Latest News

Sunday, December 10, 2017

မြန်မာ ရဲ့ သံတမန် ထိုးစစ် စပြီ

မြန်မာမှ ဘင်္ဂလီ ဒုက္ခသည်များ အရေး နိုင်ငံတကာမှ ဝေဖန် ပြစ်တင်မှုများ အပေါ် ဘက်သုံးဘက်မှ နေ၍ တုန့်ပြန်သွားရန် သံတမန် ထိုးစစ် စတင်လိုက်ပြီ ဖြစ်ပါတယ်။ အထူးသဖြင့် ကုလသမဂ္ဂ နဲ့ အိုအိုင်စီကို
ရည်ရွယ်ပြီး ပြုလုပ်လာတာ ဖြစ်ပါတယ်။

အိုအိုင်စီ အဖွဲ့ဝင်နိုင်ငံ များ ဖြစ်တဲ့ အရှေ့အလယ်ပိုင်း နဲ့ အာရှ ရှိ မူဆလင်နိုင်ငံများ ကို ချည်းကပ်ပြီး မြန်မာရဲ့ ရပ်တည်ချက်ကို ရှင်းလင်းပြသဖို့ သံအမတ်ကြီးများကို ပြီးခဲ့တဲ့ အပါတ်က ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပါတယ်။ အထူးသဖြင့် သဘောထား ပျော့ပြောင်းတဲ့ ဘာရိမ်း၊ ဂျော်ဒန် နဲ့ ဘရူးနိုင်း နိုင်ငံများကို အဓိကထားပြီး ဒုက္ခသည်များကို စီမံချက် အဆင့်ဆင့် ဖြင့် ပြန်လည် ခေါ်ယူဖို့ ပြင်ဆင်နေကြောင်းလည်း ရှင်းပြပြီး ချည်းကပ်သွားရမှာ ဖြစ်ပါတယ်။ အိုအိုင်စီ အနေနဲ့ တခုခုကို အကောင်အထည် ဖေါ်ဖို့ မဆုံးဖြတ်မီ အားလုံးရဲ့ တညီတညွတ်တည်း သဘောတူညီချက် ရရှိဖို့ လိုနေတာကို သိထားတဲ့ အတွက်လည်း ဖြစ်ပါတယ်။

တပြိုင်တည်းမှာ ဒေါ်အောင်ဆန်းစုကြည် မှ ရခိုင်ပြည်နယ် ပြန်လည် တည်ဆောက်ရေး အစီအမံများနဲ့
ပါတ်သက်ပြီး နိုင်ငံတကာ အကြံပေး အဖွဲ့ကို ဖွဲ့စည်းကြောင်း ကြေငြာလိုက်ပြီး ယင်းအဖွဲ့ကို ထိုင်းနိုင်
ငံခြားရေး ၀န်ကြီးဟောင်း ဆူကာကီကတ် ဆာထီရာထိုင်း ကို ဦးဆောင်စေမှာ ဖြစ်ပါတယ်။ ယင်းအဖွဲ့
အနေနဲ့ ကိုဖီအာနန် ကော်မရှင်ရဲ့ ထောက်ခံတင်ပြချက်များ အပေါ် အကောင်အထည်ဖေါ်နိုင်မယ့် အလားအလာများကို ရှာဖွေရမှာ ဖြစ်ပါတယ်။

ယင်းအဖွဲ့မှာ အဓိက ကျတဲ့ အဖွဲ့ဝင်တဦး ဖြစ်တဲ့ ယခင် နယူးမက္ကဆီကို ပြည်နယ် အုပ်ချုပ်ရေးမှုးဟောင်း နဲ့ အမေရိကန် စွမ်းအင် ၀န်ကြီးဟောင်း ဖြစ်ခဲ့သူ ဒီမိုကရက်တစ်ပါတီ မှ အထက်လွှတ်တော် အမတ်
ဘီလ် ရစ်ချတ်ဆန် ပဲ ဖြစ်ပါတယ်။ ၎င်းက ဒေါ်အောင်ဆန်းစုကြာ် အကျဉ်းချခံနေရစဉ်အတွင်း လာရောက်တွေ့ဆုံခဲ့သူလည်း ဖြစ်ပြီး ကျုးဘား နဲ့ မြောက်ကိုရီယားမှာ အဖမ်းခံနေရတဲ့ အမေရိကန် နိုင်ငံသားများ

လွတ်မြောက်ရေးကို စေ့စပ်ဆွေးနွေး ရာမှာ အဓိက အခန်းက ပါဝင်ခဲ့ဘူးသူလည်း ဖြစ်ပါတယ်။ ဆွီဒင် ပါလီမန် ဥက္ကဌ အာဘန် အလင်၊ တောင်အာဖရိက မှ ထိတ်တန်းနိုင်ငံရေးသမားဟောင်းကြီး ဖြစ်တဲ့ ရိုဖ် မေယာ၊ အင်္ဂလန်ရှိ လေဘာပါတီမှ လောဒ် အာယာ ဒါဇီ တို့ ဖြစ်ပါတယ်။ အတွင်းရေးမှုး အဖြစ် ထိုင်းနိုင်ငံ မှ ထိတ်တန်း သံတမန် တဦး ဖြစ်ခဲ့သူ နဲ့ လက်ရှိ အာရှ ငြိမ်းချမ်းရေး နဲ့ ပြန်လည် သင့်မြတ်ရေး ကောင်စီ
အထွေထွေ အတွင်းရေးမှုးချုပ်ဖြစ်သူ ကော့ဆက် ချုတီကားမှ ဆောင်ရွက်ဖို့ ရှိနေပါတယ်။ ဒီအတွက်
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်ရွေးစင် ရွေးချယ်ခဲ့သူတွေ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အပါတ်ထဲမှာ ကုလသမဂ္ဂ နဲ့ အမေရိကန် အောက်လွှတ်တော်က မြန်မာအား လူမျိုးရေး သန့်စင်မှုများ ကျုးလွန်နေတယ်လို့ ဆုံးဖြတ်ချက်များ ချမှတ်ခဲ့တဲ့ ပြီး မြန်မာ စစ်ခေါင်းဆောင်များကို နိုင်ငံတရားရုံး
တင်ဖို့ နဲ့ ကုလသမဂ္ဂမှ ရခိုင်ပြည်နယ်အတွင်း စုံစမ်းစစ်ဆေးခွင့်ပြုဖို့ ဖိအားပေးတောင်းဆိုလာနေတာကို တန်ပြန်နိုင်ဖို့ အရေးတကြီး လိုအပ်လာနေပါတယ်။
ထို့အပြင် ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုများ လျော့ပါးလာခဲ့ပြီ ဖြစ်တဲ့ အတွက် ကြီးမားလှတဲ့ တာဝန်
ကြီးတွေ ဖြစ်တဲ့ ဒုက္ခသည်များ ပြန်လည် ခေါ်ယူနေရာချထားပေးရေး၊ ဆေးရုံ ကျောင်းနဲ့ အိုးအိမ်များ ပြန်လည် ထူထောင်ပေးရေး၊ စတဲ့ လုပ်ငန်းများကို ပြီးခဲ့တဲ့ နှစ်လ က ဒေါ်အောင်ဆန်းစုကြည် ဖွဲ့စည်းပေးခဲ့တဲ့ UEHRD က ဆောင်ရွက်ဖို့ ရှိနေပါတယ်။

မနေ့က ထွက်လာတဲ့ သတင်းများအရ ဒုက္ခသည်တွေ မြန်မာပြည် ပြန်သွားရင် မိမိတို့မှ လိုက်ပြီး အကူအညီပေးရေးကို သပိတ်မှောက်မယ်လို့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့ ၁၅ ဖွဲ့ က ပူးတွဲ ကြေငြာချက် ထုတ်ပြန်လိုက်တာလည်း တွေ့ရပါတယ်။ ၎င်းတို့မှ ရခိုင်ပြည်နယ် အတွင်း ဘင်္ဂါလီများ ကို ထားရှိမယ့်
စခန်းများကို သဘောမကျတာကြောင့် ဖြစ်တယ်လို့ ဆိုပေမယ့် ၎င်းတို့ရဲ့ ပြောဆိုချက်များက ပြန်မသွားကြဖို့ ဘင်္ဂါလီတွေကို ခြိမ်းခြောက်လိုက်တဲ့ သဘော သက်ရောက်နေပါတယ်။ ဒါမှလည်း နှစ်ရှည် လုပ်ကိုင်စားသောက်ဖို့ ၎င်းတို့အတွက် အခွင့်အလန်းတွေ ဆက်ရှိနေမှာ လည်း ဖြစ်ပါတယ်။

ဒီလို အနေအထားတွေ ဖြစ်လာတဲ့ အတွက် ကုလသမဂ္ဂ၊ အိုအိုင်စီ နဲ့ ပြည်တွင်း မှာ အကောင်အထည်
ဖေါ်နေတယ် ဆိုတဲ့ အမြင် ဖြစ်ပေါ်လာရေး ဘက် သုံး ဘက် မှ သံတမန် ထိုးစစ် ဆင်လာဖို့ ဒေါ်အောင်
ဆန်းစုကြည်က ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ အကြံပေး ကော်မီတီ အဖွဲ့ကိုလည်း အာဆာတို့ရဲ့ ၀င်
ရောက်တိုက်ခိုက်မှုကြောင့် လုပ်ရကိုင်ရ ခက်လာတဲ့ အနေအထားကို ကိုယ်တိုင် သိကြပါစေ သဘောနဲ့ ဖွဲ့စည်းပေးလိုက်တာလို့ ယူဆရပါတယ်။

အခုလို ဆုံးဖြတ်နိုင်အောင်လည်း ဆူကာကီကတ်က ထိုင်းနိုင်ငံတောင်ပိုင်း အရေးအခင်းနဲ့ ပါတ်သက်ပြီး ထိုင်းရဲ့ မဟာဗျုဟာကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ်အတွင်း ချပြခဲ့ပုံလည်း ရပါတယ်။
ကြုံတွေ့လာနေရတဲ့ နိုင်ငံတကာ ဖိအားပေးမှုများကို ဘယ်လို ကျွမ်းကျင်စွာ ကိုင်တွယ် နိုင်မလဲ ဆိုတဲ့ အတွေးအခေါ်များကို အသက် (၇၀) ကျော် အမျိုးသမီးကြီးရဲ့ ဦးနှောက်ကသာ ထွက်လာဖို့ ရှိနေတာ အားလုံး အသိပဲ ဖြစ်ပါတယ်။ ရေအိုင်ထဲက ဖါးသူငယ်လို ကုလ ကို ဂရု မစိုက်ဖူး တစာစာ အော်နေရင်းကတော့ မြန်မာနိုင်ငံ အဖို့ အပါယ်ခံ ဘ၀ ရောက်သွားပြီး ယခင်ကလို တရုတ် ပြုသမျှ နုရမဲ့ ဘ၀ ရောက်သွားရမှာ ဖြစ်ပါတယ်။

ပြဿနာကို တုတ်ဆွဲ ဓါးဆွဲ ဖို့လောက်သာ သိတဲ့ ၎င်းတို့ ကြောင့် မြစ်ဆုံကို ထိုးအပ်လိုက်ရတော့မယ့်
အနေအထားကနေ လိမ်မ္မာပါးနပ်စွာ ပြန်လည် ရယူနိုင်ခဲ့တာလည်း ဒီ အသက် (၇၀) ကျော် အမျိုးသမီးကြီးပဲ မဟုတ်ပါလား၊
ဒီအတွက် မြန်မာနိုင်ငံသားများ အနေနဲ့ သူမနောက်က ညီညွတ်စွာ ရပ်တည်ပေးဖို့သာ လိုပါတယ်လို့
အလေးအနက် တင်ပြလိုက်ရပါတယ်။
လှစိုးဝေ
(အချက်အလက်များကို ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် လာရီဂျေဂင် ရေးသားတဲ့ "Myanmar Launches Diplomatic Offensive" မှ ကိုးကားသည်)

No comments:

Post a Comment