Latest News

Wednesday, December 27, 2017

မွန်ပြည်နယ်တွင်တက္ကသိုလ်ဝင်တန်းကျောင်းသား/ကျောင်းသူ သုံးသောင်းခန့်  ၀င်ရောက်ဖြေဆိုမည်

မွန်ပြည်နယ်တွင်တက္ကသိုလ်ဝင်တန်းကျောင်းသား/ကျောင်းသူ သုံးသောင်းခန့်  ၀င်ရောက်ဖြေဆိုမည်

၂၀၁၈ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မွန်ပြည်နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများနှင့် ပြင်ပဖြေဆိုသူများ စုစု ပေါင်း ၂၇၅၈၈ ဦးတို့မှ စာစစ်ဌာန ၅၀ ခုတွင် မတ်လ ၇ ရက်နေ့မှ စတင်ကာ ဖြေဆိုသွားကြမည်ဖြစ်ကြောင်း ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။
 ကျောင်းသူကျောင်းသားများအနေဖြင့် အလွတ်ကျက်ဖြေဆိုအောင်မြင်ခြင်းထက် စဉ်းစားတွေးခေါ်မှုရင့်သန်နိုင်စေရန်အတွက် အခြေခံပညာကျောင်းသူကျောင်းသားများအား တွန်းအားပေးဆောင်ရွက်သွားရန် မှာကြားချက်နဲ့အညီ မွန်ပြည်နယ်အတွင်း၌ စဉ်းစားတွေးခေါ်တတ်သည့် ပညာရေးရရှိနိုင်ရန်အတွက် ဆောင်ရွက်လျှက်ရှိကြောင်း မွန်ပြည်နယ်ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးတင်အောင်ကပြောသည်။

 "အဓိကကတော့ ကျွန်တော်တို့ အချိန်ပိုသင်ကြားပါတယ်။အကြိုစာမေးပွဲတွေကို ပြုလုပ်ပေးပြီး တတ်မြောက်မှု စစ်ဆေးချက် တွေအပေါ်မှာ အားနည်းတဲ့ ကျောင်းသား/ကျောင်းသူတွေ၊ အားနည်းတဲ့ ဘာသာရပ်တွေကို ကုစားသင်ကြားပေးတာမျိုးတွေ လည်းရှိပါတယ်"ဟု ၄င်းက ဆက်လက်ပြောပြသည်။

မွန်ပြည်နယ်ပညာရေးသည် တစ်နိုင်ငံလုံးတွင်နှစ်စဉ်လိုလို အောင်ချက်ပထမရရှိလျှက်ရှိရာ ၂၀၁၇-၁၈ ခုပညာသင်နှစ်တွင် လည်း အောင်ချက်ပထမရရှိရေးအတွက် နှစ်စကပင်စီမံချက်ရေးဆွဲပြီး အချိန်ပိုသင်ကြားခြင်း၊ ဖြည့်စွက်သင်ကြားခြင်း၊ ကုစားသင်ကြားခြင်း၊ ဘာသာရပ်ဟောပြောပွဲများကျင်းပခြင်း၊ ၃ နာရီမေးခွန်းအကြိုစာမေးပွဲများကျင်းပခြင်း၊ အောင်ချက်နည်း သည့်မြို့နယ်များကို ကြပ်မတ်ဆောင်ရွက်ခြင်းများ စနစ်တကျဆောင်ရွက်လျှက်ရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရ သည်။

 ကိုယ့်ပြည်နယ်က နှစ်စဉ်နှစ်တိုင်းလိုလို ပထမရနေတယ်ဆိုတော့ ကျွန်တော်တို့လည်း ဘာပဲဖြစ်ဖြစ် ဒါကို ဆက်လက် ထိန်းသိမ်းသွားရမှာပေါ့။ကောင်းတာတစ်ခုက ကျောင်းမှာ အချိန်ပိုတွေခေါ်ပေးတော့ အရမ်းကိုအဆင်ပြေပါတယ်။အခုဆိုရင် တချို့ဘာသာရပ်တွေကို တော်သင့်သလောက်တော့ ရနေပါပြီး။မေးခွန်းက ဘယ်လိုလာအုန်းမလည်းမသိသေးဘူးလေ။ အကောင်းဆုံးတော့ ကြိုးစားဖြေဆိုသွားပါမယ်"ဟု အ-ထ-က-ပေါင် စာစစ်ဌာနမှ ကျောင်းသားတစ်ဦး ကပြောသည်။

မွန်ပြည်နယ်၏ပညာရေးသည် ပြည်နယ်အစိုးရအဖွဲ့၏ပံ့ပိုးကူညီမှု၊ မိဘဆရာအသင်းအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ကျောင်းသားမိဘအုပ်ထိန်းသူများနှင့် ဆရာဆရာမများ ပူးပေါင်းဆောင်ရွက်မှု ကျောင်းသားကျောင်းသူများ၏ ကြိုးစားအား ထုတ်မှုတို့ကြောင့် နှစ်စဉ်အောင်မြင်မှုများရရှိနေကြောင်းဆရာ/ဆရာမများကပြောသည်။

ဟံသာနွန်

No comments:

Post a Comment