Latest News

Wednesday, December 27, 2017

ဟင်္သာတမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ငါးဖားကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအား အရေးယူပေးရန် ဟင်္သာတမြို့၌ ဆန္ဒထုတ်ဖော်

ဟင်္သာတမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ငါးဖားကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအား အရေးယူပေးရန် ဟင်္သာတမြို့၌ ဆန္ဒထုတ်ဖော်

 ဟင်္သာတ ဒီဇင်ဘာ ၂၆
ဟင်္သာတမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ငါးဖားကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအား အရေးယူပေးရန် ဒီဇင်ဘာလ ၂၆ ရက်က ဟင်္သာတမြို့၌ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

အဆိုပါဆန္ဒထုတ်ဖော်မှု၌ လူ ၁၇ ဦးပါဝင်ခဲ့ပြီး ဖုန်းတာဝါတိုင်တည်ဆောက်မှုကိစ္စနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အိမ်နီးနားချင်းတွေက  တယ်လီနောတာဝါတိုင်ကို ကန့်ကွက်ထားတယ်။ လုပ်ငန်းပိုင်းဆိုင်ရာ တွေကို မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန်းနိုင်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်စိုးက တယ်လီနောကုမ္ပဏီ ဘက်ကပါပြီး ဆက်လက်ဆောင်ရွက်နေတဲ့အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန်းနိုင်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်စိုးကို အရေးယူပေးဖို့ ကျွန်တော်တို့က လိုလားပါတယ်။ တယ်လီနော တာဝါတိုင်ကို အခုအချိန်ကစပြီး လုံးဝရပ်ဆိုင်းစေချင်ပါတယ်”ဟု ဦးဆောင်ဆန္ဒပြသူ ကိုဇင်မင်းဦးက ပြောကြားသည်။

ယင်းဆန္ဒထုတ်ဖော်မှုနှင့်ဆက်စပ်ပြီး ဟင်္သာတမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်ထံ  မေးမြန်းခဲ့ရာ မိမိအနေဖြင့် သက်ဆိုင်ရာက ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း များနှင့်အညီသာ ဆောင်ရွက်လျှက်ရှိကြောင်း ပြန်လည်ဖြေကြားသည်။

“ဒီနေရာနဲ့ပတ်သက်ပြီး ကျွန်တော်တို့အဆင့်အနေနဲ့ တစ်ခါတည်း ဆုံးဖြတ်ချက်ပေးလို့ရတာမဟုတ်ပါဘူး။ သက်ဆိုင်ရာတည်ဆောက်မယ့်နေရာရဲ့ အနားလေးရပ်ကထိစပ်နေတဲ့ အိမ်ရှင်၊ ခြံရှင်တွေရဲ့ သဘောတူညီချက်ကို ရယူပြီးမှသာ အဆင့်ဆင့်တင်ပြဆောင်ရွက်ပြီး ခွင့်ပြုချက်ရမှ အတည်ပြုပေးမှာ ဖြစ်ပါတယ်။ အခုဟာကလည်း အနားလေးရပ်ကလူတွေက ကန့်ကွက်တာမဟုတ်ပါဘူး”ဟု ဟင်္သာတ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က ပြောကြားသည်။

အဆိုပါဖုန်းတာဝါတိုင်ကြောင့် ကျန်းမာရေးဆိုင်ရာဆိုးကျိုးများရှိလာနိုင်သည်ဟု အယူအဆများ ရှိနေသဖြင့် မြို့နယ်ရုံးတွင်တစ်ကြိမ်၊ ရွာတွင်နှစ်ကြိမ် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ကျန်းမာရေးနှင့်ပတ်သက်သည့်အဖွဲ့အစည်းများတွေ့ဆုံ၍ ရှင်းပြခဲ့ပြီးဖြစ်ကြောင်းလည်း မြို့နယ် အုပ်ချုပ်ရေးမှူးက ဆက်လက်ပြောကြားသည်။

ငါးဖားကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးတင်စိုးကိုလည်း မေးမြန်းခဲ့ရာ မိမိအနေဖြင့် လုပ်ထုံး လုပ်နည်းနှင့်အညီသာ ဆောင်ရွက်ထားကြောင်း၊ ဆန္ဒပြပွဲတွင် မိမိကျေးရွာအုပ်စုမှ ၆ ဦးသာ ပါဝင်ပြီး ကျန်လူများမှာ အခြားဒေသမှဖြစ်သည်ကို တွေ့ရှိရကြောင်း ဖြေကြားသည်။

ဆန္ဒပြပွဲတွင် ပါဝင်သူများက “မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းနိုင် - အလိုမရှိ”၊ “မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်အား ထိရောက်စွာ အရေးယူပေးရေး - ဒို့အရေး”၊ “ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်စိုး - အလိုမရှိ”၊ “ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးတင်စိုးအား ထိရောက်စွာ အရေးယူပေးရေး - ဒို့အရေး”၊ “တယ်လီနော တာဝါတိုင် ဖျက်သိမ်းပေးဖို့အရေး - ဒို့အရေး”၊ “ကန့်ကွက်ထားသည့်တာဝါတိုင် တည်ဆောက်သူများကို ထိရောက်စွာအရေးယူပေးရေး - ဒို့အရေး”ဟု ကြွေးကြော်ခဲ့ကြသည်။
အောင်ကျော်မျိုး(ဟင်္သာတ)

No comments:

Post a Comment