Latest News

Thursday, December 21, 2017

ရန်ကုန်မြို့ပြ ခရစ္စမတ်ပွဲတော် စည်ကားစွာကျင်းပမည်

ရန်ကုန်မြို့ပြ ခရစ္စမတ်ပွဲတော် စည်ကားစွာကျင်းပမည်


ရန်ကုန်  ဒီဇင်ဘာ  ၂၁

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ပထမ ဆုံးအကြိမ် ကျင်းပသည့် ရန်ကုန်မြို့ပြ ခရစ္စမတ်ပွဲတော်ကို  ဒီဇင်ဘာ ၂၃ ရက်မှ ၂၅ ရက်အထိ  သုံးရက်တိုင် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း  ယနေ့ မွန်းလွဲ ၂ နာရီက  ရန်ကုန်မြို့ တော်ဝင်ဂါးဒင်းဟိုတယ်၌ ပြုလုပ် သည့် စာနယ်ဇင်းရှင်းလင်းပွဲမှ သိရသည်။

''ခရစ်ယာန်တွေအနေနဲ့    ခရစ္စမတ်ပွဲတော်ကို ခရစ်တော်ကြွလာခြင်းရဲ့ အနှစ်သာရဖြစ်တဲ့ ငြိမ်းချမ်းခြင်း၊ ချစ်ခြင်းမေတ္တာ၊  ဝမ်းမြောက်ခြင်း၊  ပေးကမ်းလှူဒါန်း ခြင်းများနဲ့   ကျင်းပခွင့်ပေးတဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့တကွ  အလှူရှင်တွေ၊  အနုပညာရှင်တွေ၊ အသိပညာရှင်၊ အတတ်ပညာရှင်တွေအားလုံးကို ကျေးဇူး တင်ပါတယ်''ဟု ရန်ကုန်မြို့ပြ ခရစ္စမတ်ပွဲတော်ကျင်းပရေး ကော်မတီဝင် Fr. ဒေါမနစ်သက်တင်က ပြောသည်။

အဆိုပါ ပွဲတော်ကို ရန်ကုန်မြို့ပြရှိ အသင်းတော်များ၏ ခေါင်းဆောင်များပါဝင်သော ဗဟိုကော်မတီနှင့် လုပ်ငန်း ကော်မတီများက အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး  အစိုးရအဖွဲ့မှ  ပံ့ပိုးကူညီ ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

ပွဲတော်ကို ခရစ်ယာန်ဘာသာဝင်တို့၏ ခရစ်တော် မွေးနေ့တော်ကို အခြားဘာသာဝင်များ သိရှိခံစားပြီး ဘာသာတရားများ၊ အချင်းချင်းငြိမ်းချမ်းရေးနှင့် အတူ ယှဉ်တွဲနေထိုင်ရေးကို အထောက်အကူပြုစေရန် ရည်ရွယ် ချက်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

''တစ်ယောက်နဲ့တစ်ယောက်   ချစ်ခြင်းမေတ္တာကို ပြသနေခြင်းဖြစ်ပါတယ်၊ ဒီအချိန်မှာ ကျွန်တော်တို့အားလုံး က ဘုရားကျောင်းအသီးသီးကနေ  စုပေါင်းပြီး အဲဒီ သုံးရက်တာ ကာလမှာ ပျော်ပျော်ရွှင်ရွှင် သီချင်းဆိုကြမယ်၊ ဘင်ခရာအဖွဲ့တွေလည်းရှိတယ်၊ တေးဂီတအဖွဲ့တွေလည်း ရှိတယ်၊ အသင်းတော်တွေက သီဆိုတဲ့ ခရစ္စမတ် တေးသံသာ များကိုလည်း  သီဆိုသွားမှာ  ဖြစ်ပါတယ်၊  ဒါကြောင့် ဒီအစီအစဉ်ကို  ကျွန်တော်တို့  ပျော်ရွှင်ဝမ်းမြောက်စွာနဲ့ ဆင်နွှဲမှာဖြစ်ပါတယ်လို့  ပြောချင်ပါတယ်''ဟု ပွဲတော် ကျင်းပရေး ဗဟိုကော်မတီမှ Rev.ဦးတိုးတိုးက ပြောသည်။

  ပွဲတော်ကာလအတွင်း ရွှေတိဂုံဘုရားလမ်းနှင့် သိမ်ဖြူလမ်းကြားရှိ ဗိုလ်ချုပ်လမ်းမကြီး တစ်လျှောက်တွင် လည်းကောင်း၊ ဧမာနွေလ ဘုရားကျောင်းရှေ့ (မဟာ ဗန္ဓုလပန်းခြံ)နှင့်  အလုံမြို့နယ်   သခင်မြပန်းခြံတို့တွင် လည်းကောင်း၊ ဗိုလ်ချုပ်ဈေးအနီးရှိ ကသီဒြယ်နှင့် သိမ်ဖြူ လမ်းပေါ်ရှိ ကသီဒြယ်နှစ်ခုကို အခြေပြုသည့် စတိတ်စင် များ တည်ဆောက်ပြီး ခရစ္စမတ်ဆိုင်ရာ အစီအစဉ်များလည်း တင်ဆက်သွားမည်ဖြစ်သည့်အပြင် လမ်းဘေး ဝဲ၊ ယာရှိ ခရစ္စမတ်သစ်ပင်များတွင်  ခရစ္စမတ်၏ အနှစ်သာရကို ဖော်ကျူးသော လျှပ်စစ်ရောင်စုံမီးများ ထွန်းညှိထားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ငြိမ်းချမ်းရေးအတွက် ဆုတောင်းပေးခြင်း၊ ခရစ္စမတ် တေးသီချင်းများ သီဆိုခြင်း၊ တေးသရုပ်ဖော်များ တင်ဆက်ခြင်း၊ ခရစ္စမတ်နှင့် သက်ဆိုင်သည့် သခင်ယေရှု ဖွားမြင်ခြင်း   နိပါတ်စဉ်များ  ပြသခြင်း၊ ခရစ္စမတ်အကြောင်း သိကောင်းစရာများဝေမျှခြင်း၊    မေတ္တာစေတနာကို အခြေပြုသည့် အလှူဒါန ပေးကမ်းကျွေးမွေးခြင်းအဖြစ် ဘုရားကျောင်းများမှ စတုဒိသာဖြင့် ကျွေးမွေးခြင်းအပြင် ပွဲတော်သို့ လာရောက်ဆင်နွှဲသည့်သူများကိုလည်း ခရစ္စမတ် လက်ဆောင်ပစ္စည်းများ ပေးဝေခြင်းတို့  ပြုလုပ်မည်ဖြစ်ပြီး နာမည်ကျော်   တေးသံရှင်များကလည်း တေးသီချင်း          များဖြင့်  ပါဝင်သီဆိုဖျော်ဖြေကြမည်ဖြစ်ကြောင်း   သိရ         သည်။

သတင်း- သီသီမင်း

ဓာတ်ပုံ-အေးမင်းသူ

No comments:

Post a Comment