Latest News

Monday, December 25, 2017

ဦးဌေးလွင်ဦး(သို့ မဟုတ်) သံနဲ့လုပ်ထားတဲ့ပန်းနီနီ


.............
(၂၀၀၈ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ
မန္တလေးအိုးဘိုထောင်ထဲ
ကျဆုံးခဲ့ရသူ နိုင်ငံရေးအကျဉ်းသား
ကျောင်းဆရာ ကိုဌေးလွင်ဦးရဲ့  နှစ်ပတ်လည်အမှတ်တရ ပြန်ဖော်ပြပါတယ်)

ခန္ဓာကိုယ်ပုပုပြတ်ပြတ် သေးသေးကွေးကွေးနဲ့
ရိုးသားတဲ့ကျောင်းဆရာတစ်ယောက်ကို
မြင့်မား၊ထူထဲ၊မာယာများတဲ့ အုတ်ရိုးကြီးတွေကြားမှာ မြင်ရတာဟာ
မြန်မာပြည်အတွက်တော့
ကြမ္မာငင်မှုတစ်ခုရယ်ပါပဲ။

ကောက်ကျစ်ရက်စက်တဲ့
သွပ်ဆူးကြိုးတွေရဲ့နောက်မှာ
သိမ်မွေ့အေးဆေးတဲ့
လူရိုးလူကောင်းတစ်ယောက်
ရောက်နေရတာဟာ
သားရဲတွင်းထဲ ပန်းလေးဖူးပွင့်နေရပုံနဲ့ တူနေရဲ့ ။

ကိုဌေးလွင်ဦး !
ခင်ဗျားက
သံနဲ့လုပ်ထားတဲ့ပန်းတစ်ပွင့်ပါဗျာ။
ခင်ဗျားရဲ့နှလုံးသားနဲ့
စိတ်ဓာတ် ပွင့်ဖတ်တွေက
ဘယ်တော့မှ ကြွေမှာမဟုတ်ဘဲ
သမိုင်းရဲ့ အကိုင်းအခက်တွေပေါ်
ထာဝရပွင့်ဝေနေမှာအမှန်ပါပဲ။

အများကတော့ သူ့ကို
"ကျောင်းဆရာ" လို့ခေါ်ကြတယ်။
အမရပူရမှာနေထိုင်ရင်း
အဖမ်းခံရချိန်ကျတော့
ဇနီးသည်က
သားတစ်ယောက်နဲ့ကျန်ခဲ့ရာက
သူ့ကိုထောင်ဝင်စာ လာလာတွေ့တယ်။

သူက မန္တလေးကျောက်ဝိုင်းအနီး
အလက(၈)မှာ
အလယ်တန်းပြကျောင်းဆရာလုပ်တယ်။အဲဒီကနေ
ဝန်ထမ်းကိုယ်စားလှယ်အဖြစ်
(ILO)အစည်းအဝေးတက်ဖို့
ထိုင်းဖက်ကို တိတ်တဆိတ်သွားရောက်တုန်း
(၂၀၀၃)ခုနှစ်ဒီဇင်ဘာ(၂၆)ရက်နေ့
အဖမ်းခံရပြီး
ထောင်(၇)နှစ်ကျခဲ့တယ်။

လူပုံစံက
သေးသေးညှက်ညှက်လေးပါပဲ။
ထောင်ဝင်စာခန်းမှာ
သူ့ရဲ့ မိန်းမတုတ်တုတ်ခိုင်ခိုင်ကြီးနဲ့ 
သုံးလေးခေါက် ဆုံဖူးသေးတယ်။

"ခင်ဗျားမိန်းမကပဲ
ခင်ဗျားကိုချီလို့ ရမယ်။
ခင်ဗျားက သူ့ကိုချီဖို့တော့ မဖြစ်နိုင်ဘူး"ဆိုပြီး
နောက်ပြောင်မိတော့
သူက"သွား"တွေပေါ်အောင်ရယ်လို့
လေ။

အများအားဖြင့်ဘာစကားမှမပြောဘဲ
နေကုန်နေခန်း သူ့ အခန်းထဲမှာ
လှဲနေတတ်တယ်။
တစ်ခါတရံစိတ်လိုလက်ရရှိရင်တော့
ညကြီးမိုးချုပ်တောင် မရှောင်ဘဲ
သူ့အခန်းဖော်တွေနဲ့ အတူ
အသံကျယ်ကျယ်၊မာမာထန်ထန်
ကျောင်းဆရာလေသံအပြည့်သုံးပြီး
ငြင်းခုန်နေတာမျိုး
ဘေးခန်းကနေ
အတိုင်းသားကြားရတတ်တယ်။

ကျန်းမာရေးအခြေအနေကြောင့်
သီးသန့် ဆေးရုံဆောင်ရွှေ့ သွားရတော့
သူနဲ့တွေ့ ဖို့ မလွယ်တော့ဘူး။

သူ့ကိုဝှီးချဲပေါ်တင်တွန်းပြီး
ရေချိုးထုတ်ရတယ်။
တစ်ခါတလေ သူ့အတွက်ကူတွဲဖ်ို့
တာဝန်ပေးထားတဲ့အကျဉ်းသား
(ထောင်အခေါ်စကထ)က
ဒိပြင်အလုပ်ပေါ်လာလို့
နေပူကြီးထဲမှာပဲ
သူ့ကိုဝှီးချဲပေါ်မှာ
ဒီအတိုင်းပစ်ထားတာမျိုးလည်း
တွေ့ရကြောင်း
မြင်ခဲ့တဲ့သူတွေကပြောတယ်။

စိတ်ကောင်းစေတနာကောင်း
ရှိပါတယ်လို့ဆိုတဲ့အစိုးရအနေနဲ့
ကျန်းမားရေး ချို့ယွင်းနေသူ သူ့ကို
အဲဒီလိုအခြေအနေမျိုးမှာ
လွတ်ပေးလိုက်ဖို့ကောင်းတယ်။
လွတ်ပေးလိုက်သင့်တယ်။

ထောင်ဝင်စာနောက်ဆုံး(၃)ခေါက်မှာ
သူ့ကိုဝှီးချဲနဲ့ တင်ခေါ်လာရပြီး
နောက်ဆုံးအခေါက်ကျတော့ စကားတောင်မပြောနိုင်ရှာတော့ပါဘူး။

ဒီလိုနဲ့
နောက်ထပ်(၁၅)ရက်တစ်ပတ်
ထောင်ဝင်စာတွေ့ရက်မတိုင်မှီ
(၃)ရက်အလို။
(၂၀၀၈)ဒီဇင်ဘာ(၂၈)ရက်မှာ
ကျောင်းဆရာဦးဌေးလွင်ဦး(၄၅)နစ်ဟာ
သူ့ဘဝကိုကြေကွဲဖွယ်အဆုံးသတ်သွားခဲ့ရရှာပါတယ်။

သူဆုံးပြီကြားတော့
ကျွန်တော်တို့ အားလုံး
အသံတွေ တိတ်ဆိတ်သွားကြတယ်။
ကျွန်တော်တို့ ရင်ထဲမှာ မိုးမှောင်တွေကျလို့ ။
ကျွန်တော်တို့နှလုံးသားပေါ်မှာ
သူ့ နာမည်နဲ့ကျောက်တိုင်တစ်တိုင်
စိုက်ထူမိကြပါတယ်။

"ပင်လယ်အတွက် စတေးသွားတဲ့မြစ်"
#
ကိုဌေးလွင်ဦး
ခင်ဗျားဟာ
ဘယ်လိုမှ ခေါ်မရတော့တဲ့
တယ်လီဖုန်းနံပါတ်၊
ဘယ်နေရာမှာမှ ရှာမရတောတဲ့
နေရပ်လိပ်စာ၊
ဘယ်သူမှ ဖမ်းယူမရတော့တဲ့ရုပ်သံလိုင်း၊
ဘာတစ်ခုမှ အချက်မပြတော့ဘဲ
ကမ္ဘာနဲ့  အဆက်ဖြတ်လိုက်တဲ့
အင်္ဂါဂြိုလ်ဆင်းယာဉ်၊
ဘာလို့ များ
ခင်ဗျားရဲ့ "ဘဝအင်ဂျင်"ကို
ခင်ဗျား "စက်"သတ် ရပ်လိုက်ရတာလဲ ?

ခင်ဗျားဟာ ကျောင်းဆရာ၊
ရက်စက်တဲ့ဒီစာသင်ကျောင်းကြီးမှာ
ကျောင်းသားပြန်ဖြစ်ခဲ့ရပြီး
လူကောင်သေးသေးခင်ဗျားအပေါ်
လောကဓံရဲ့ ကြိမ်လုံးကြီးတွေက တဗုန်းဗုန်း၊
ဒါပေမယ့်
ခင်ဗျားက အပြုံးမပျက်ခဲ့ပါဘူး

ကိုယ့်တပည့်တွေကိုကိုယ်
ခင်ဗျားက တစ်ချက်လေးတောင်မရိုက်ရက်၊
ဒါပေမယ့်
ခေတ်ဆိုးရဲ့ လက်ကြမ်းကြီးတွေက
ခင်ဗျားဘဝကျောပြင်ပေါ်
ဗြောတင်သွားခဲ့လေရဲ့ 

ခင်ဗျားက
မြေဖြူတောင့်လောက်
သယ်မ" နိုင်မယ့် ခင်ဗျားလက်နဲ့ 
ခေတ်ဝန်ကို ချီမ"ပြ ခဲ့သူပါပဲ

ကျောင်းစိမ်းအဖြူနဲ့ မြင်ရမယ့် ခင်ဗျားဟာ
ထောင်ပုံစံအင်္ကျီပြာကို ဝတ်လို့ ၊
ကျောက်သင်ပုန်းရှေ့ မှာ
တွေ့ နေရမယ့်ခင်ဗျားဟာ
အုတ်ရိုးမြင့်မြင့်ဘေးမှာရပ်လို့ ၊
တပည့်တွေရဲ့ စာအုပ်ထဲ
အမှန်ခြစ်ပေးခဲ့တဲ့ခင်ဗျားဟာ
နံရံတွေပေါ်မှာသစ္စာတရားကို
ရေးခြစ်ထားခဲ့ပေါ့။

ခင်ဗျားဟာ
အမှန်တရားနဲ့ ကိုယ့်ကိုကိုယ်
ထွန်းညှိလိုက်တဲ့ ဖယောင်းတိုင်၊
ခင်ဗျားဟာ
ရိတ်သိမ်းချိန် မမှီတော့တဲ့ စိုက်ပျိုးတဲ့လက်၊

ခင်ဗျားဟာ
ပင်လယ်အတွက်စတေးခဲ့သူမြစ်ပါပဲ။

ကျွန်တော်တို့ အိမ်ပြန်ချိန်မှာ
ခင်ဗျား ပါမလာနိုင်တော့ဘူး
ခုတော့
ခင်ဗျား"ပြန်ဝင်စား "တဲ့ မိုးတိမ်တွေ
ခင်ဗျားရဲ့ မယားနဲ့သား မျက်ဝန်းထဲ
ရွာသွန်းချိန်
ကျွန်တော်တို့ နှလုံးသားတွေကိုတောင်
စက်စက်ယို စိုရွှဲစေတော့ရဲ့ ။

မောင်နန်းဝေ(ဗန်းမော်)
၂၆ ဒီဇင်ဘာ ၂၀၁၇

No comments:

Post a Comment