အလားတူ ရန်ကုန်တစ်မြို့တည်းမှာပဲ စက်မှု လုပ်ငန် ကြီးပေါင်း ၂ဝဝဝ ကျော်ကို မျက်နှာကြီးငယ်မရွေး၊ အဂတိမလိုက်စားဘဲ နိုင်ငံ့အကျိုးအတွက် ထိထိရောက်ရောက် ကူညီခဲ့တယ်။ သို့ကလိုကြောင့် ထိုခေတ် စက်မှုလုပ်ငန်းရှင် ကြီးငယ်မရွေးအားလုံးက ဦးကျော်ငြိမ်းကို မြန်မာ့စက်မှုလက်မှု တော်လှန်ရေးကြီးရဲ့ ဖခင်လို့တောင် ခေါ်ဝေါ်ကြပြီး ကျေးဇူး တင်မဆုံး ရှိကြတယ်။

မြန်မာ့ဒီမိုကရေစီခေတ်ဦး ရောင်နီသန်းချိန်က အစပြုပြီး ဖွံ့ဖြိုးစည်ပင်ထွန်းကားလာတဲ့ စက်မှုလက်မှုလုပ်ငန်းတွေ ဟာ မြန်မာ့ဒီမိုကရေစီ နေမင်းညိုချိန် အရောက်မှာတော့ ပြည်သူပိုင်အသိမ်းခံလိုက်ရပြီး ကာလအတန်ကြာ ပြိုလဲခဲ့ရ တယ်။ သို့မို့ကြောင့် ပစ္စက္ခတစ်ကျော့ပြန် ဒီမိုကရေစီခေတ် မှာ အိမ်တွင်း စက်မှုလက်မှုလုပ်ငန်းများသာမက အသေးစား၊ အလတ်စားလုပ်ငန်းတွေ အပါအဝင် စက်မှုလက်မှုလုပ်ငန်း တွေ အားလုံး ပြန်လည်အားယူနိုးထလာဖို့ လိုအပ်လာ ပါပြီ။
နိုင်ငံတော်ရဲ့ GDP ကို စက်မှုလုပ်ငန်းနဲ့ ထိပ်တန်း အဆင့်က အထောက်အကူပြုပေးနေတဲ့ ရန်ကုန်တိုင်းဒေသကြီး မှာလည်း ဆိုခဲ့ပါ စက်မှုလက်မှုလုပ်ငန်းတွေ ပြန်လည်အားယူ နိုးထဖို့က ပိုပြီးအရေးကြီးတယ်လို့ ဆိုရမှာပါ။

သို့သော်ငြား ဆိုခဲ့ပါ ဖွံ့ဖြိုးမှုက ရပ်ရွာနေ ပြည်သူများရဲ့ လွတ်လပ်ခွင့်နဲ့ ဝိရောဓိမဖြစ်ဘဲ ဟန်ချက်ညီညီ ဖြစ်တည်နိုင်ဖို့ က စိန်ခေါ်မှုတစ်ရပ် ဖြစ်နေကြောင်းပါ။ ။

မောင်မောင်ထွေး

No comments:

Post a Comment