Latest News

Wednesday, December 20, 2017

ဂျေရုဆလင်အား အစ္စရေး မြို့တော်အဖြစ် အသိအမှတ်ပြုခြင်းကို ကန့်ကွက်သည့် မူကြမ်း အမေရိကန်က ဗီတိုအာဏာဖြင့် ပယ်ချ

ဂျေရုဆလင်အား အစ္စရေး မြို့တော်အဖြစ် အသိအမှတ်ပြုခြင်းကို ကန့်ကွက်သည့် မူကြမ်း အမေရိကန်က ဗီတိုအာဏာဖြင့် ပယ်ချ

နယူးယောက် ဒီဇင်ဘာ ၁၉

ဂျေရုဆလင်အား အစ္စရေးနိုင်ငံ၏ မြို့တော်အဖြစ် အသိအမှတ် ပြုခြင်းကို ကန့်ကွက်သည့် အီဂျစ်နိုင်ငံက တင်သွင်းသော မူကြမ်းကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအဖွဲ့ဝင်  ၁၄ နိုင်ငံက ထောက်ခံသော်လည်း အမေရိကန် အစိုးရက ဗီတိုအာဏာ အသုံးပြု၍ ကန့်ကွက်လိုက်ပြီး ယင်းသို့ ထောက်ခံခြင်းသည် စော်ကားမှုတစ်ရပ် ဖြစ်သည်ဟု ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ် နစ်ကီဟာလေးက ပြောသည်။

ဟာလေး၏ ပြောဆိုချက်သည် လုံခြုံရေး ကောင်စီက လက်ရှိတွင် ပါလက်စတိုင်းက ရေးဆွဲထားသည့် ဆုံးဖြတ်ချက် မူကြမ်းနှင့် စပ်လျဉ်း၍ တံခါးပိတ် ဆွေးနွေးနေစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းက အဆိုပြုထားသည့် အီဂျစ်၏ အဆိုပြုချက် မူကြမ်းတွင် ဂျေရုဆလင်မြို့အား အစ္စရေးနိုင်ငံ၏ မြို့တော်အဖြစ် အမေရိကန် အစိုးရက အသိအမှတ်ပြုခြင်းကို ငြင်းဆန်ကြရန် ကမ္ဘာ့နိုင်ငံအားလုံးအား တောင်းဆိုထားသည်။

အဆိုပါ မူကြမ်းကို အမေရိကန် အစိုးရက ဗီတိုအာဏာသုံး၍ ကန့်ကွက်ပြီးနောက် ယင်းမူကြမ်းကို အတည်ပြုနိုင်ရေး အတွက် လုံခြုံရေး ကောင်စီတွင် မဲခွဲဆုံးဖြတ်မည်ဖြစ်ပြီး အတည်ပြုရန်အတွက် ထောက်ခံမဲကိုးမဲ လိုအပ်မည် ဖြစ်ကြောင်း သိရသည်။

လက်ရှိပြုလုပ်နေသည့် လုံခြုံရေးကောင်စီ တံခါးပိတ် ဆွေးနွေးပွဲကို  အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဂျေရုဆလင်အား အစ္စရေး နိုင်ငံ၏ မြို့တော်အဖြစ် ယခုလ အစောပိုင်းတွင် အသိအမှတ် ပြုခဲ့ပြီးနောက် ကျင်းပခြင်းဖြစ်ပြီး အမေရိကန် အစိုးရ၏ ကြေညာချက်သည် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခကို ပိုမိုဆိုးရွား စေခဲ့သည့်အပြင် ပါလက်စတိုင်း ပြည်သူများနှင့် အစ္စရေး ရဲတပ်ဖွဲ့တို့ အကြား တိုက်ခိုက်မှုများ မြင့်တက် လာကြောင်း သိရသည်။(MWD)

No comments:

Post a Comment