Latest News

Sunday, December 24, 2017

အညတရမှသည် ဟီးရိုးဖြစ်လာသူ မိုဟာမက်ဆာလက်ခ်ျ

အညတရမှသည် ဟီးရိုးဖြစ်လာသူ မိုဟာမက်ဆာလက်ခ်ျ

ချယ်လ်ဆီးအသင်းမှာ အပယ်ခံဘဝရောက်ရတဲ့ အီဂျစ်တောင်ပံတိုက်စစ် ကစားသမား မိုဟာမက်ဆာလက်ခ်ျသည် ပတ္တမြားမှန်ရင် နွံမနစ်ဘူးဆိုတဲ့ အတိုင်း ရိုးမားအသင်းဆီ ပြောင်းသွားချိန်မှာတော့ အကောင်းဆုံး ကစားသမားအဖြစ်နဲ့ ဂိုးတွေသွင်းပြီး သူ့ခြေစွမ်း အဆင့်အတန်းကို မှတ်ကျောက်တင်ခံခဲ့ပါတယ်။

 ချယ်လ်ဆီးမှာတုန်းက နိုင်ငံအတွက် မဖြစ်မနေ စစ်မှုထမ်းရမယ်ဆိုတဲ့ သတင်းလှုပ်ခတ်နေမှုနဲ့ အတူ ပွဲထွက်ခွင့်လည်း ပုံမှန်မရဘဲ ဦးစွာ ဖီအိုရင်တီးနား အသင်းကို အငှားသွား ကစားပြီးမှ ခြေစွမ်းပြနိုင်တာကြောင့် ရိုးမားက ကြားဖြတ်ခေါ်ယူ သွားခဲ့တာဖြစ်ပါတယ်။ ၂ဝ၁၇ ခုနှစ်နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ကာလမှာ ဆာလက်ခ်ျကို လီဗာပူးအသင်းက အသင်းစံချိန်တင် ပြောင်းရွှေ့ကြေး ယူရိုသန်း ၅ဝ နဲ့ စာချုပ်ချုပ်ဆို ခေါ်ယူခဲ့ပါတယ်။ အခုဆိုရင် ဆာလက်ခ်ျက လီဗာပူးအတွက် ၁၉ပွဲကစားပြီး ၁၅ ဂိုး သွင်းပေးထားနိုင်သလို ပရီးမီးယားလိဂ် ဂိုးသွင်းဘုရင် စာရင်းမှာ ဟယ်ရီကိန်းထက် နှစ်ဂိုး ပိုသွင်းထားပြီး ထိပ်ဆုံးက ရပ်တည်နေပါပြီ။

ဒီနေ့ ပရီးမီးယားလိဂ်ရဲ့ အလင်းလက်ဆုံး ကြယ်တစ်ပွင့်အဖြစ် ထွန်းတောက်လာပြီဖြစ်တဲ့ ဆာလက်ခ်ျက ဘယ်လို ဘဝမျိုးက လာတယ်၊ အောင်မြင်မှုတွေ အထွတ်အထိပ်ရနေပေမယ့် အောက်ခြေမလွတ်၊ ဘဝင်မမြင့်ဘဲ ဇာတိရင်းမြစ်ကို အမြဲဂုဏ်ယူသူအဖြစ် ဆက်လက် ရပ်တည်နေပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်က ဆာလက်ခ်ျကို အီဂျစ်နိုင်ငံ နက်ဂရစ်ရွာကလေးမှာ နေ့လယ်စာစားချိန် တွေ့ခဲ့ကြရတယ်။ ဒီရွာကလေးက အီဂျစ်နိုင်ငံ ကိုင်ရိုမြို့နဲ့ အလက်ဇန်ဒရီယား မြို့နှစ်မြို့ကို ဆက်သွယ်ထားတဲ့ အဝေးပြေးလမ်းမကြီး အလယ်လောက် မှာရှိတဲ့ တောင်သူ ရွာကလေးဖြစ်ပါတယ်။ ဖုန်တထောင်းထောင်း ထနေတဲ့ မြေကွက်လပ်တစ် ခုမှာ ကလေးကိုးဦး ဘောလုံးကစား နေကြတယ်။ ဒီကလေးတွေ ကစားနေတဲ့ ကွင်း နောက်ဘက်ခြမ်းမှာ ဆောက်လက်စတိုက်တွေ၊ ပျက်စီးနေတဲ့ အိမ်အိုတွေ၊ ဟောင်းနွမ်းနေတဲ့ ဗလီတစ်ခုနဲ့ လူမှုဆက်ဆံရေး စင်တာတစ်ခု ရှိပါတယ်။ နက်ဂရစ် ရွာကလေးက စီးပွားရေးဖွံ့ဖြိုး တိုးတက်တဲ့နေရာ မဟုတ်ပေမယ့် ဒီရွာကလေးက လူတွေက ပျော်ရွှင်စွာ၊ ချစ်ခင်စွာ ယှဉ်တွဲ နေထိုင်ကြပါတယ်။ သူတို့ တစ်ရွာလုံးရဲ့ ဘယ်အရာနဲ့မှ မတူတဲ့ဂုဏ်ယူမှုက ဆာလက်ခ်ျ ဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ဒီရွာကလေးက ကလေးတွေ ကစားနေတဲ့ ဖုန်ထူထူ မြေကွက်လပ်မှာ ဘောလုံးကစားခဲ့ပြီး လက်ရှိ ပရီးမီးယားလိဂ် ဂိုးသွင်းဘုရင် ဖြစ်လာသူက ဆာလက်ခ်ျဖြစ်နေလို့ပါပဲ။ ဆာလက်ခ်ျက မွေးချင်းနှစ်ဦးထဲမှာ အကြီးဆုံးသား ဖြစ်ပါတယ်။ ဖုန်ထူထူကွင်းလေးက သူတို့မိသားစုအိမ်ကနေ နှစ်မိနစ်လောက် လမ်းလျှောက် ရင် ရောက်နိုင်တဲ့ နေရာပါ။ ဒါကြောင့် ရော်နယ်ဒို(ဘရာဇီး)၊ ဇီဒန်း၊ တော့တီတို့ကို စံပြဘောလုံး သူရဲကောင်းတွေအဖြစ် လေးစားအားကျတဲ့ ဆာလက်ခ်ျက ဒီဖုန်ထူထူကွင်းထဲမှာ အမြဲလို ဘောလုံးကစား နေခဲ့ပါတယ်။ အခုတော့ သူက သူလေးစား အားကျရတဲ့ ဂန္ထဝင် ဘောလုံးသမားကြီးတွေလို သတ်မှတ်ခံရတော့မယ့် ထွန်းတောက်ကြယ်တစ်ပွင့် ဖြစ်လာခဲ့ပါပြီ။    ဆာလက်ခ်ျက အားလပ်ရက်ရချိန် နက်ဂရစ်ရွာကလေးကို ပြန်ရောက်တိုင်း ဒီရွာကလေးက လိုအပ်ချက် မှန်သမျှကို အစွမ်းကုန် ဖြည့်ဆည်းပေးပါတယ်။ ကမ္ဘာကျော် ဘောလုံးသမားဆိုပြီး ဟိတ်ကြီးဟန်ကြီးနဲ့ မနေဘဲ နက်ဂရစ်ရွာကလေးက လမ်းကလေးပေါ်မှာ စိတ်လွတ် ကိုယ်လွတ် လမ်းလျှောက် သွားနေပါတယ်။

ဒီရွာကလေးရဲ့ လူမှုဆက်ဆံရေး စင်တာမှာ လူငယ်တွေ အားကစားလုပ်နိုင်ဖို့ ဆာလက်ခ်ျက GYMတစ်ခု တည်ထောင်ပေးပြီး မုခ်ဦးဝမှာ သူ့ဓာတ်ပုံနဲ့ ဂုဏ်ပြုဆိုင်းဘုတ် တင်ထားတာလည်း တွေ့ရပါတယ်။ ပြီးတော့ သူငယ်စဉ်က တက်ရောက်ခဲ့တဲ့ မိုဟာမက် အာရက်အယ်လ်တန်တာဝီဆိုတဲ့ စာသင်ကျောင်းလေးထဲမှာ ရာသီမရွေး ကစားနိုင်တဲ့ ဘောလုံးကွင်း တစ်ကွင်းကိုလည်း တည်ဆောက် ပေးထားပါတယ်။ မွေးဇာတိအပေါ် ဘယ်လောက် ချစ်မြတ်နိုးသလဲဆိုရင် သူတို့ ရွာကလေးထဲက မရှိဆင်းရဲသား ချစ်သူစုံတွဲတွေ မင်္ဂလာဆောင်တိုင်းလည်း ဆာလက်ခ်ျရဲ့ ပံ့ပိုးကူညီမှုနဲ့ လွတ်တယ်လို့ မရှိပါဘူး။ ရာမာတန်ဥပုသ်လ ရောက်ပြီဆိုတိုင်းလည်း ဆာလက်ခ်ျက နက်ဂရစ် ရွာကလေးကို အမြဲပြန်လာလေ့ရှိပြီး အနာဂတ်မျိုးဆက် ကလေးငယ်တွေကို လက်ဆောင်တွေ ပေးလေ့ ရှိပါ တယ်။

 ငယ်ငယ်ကတည်းက ကျောင်းနေဖက် သူငယ်ချင်းဖြစ်တဲ့ မိုဟာမက် ဘက်ဆွန်နီက ''ဆာလက်ခ်ျက ရာမာတန်လရောက်တိုင်း နက်ဂရစ်ရွာကလေးကို အခုထိ ပြန်လာတုန်းပါပဲ။ ဒီကိုရောက်ရင် သူက ရွာသားတွေ၊ သူငယ်ချင်းတွေနဲ့ စားပွဲတင်တင်းနစ် ကစားတယ်။ ဘိလိယက် ထိုးတယ်။ အော်တိုလာထိုးခိုင်းသူ မှန်သမျှရဲ့ ဓာတ်ပုံတိုင်းကိုလည်း တစ်ခုမကျန် လက်မှတ် ရေးထိုးပေးတယ်။ ဒီနေ့ ကမ္ဘာကျော် ဘောလုံးသမားဖြစ်ပေမယ့် ဆာလက်ခ်ျက ဘာမှပြောင်းလဲသွားတာ မရှိပါဘူး''လို့ ဖွင့်ဟပြောတယ်။ဘက်ဆွန်နီက ကားဂိုဒေါင်နဲ့ တူတဲ့ အဆောက်အအုံ တစ်ခုထဲမှာ ကိုယ်ပိုင်ကော်ဖီဆိုင် တည်ထောင်ထားတယ်။ ကော်ဖီဆိုင်ရဲ့ နောက်မှာ ဘောလုံးကွင်း တစ်ကွင်းရှိတယ်။

ဘေးနားမှာ ကြီးမားတဲ့ ရုပ်သံဖန်သားပြင်ကြီးနဲ့ ဥရောပ ဘောလုံးပွဲတွေကို ပြသတယ်။ ဒီနေရာက ဆာလက်ခ်ျအကြိုက်ဆုံး နေရာတစ်ခုလည်း ဖြစ်ခဲ့ရပါတယ်။ ကော်ဖီဆိုင်နောက်က ဘောလုံးကွင်းမှာ ကစားရင်း အောင်မြင်မှု လမ်းကြောင်းပေါ် ရောက်သွားတဲ့ သူငယ်ချင်းဖြစ်သူ ဆာလက်ခ်ျနဲ့ ပတ်သက်ပြီး ဘက်ဆွန်နီက ''သူ့ရဲ့ဘယ်ခြေထောက်က အရမ်းကောင်းတယ်။ မြန်လည်းမြန်ပြီး ပါးနပ်လွန်း တယ်။ ကျွန်တော်တို့ သူနဲ့ ငယ်စဉ်က ဘောလုံး ကစားနေကျပါ။ သူ့ညီ နာဆာလည်း ကျွန်တော်တို့ ကစားတဲ့ပွဲကို လာကစား တတ်တယ်။ ဒါပေမဲ့ ညီဖြစ်သူတောင် ဆာလက်ခ်ျ ခြေထောက်ထဲက ဘောလုံးကို လုယူနိုင်ခဲ့ခြင်း မရှိပါဘူး။ အဲဒီကတည်းက သူ့ကို အထွန်းတောက်ဆုံး ဘောလုံးသမား ဖြစ်လာမယ်လို့ ကျွန်တော်တို့ ထင်ခဲ့တယ်''လို့ ပြောပြခဲ့ ပါတယ်။

ဆာလက်ခ်ျက ပက်ပ်စီလိဂ်ကျောင်းသား ဘောလုံးပွဲကနေ ခြေစွမ်းပြနိုင်တာကြောင့် အာရပ် ကွန်ထရက်တာ အက်ဖ်စီအသင်း ကင်းထောက်တွေ တွေ့ရှိသွားပြီး အသက် ၁၄ နှစ်အရွယ် မှာ ပဲ ကိုင်ရိုမြို့ကို ဖိတ်ခေါ်ပြီး စမ်းသပ် လေ့ကျင့်စေပါတယ်။ ဖခင်ဖြစ်သူက ငါးနာရီကြာ သွားရတဲ့ မိုင်၂ဝဝ ခရီးကို ဘတ်စကား ငါးဆင့်စီးပြီး လိုက်ပို့ရင်းကနေ အီဂျစ်ဘောလုံး မျိုးဆက်မှာ ရှာမှရှားတဲ့ ကမ္ဘာကျော် ဘောလုံးသမားတစ်ဦး ဘဝ ရောက်ရှိလာပါပြီ။ ဆာ လက်ခ်ျဆိုတဲ့ နက်ဂရစ် ရွာသားလေးက ဒီနေ့ အီဂျစ်အသင်းကို ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်နိုင်စေခဲ့သူ၊ လီဗာပူးနဲ့အတူ ပရီးမီးယားလိဂ်မှာ ဂိုးအများဆုံး သွင်းထားသူ တစ်ဦး ဖြစ် နေပါကြောင်း။ ။(MWD)

No comments:

Post a Comment