မြန်မာနိုင်ငံတွင် အကြီးဆုံး ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်တု တည်ဆောက်မည်
မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော် နေပြည်တော်၌ မြန်မာနိုင်ငံတွင် အကြီးဆုံး ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်တု တည်ဆောက်နိုင်ရန် တာဝန်ရှိသူများက ကြိုးပမ်းလျက်ရှိနေရာ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင် ဦးမင်းသူနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို တင်ပြလိုက်ရပါသည်။
မေး။ နေပြည်တော် သပြေကုန်းအဝိုင်းမှာ ဗိုလ်ချုပ် အောင်ဆန်း မြင်းစီးကြေးရုပ် တည်ဆောက်ဖို့ ဘယ်လို စိတ်ကူးတွေ စတင်ရရှိခဲ့တယ်ဆိုတာ သိပါရစေ။
ဖြေ။ နေပြည်တော်မှာ ဗိုလ်ချုပ်ကြေးရုပ်ရှိစေချင်တယ် ဆိုတဲ့ ပြည်သူတွေရဲ့ဆန္ဒကိုလည်း သိရတယ်။ နေပြည်တော် မှာ လမ်းဆုံအဝိုင်းပေါင်း ၁၄ ဝိုင်း ရှိတယ်။ အဲဒီမှာ ပန်းနာမည်တွေနဲ့ ပန်းရုပ်တုတွေရှိကြတယ်။ သပြေကုန်း အဝိုင်းမှာတော့ ထူးထူးခြားခြား ဘာရုပ်တုမှမရှိဘူး။ အဲဒီမှာ ပြည်သူတွေရဲ့ဆန္ဒနဲ့အတူ ကျွန်တော်တို့လည်း ဗိုလ်ချုပ်အောင်ဆန်းရုပ်တုရှိရင် ဘယ်လောက်ကောင်း မလဲဆိုတဲ့ ဆန္ဒတွေ ပေါ်ပေါက်လာပါတယ်။ ကျွန်တော်တို့ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်တွေဆိုတာ ကလည်း ပြည်သူကြားက ပေါက်ဖွားလာတဲ့ ပြည်သူက ရွေးချယ်ထားတဲ့သူတွေဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူရဲ့ ဆန္ဒနဲ့ ထပ်တူကျတဲ့ နေပြည်တော် သပြေကုန်းအဝိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ် တည်ဆောက်ဖို့ စိတ်ကူးတွေ စတင်ရရှိခဲ့ခြင်း ဖြစ်ပါတယ်။
မေး။ ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ကို ဘယ်လိုရည်ရွယ်ချက် တွေနဲ့ တည်ဆောက်မယ်ဆိုတာကိုလည်း သိပါရစေ။
ဖြေ။ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ကို ရည်ရွယ်ချက် (၃)ခုနဲ့ တည်ဆောက်သွားမှာဖြစ်ပါတယ်။ ပထမရည်ရွယ် ချက်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့ မြို့တော် ဖြစ်တဲ့ နေပြည်တော် ပြည်ထောင်စုနယ်မြေမှာ လွပ်လပ်ရေး ဖခင်၊ တပ်မတော်ဖခင်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်တု တစ်ခု ဝင့်ြ<ွကားစွာတည်ရှိစေဖို့၊ ဒုတိယရည်ရွယ်ချက်က ဗိုလ်ချုပ်အောင်ဆန်းရဲ့ စွန့်လွှတ်စွန့်စား အနစ်နာခံမှုတွေကို နောင်လာနောက်သားတွေ အစဉ်အမြဲ အောက်မေ့သတိရ တန်ဖိုးထားစေဖို့နဲ့ လေးစားဂုဏ်ယူ အားကျအတုယူလာ စေဖို့ဖြစ်ပြီး တတိယရည်ရွယ်ချက်ကတော့ ဗိုလ်ချုပ် အောင်ဆန်း မျှော်မှန်းခဲ့တဲ့ ခွင့်တူညီမျှတဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး အမြန်ဆုံးပေါ်ထွန်းလာနိုင်ဖို့ အတွက် ဝိုင်းဝန်းကြိုးပမ်းအားထုတ်လာစေဖို့ ဖြစ်ပါတယ်။
မေး။ ဗိုလ်ချုပ်မြင်းစီးကြေးရုပ်တည်ဆောက်ဖို့ ဘယ်လို ကော်မတီတွေ ဖွဲ့စည်းထားတယ်ဆိုတာကို ပြောပြပေးပါ ခင်ဗျာ။
ဖြေ။ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးရုပ်တုဖြစ်မြောက်ရေး ကော်မတီကို နာယက(၄)ဦးပါဝင်တဲ့ အဖွဲ့ဝင် ၂၃ ဦးနဲ့ ဖွဲ့စည်းထားပါတယ်။ နာယကတွေက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နဲ့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင် ဦးဝင်းထိန် တို့ဖြစ်ပါတယ်။ ဥက္ကဋ္ဌကတော့ ကျွန်တော် ဦးမင်းသူဖြစ်ပြီး ဒုတိယဥက္ကဋ္ဌတွေကတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်နဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်ဦး ဖြစ်ပါတယ်။ ဇမ္ဗူသီရိမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်က တွဲဖက်အတွင်းရေးမှူးဖြစ်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးမြင့်ဆွေက အတွင်းရေးမှူး ဖြစ်ပါတယ်။ နောက်ထပ် ဆပ်ကော်မတီ(၅)ခုဖွဲ့စည်း ထားပါတယ်။ အဲဒါတွေက တည်ဆောက်ရေးကော်မတီ၊ သတင်းနှင့် ပြန်ကြားရေးကော်မတီ၊ ဘဏ္ဍာရေးကော်မတီ၊ စည်းရုံးလှုံ့ဆော်ရေးကော်မတီနဲ့ လုပ်ငန်းတည်ဆောက်မှု ဆိုင်ရာ စစ်ဆေးရေးကော်မတီတွေ ဖြစ်ပါတယ်။
မေး။ နေပြည်တော်မှာ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီး ကြေးရုပ် တည်ဆောက်ဖို့ သပြေကုန်းအဝိုင်းကို ဘာကြောင့် ရွေးချယ်ရပါသလဲခင်ဗျာ။
ဖြေ။ နေပြည်တော်မှာရှိတဲ့ လမ်းဆုံအဝိုင်းတွေက ပန်းနာမည်တွေနဲ့သတ်မှတ်ထားတယ်။ သပြေကုန်းအဝိုင်း မှာတော့ ပန်းအမည်နဲ့ ကိုယ်စားပြုအကောင်အထည်ဖော် နိုင်တာမရှိသေးပါဘူး။ သပြေကုန်းအဝိုင်းဟာ နေပြည်တော်ရဲ့ အလယ်ဗဟိုဖြစ်ပြီး Land Mark လည်းဖြစ်တယ်။ သပြေကုန်းအဝိုင်းကို နိုင်ငံတကာက သံတမန်တွေ၊ ဧည့်သည်တွေအပါအဝင် လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံ့ဝန်ထမ်းတွေ၊ ပြည်သူတွေအများဆုံး ဖြတ်သန်းသွား လာကြတယ်။ နောက်ပြီး ကျွန်တော်တို့နိုင်ငံရဲ့ ကျေးဇူးရှင် လွတ်လပ်ရေးဖခင်ကြီးရုပ်တုကို အဲဒီလို အထင်ကရ နေရာ မှာ တည်ဆောက်ရင်ကောင်းမယ်ဆိုတဲ့ ပြည်သူ့အသံတွေ ကိုလည်း ကြားရတယ်။ ဒါကြောင့် ပြည်သူ့ဆန္ဒနဲ့ ထပ်တူ ဖြစ်စေမယ့် သပြေကုန်းအဝိုင်းမှာ တည်ဆောက်ဖို့ရွေးချယ် ရခြင်းဖြစ်ပါတယ်။
မေး။ တည်ဆောက်မယ့် ဗိုလ်ချုပ်ကြေးရုပ်ရဲ့အတိုင်း အတာတွေကို သိလိုပါတယ်။
ဖြေ။ ဗိုလ်ချုပ်ကြေးရုပ်ကို အောက်ခံအုတ်ခုံ ၁၅ ပေ၊ မြင်စီးရုပ်တု ၁၈ ပေ စုစုပေါင်းအနိမ့်ဆုံးအမြင့် ၃၃ ပေနဲ့ တည်ဆောက်မယ်လို့ ဗိသုကာပညာရှင်တွေက တွက်ချက် ထားပါတယ်။ ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ရဲ့ မြင်းခေါင်းက အရှေ့ဘက် ပျဉ်းမနားဘက်၊ မြင်းရဲ့အမြီးပိုင်းက အနောက်ဘက် တောင်ညိုဘက်ဖြစ်ပြီး ဗိုလ်ချုပ်ရဲ့မျက်နှာက တောင်ဘက်လှည့်မှာဖြစ်ပါတယ်။ ကြေးပိဿာချိန် ၇ တန် လောက် ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။ မြန်မာနိုင်ငံ မှာရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်တွေထဲမှာ အကြီးဆုံး ဖြစ်ပါမယ်။
မေး။ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ကို ဘယ် အချိန်ကာလမှာ စတင်တည်ဆောက်ပြီး ဘယ်ကာလမှာ ပြီးစီးမယ်လို့ ခန့်မှန်းထားပါသလဲ။ ငွေကြေး ဘယ်လောက် အထိ ကုန်ကျမယ်လို့ ခန့်မှန်းထားပါသလဲ။
ဖြေ။ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ် ပုံလောင်းတဲ့ အဆင့်က ၂ဝ၁၈ နှစ်ဦးပိုင်းဆိုရင် စတင်ပြီလို့ ပြောလို့ ရပါတယ်။ ငွေကြေးကုန်ကျမှုနဲ့ အချိန်ကိုကန့်သတ်ချက် မထားပါဘူး။ လျာထားချက်အရ ကျပ် သိန်း ၂ဝဝဝ ဝန်းကျင် ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။ အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက်မှာဖြစ်တဲ့အတွက် ဒီထက်လည်းပို သွားနိုင်ပါတယ်။ ကုန်ကျစရိတ်ကို ပြည်သူတွေထည့်ဝင်ငွေနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ဆန္ဒအတိုင်း ပြည်သူတွေပါဝင်မှုနဲ့ပဲ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီး ကြေးရုပ်တုကို တည်ဆောက်သွားမှာဖြစ်ပါတယ်။
မေး။ ဗိသုကာပညာရှင်ရဲ့ အမည်ကိုလည်း သိပါရစေ။
ဖြေ။ ဗိသုကာပညာရှင်ရဲ့အမည်က အမျိုးသားယဉ်ကျေးမှု နှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)က အငြိမ်းစား ပါမောက္ခ ဒေါက်တာဦးမြင့်စံ ဖြစ်ပါတယ်။ သူ့ရဲ့ထင်ရှားတဲ့ လက်ရာကို ပြရရင် နေပြည်တော်စစ်ရေးပြကွင်းကြီးမှာရှိတဲ့ မင်း ၃ ပါးရုပ်တုတွေ ဖြစ်ပါတယ်။
မေး။ နေပြည်တော် သပြေကုန်းအဝိုင်းမှာ တည်ဆောက် မယ့် ဗိုလ်ချုပ်မြင်းစီးကြေးရုပ်အတွက် လှူဒါန်းချင်တယ် ဆိုရင် ဘယ်ကို ဘယ်လိုလှူဒါန်းရမယ်ဆိုတာကို သိပါရစေ။
ဖြေ။ အနယ်နယ်အရပ်ရပ်က ပြည်သူတွေအနေနဲ့ နေပြည်တော်မှာ တည်ဆောက်မယ့် ဗိုလ်ချုပ်ကြေးရုပ် အတွက် လှူဒါန်းချင်တယ်ဆိုရင် ဘဏ္ဍာရေးဆပ်ကော်မတီ က ဦးမောင်မောင်ဆွေ ဖုန်း-ဝ၉ -၇၉၇၆၃၇၉၃၂၊ ဦးနေလင်း ဖုန်း-ဝ၉-၄၃ဝ၃၈၄၈၂၊ ဦးနေလင်းထိုက် ဖုန်း-ဝ၉-၅၅၈၈၄၄၄ တို့ကို ဆက်သွယ်လှူဒါန်းနိုင်ပြီး ဘဏ် အကောင့်တွေဖြစ်တဲ့ ကမ္ဘောဇဘဏ်ရဲ့ ဝ၈၄-၃ဝ၃-ဝ၈၄ဝ၁ဝ၇၈၇ဝ၁ KANBAWZA (NPT-2)အကောင့်၊ CB Bank ရဲ့ ရာဇဌာနီဘဏ်ခွဲ ဝဝ၆၄၆ဝဝ၁ဝဝဝ၆၅၂၇၇ အကောင့်နဲ့ မြန်မာ့စီးပွားရေးဘဏ် ပျဉ်းမနားဘဏ်ခွဲရဲ့ CF.003456 အကောင့်တွေကို ဆက်သွယ်လှူဒါန်းနိုင်ပါ တယ်။ ပြည်သူတွေအနေနဲ့ တစ်ဦးချင်းဖြစ်စေ၊ အစုလိုက် ဖြစ်စေ နည်းများမဆို ထည့်ဝင်လှူဒါန်းနိုင်ပါတယ်။ လှူဒါန်း ငွေတွေနဲ့ပတ်သက်လို့ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းကို တိတိကျကျ လိုက်နာကျင့်သုံးသွားပါမယ်။ စာရင်းစစ်နဲ့တကွ တင်ပြနိုင်၊ အစစ်ဆေးခံနိုင်အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
မင်းမင်းဇော်၊ မွှေးကြူဇင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment