Latest News

Wednesday, December 13, 2017

ကျောက်ကြီးမြို့နယ်နတ်သံကွင်းကျေးရွာ ကျေးလက်ဈေးမီးလောင်မှုဖြစ်ပွား

ကျောက်ကြီးမြို့နယ်နတ်သံကွင်းကျေးရွာ ကျေးလက်ဈေးမီးလောင်မှုဖြစ်ပွား

       ပဲခူးတိုင်းဒေသကြီးတောင်ငူခရိုင် ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းကျေးရွာ၊ ကျေးလက်ဈေးအားဒီဇင်ဘာလ ၁၂ရက်ည၇နာရီခွဲကမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

      မီးလောင်မှုဖြစ်ပွားရာသို့တိုင်းဒေသကြီး/ခရိုင်/မြို့နယ် မီးသတ် ဦးစီးမှူးများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့များ၊ ရွာသူ/သားများနှင့် ဈေးသူ/သားများ စုစုပေါင်း(၁၅၀)ခန့်၊ နတ်သံကွင်းနယ်မြေမီးသတ်စခန်း၊ ကျောက်ကြီးမြို့နယ်မီးသတ်ဦးစီးဌာန၊ ကျောက်တံခါးမြို့၊ ပဲနွယ်ကုန်းမြို့၊ အောင်မြိုင်မြို့၊ ကညွတ်ကွင်းမြို့၊ ဖြူးမြို့၊ ကျွဲပွဲမြို့ မီးသတ်စခန်းများမှ မီးငြိမ်းသတ်ယာဉ် (၉)စီး၊ ရေသယ်ယာဉ်(၅)စီး၊ စုစုပေါင်း(၁၄)စီးဖြင့် စုပေါင်းမီးငြိမ်းသတ်ခဲ့ရာ ည(၈:၄၅)တွင် မီးညွှန့်ချိုးနိုင်ခဲ့ပြီး ည(၉:၄၅)တွင် အပြီးသတ် မီးငြိမ်းသတ်နိုင်ခဲ့သည်။

         အဆိုပါမီးလောင်ကျွမ်းမှုကြောင့် နတ်သံကွင်းကျေးလက်ဈေး အရှေ့ဘက်နှင့် မြောက်ဘက်ရှိ (၈)ပေ ပတ်လည် အုပ်ညှပ်၊ သွပ်မိုးဆိုင်ခန်းပေါင်း(၇၅)ခန်း၊ (၄)ပေပတ်လည် ပျံကျဈေးဆိုင်ခန်း ပေါင်း (၈၄)ခန်း၊ စုစုပေါင်း(၁၅၉)ခန်း မီးလောင်ဆုံးရှုံးခဲ့ရာ၊ ပျက်စီးဆုံးရှုံးမှု အဆောက်အဦခန့်မှန်း တန်ဘိုးကျပ်သိန်း(၁၂၀)၊ ပစ္စည်းတန်ဘိုးခန့်မှန်းကျပ်သိန်း(၈၀)၊ စုစုပေါင်း ပျက်စီးဆုံးရှုံးမှုတန်ဘိုး ကျပ်သိန်း(၂၀၀)ခန့် ဖြစ်ပြီး လူနှင့်တိရိစ္ဆာန်များ ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရသည်။

 နတ်သံကွင်းကျေးရွာကျေးလက်ဈေးမီးလောင်ရာသို့ပဲခူးတိုင်းဒေသကြီး
အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဝင်းသိန်းမှသွားရောက်ကြည့်ရှုပြီးမီးငြိမ်း
သတ်နိုင်ရေးအတွက်အနီးကပ်ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။        မီးလောင်မှုနှင့်ပတ်သက်၍ နတ်သံကွင်းနယ်မြေရဲစခန်းမှဒုရဲအုပ် ဝင်းကိုကိုမှ တရားလိုပြုလုပ်၍ နတ်သံကွင်းနယ်မြေရဲစခန်းကအမှုဖွင့်၍ မီးစတင်လောင်ကျွမ်းရသည့် အကြောင်းအရင်းအား စုံစမ်း ဖော်ထုတ် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

      ခင်ကို(ကျောက်တံခါး)

No comments:

Post a Comment