မကွဲမပြား စိတ်ထားတူညီ ပြည်သစ်ဆီသို့
လွတ်လပ်ရေးနေ့ နီးလာပြန်ပြီ။ နှစ် (၇ဝ)တောင် ပြည့်ပါ ပြီလေ။ လွတ်လပ်ရေးနေ့ရောက်တိုင်း နိုင်ငံအနှံ့မှာ လွတ်လပ်ရေးနေ့အခမ်းအနားတွေဟာ လွတ်လပ်ရေး ထာဝရတည်တံ့ခိုင်မြဲအောင် ပြည်သူလူထုကို သတိပေး ရင်းနဲ့ ကာကွယ်စောင့်ရှောက်လိုစိတ်ရှိအောင် နှိုးဆွ ပေးနေခဲ့ပါတယ်။ လွတ်လပ်ရေးရအောင် ရင်းနှီးကြိုးပမ်း ခဲ့ရတဲ့အခက်အခဲတွေ ဆုံးရှုံးမှုတွေကို သတိရအောက်မေ့ သင်ခန်းစာရယူကြပြီး ရပြီးသား လွတ်လပ်ရေး မပျောက်ပျက်အောင် ဝိုင်းဝန်းစောင့်ရှောက်ကြဖို့ သတိ ပေးရာလည်း ရောက်ပါတယ်။ သတိတရားဆိုတာထားနိုင် မှ ကောင်းမှာလေ၊ သတိတရားနဲ့ ဆင်ခြင်နိုင်ကြပါမှ လွတ်လပ်ရေး ရေရှည်တည်တံ့မှာပေါ့။ ဒါကြောင့်လည်း နိုင်ငံတော်က လွတ်လပ်ရေးနေ့ရောက်တိုင်း ဦးတည်ချက် တွေချမှတ်ပြီး ပြည်သူတွေကို သတိပေးနေခြင်းပါ။
ဘာပဲပြောပြော လွတ်လပ်ရေးရအောင် ကြိုးပမ်း ခဲ့ကြတဲ့ ခေါင်းဆောင်ကြီးတွေ၊ ပြည်သူတွေရဲ့ ပေးဆပ် ရင်းနှီးခဲ့တဲ့ အသက်သွေးချွေးတွေ၊ ဆင်းရဲဒုက္ခတွေကို တော့ အမြဲသတိရနေပြီး ကျေးဇူးတင်နေမိပါတယ်။ အချိန်တန်ရင်ရနိုင်ပေမယ့် စောစောစီးစီး လွတ်လွတ် လပ်လပ်နေကြရအောင် နည်းမျိုးစုံနဲ့ အခက်အခဲတွေရင်ဆိုင်ကျော်လွှားတိုက်ပွဲဝင်ခဲ့ကြလို့ သူ့ကျွန်ဘဝက စောစောရုန်းထွက်နိုင်ခဲ့တာကတော့ အမှန်ပါပဲ။
ထိန်းသိမ်းကာကွယ်လွတ်လပ်မှုအန္တရာယ်
ဒါပေမယ့် လွတ်လပ်ရေးရပြီးလည်း ပြည်သူလူထု လွတ်လပ်ရေးရဲ့အရသာကို ပြည့်ပြည့်ဝဝ မခံစားနိုင်ကြ တာကလည်း စိတ်မချမ်းမြေ့စရာပါ။ နယ်ချဲ့စနစ်ရဲ့ အမွေဆိုးတွေကြောင့် အချင်းချင်းမယုံမကြည်၊ သံသယ တွေနဲ့ မငြိမ်းမချမ်းရှိနေခဲ့တာ၊ အချင်းချင်းလက်နက်ဆွဲကိုင်တိုက်ခိုက်ကြရင်း တိုင်းရင်းသားပြည်သူအချင်း ချင်း ရန်သူတွေဖြစ်ခဲ့ကြတာ သင်ခန်းစာယူသင့်ကြပါပြီ၊ တကယ့်လွတ်လပ်ရေးကို တည်ဆောက်သင့်ကြပါပြီ၊ ထာဝရတည်တံ့ခိုင်မြဲမယ့် ငြိမ်းချမ်းရေးကို တည်ဆောက် သင့်ကြပါပြီ။
တိုက်တိုက်ဆိုင်ဆိုင်ပါ၊ မကြာသေးခင်က ကရင် နှစ်သစ်ကူးပွဲတော် ကျင်းပတဲ့သတင်းတွေ ကြည့်မိတယ်။ ဝမ်းသာပျော်ရွှင်စရာပါပဲ၊ တစ်ချိန်က တိုက်ပွဲသံ၊ မိုင်းကွဲ သံ၊ လက်နက်ကြီးသံတွေနဲ့ ယမ်းခိုးတွေဝေနေတဲ့ ဒေသ တစ်ခုရဲ့ ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်မှုမြင်ကွင်းတွေ ဟာ ကျက်သရေမင်္ဂလာ ရှိလွန်းလှပါတယ်။ မငြိမ်မသက် ကိုယ့်တိုင်းရင်းသားတွေအချင်းချင်း ရန်သူကြီးတွေအဖြစ် တိုက်ခိုက်သတ်ဖြတ်နေခဲ့ကြလို့ နှစ်ဖက်ဆုံးရှုံးခဲ့ရတဲ့ အသက်တွေ၊ လူသားအရင်းအမြစ်တွေ၊ ဆင်းရဲဒုက္ခတွေကို သင်ခန်းစာရယူနိုင်ခဲ့လို့ တိုင်းရင်းသားတွေရဲ့ ဖားစည်သံ တွေ ဝေနေခြင်းဟာ အောင်မြင်မှုမင်္ဂလာတစ်ရပ်ပါ။
ခေတ်အဆက်ဆက်၊ အစိုးရအဆင့်ဆင့် ကြိုးပမ်း ခဲ့တဲ့ ငြိမ်းချမ်းရေးဟာ အခုထိ မအောင်မြင်သေးပါဘူး။ ဒါပေမယ့် အခုနောက်ပိုင်းမှာ တိုးတက်မှုရှိလာတာက တော့ အမှန်ပါပဲ၊ ဒါပေမယ့် မအောင်မြင်သေးပါဘူး။ တိုင်းရင်းသားအဖွဲ့အစည်းအားလုံး၊ လက်နက်ကိုင်အဖွဲ့ အစည်းအားလုံး၊ တိုင်းရင်းသားပြည်သူအားလုံး တစ်ဦးချင်း ကအစ အဖွဲ့အစည်းများအလိုက် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ကြီးမှာ ယုံယုံကြည်ကြည် ပါဝင်သင့်ကြပါပြီ။
လွတ်လပ်ရေးဆုံးရှုံးတယ်ဆိုတာ တခြားနိုင်ငံ တစ်ခုက ကိုယ့်မြေကိုယ့်ရေကို လာရောက်သိမ်းပိုက်ပြီး ကျွန်ပြုမှဆုံးရှုံးတယ်လို့ ပြောလို့မရပါဘူး။ အချင်းချင်း မညီမညွတ်၊ ပြဿနာပေါင်းစုံနဲ့ မပြေမလည် တိုက်ခိုက် နေကြပြီး မငြိမ်မသက်၊ မငြိမ်းမချမ်းဖြစ်နေကြရခြင်းဟာ လည်း လွတ်လပ်ရေးဆုံးရှုံးမှုလို့ ပြောရမှာပါပဲ။ အချင်းချင်း တိုက်နေကြတဲ့ တိုက်ပွဲတွေကြားက မြေဇာပင်ဖြစ်တဲ့ တိုင်းရင်းသားပြည်သူတွေရဲ့ ဆင်းရဲဒုက္ခပေါင်းစုံဟာ လွတ်လပ်မှုရဲ့ အနှစ်သာရနဲ့ ကင်းဝေးနေဦးမှာပါ။
အခုခေတ်ကြီးမှာ ကိုယ့်အချုပ်အခြာအာဏာကို တိုင်းတစ်ပါးက ထင်ထင်ပေါ်ပေါ် ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်လာမှာမျိုး၊ ကျွန်ပြုတာမျိုးကတော့ လွယ်လွယ် ကူကူဖြစ်လာမှာမဟုတ်ဘူး။ ဒါပေမယ့် အင်အားကြီး နိုင်ငံကြီးတွေရဲ့ နိုင်ငံတကာအဖွဲ့အစည်းကြီးတွေပေါ်မှာ သြဇာလွှမ်းမိုးချုပ်ကိုင်မှုနဲ့ တွန်းအားပေးမှုတွေဟာ ကျွန်တော် တို့လို ပြဿနာပေါင်းစုံရှိနေတဲ့ နိုင်ငံငယ်တွေအတွက် အန္တရာယ်ပါပဲ၊ သူတို့ရဲ့ သြဇာအာဏာသက်ရောက်အောင် နိုင်ငံတကာစင်မြင့်ကတစ်ဆင့် ထောက်ခံမှုရယူပြီး နည်းမျိုးစုံနဲ့ ကြိုးစားနေကြပါတယ်။ ဒီလိုနဲ့ ဝင်ရောက် စွက်ဖက်ခံရတာတွေ၊ ကျူးကျော်တိုက်ခိုက်ခံရတာတွေ၊ အချုပ်အခြာအာဏာ စွန့်လွှတ်ဆုံးရှုံးရတာမျိုးတွေ ရှိနေဆဲ ပါ။ ဒါတွေဟာ ကျွန်တော်တို့အတွက် သတိထားသင့်တဲ့ အန္တရာယ်တွေပါ။
သမိုင်းကိုပဲ ကြည့်ကြည့်၊ လက်ရှိနိုင်ငံတကာ ဖြစ်စဉ် တွေပဲ ကြည့်ကြည့် နိုင်ငံတစ်နိုင်ငံမှာ အချင်းချင်းမသင့်မြတ် ကြရင်၊ စိတ်ဝမ်းကွဲပြီး သူတစ်လူငါတစ်မင်း ဖြစ်နေကြရင်၊ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ မငြိမ်မသက်ဖြစ်နေကြရင်၊ သံသယတွေ မယုံကြည်မှုတွေနဲ့ ညီညွတ်စည်းလုံးမှု ပြိုကွဲ နေရင်၊ တရားဥပဒေစိုးမိုးမှုမရှိရင်၊ ပြည်သူတစ်ဦးချင်းက မျိုးချစ်စိတ်ဓာတ်နဲ့ အမျိုးသားယဉ်ကျေးမှုဓလေ့ထုံးစံ တွေကို ထိန်းသိမ်းကာကွယ်မှု မရှိကြရင်၊ ရေကိုသားလို့ ကြားမထင်အောင် စည်းလုံးညီညွတ်မှုမရှိကြရင် အန္တရာယ် ဟာ အချိန်မရွေး ရောက်လာနိုင်မှာပါ။ အဲဒီလို ဆင်းရဲ ဒုက္ခတွေနဲ့ကြုံပြီး အခက်အခဲတွေတွေ့၊ မအေးချမ်း မငြိမ်သက် ပြည်တွင်းရေးတွေနဲ့ နပန်းလုံးနေရရင် ကယ်တင်ရှင် သဏ္ဌာန်နဲ့ သူတို့သြဇာသွတ်သွင်းနေတဲ့ နိုင်ငံကြီးငယ်တွေနဲ့ ပြည်ပအဖွဲ့အစည်းတွေက တောမီးလောင် တောကြောင် လက်ခမောင်းခတ်ကြမှာပါ။
ဒီနေ့ နိုင်ငံတကာမျက်နှာစာမှာ ကျွန်တော်တို့နိုင်ငံ အပေါ် သဘောထားတွေဟာ သတိထားစရာ သိပ်ကောင်း နေပါတယ်။ မိမိတို့နဲ့ မိတ်ဆွေကောင်းပီသတဲ့ နိုင်ငံတချို့ ရဲ့ ကူညီထောက်ပံ့မှုနဲ့ ကျရောက်လာမယ့် အန္တရာယ်ကို ကာကွယ်နေရဆဲပါ။ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ဖို့ နည်းမျိုးစုံ ကြိုးပမ်းနေကြတဲ့ကြားက ကိုယ်စွမ်းကိုယ်စနဲ့ရော၊ မိတ်ဆွေများရဲ့ ကူညီထောက်ပံ့မှုနဲ့ပါ ရုန်းကန်တွန်းလှန်နေ ကြရတာပါ။ ဒါကြောင့် အချင်းချင်း စည်းလုံးညီညွတ်ကြမှ ဒီအန္တရာယ်တွေက လျော့နည်းကင်းဝေးမှာကတော့ အသေ အချာပါပဲ။ ဒီအခက်အခဲတွေကို ရင်ဆိုင်ပြီး နည်းမှန် လမ်းမှန်နဲ့ ဖြေရှင်းကြဖို့ အားလုံးမှာ တာဝန်ရှိနေပါတယ်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ တိုင်းရင်းသားအဖွဲ့အစည်းများ
ဒီနေရာမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေး ဟာ အဓိကကျနေပါတယ်။ တစ်နည်းအားဖြင့် တိုင်းရင်း သားစည်းလုံးညီညွတ်ရေးပါ။ အချင်းချင်း မတူကွဲပြားခြား နားရပ်တည်နေသရွေ့၊ ညီညွတ်စည်းလုံးမှု မရှိနေသရွေ့ ငြိမ်းချမ်းရေးက အလှမ်းဝေးနေမှာ၊ ငြိမ်းချမ်းရေးမရှိသမျှ ကာလပတ်လုံး တိုင်းရင်းသားပြည်သူတွေ ဆင်းရဲဒုက္ခမျိုးစုံ ကြုံနေရဦးမှာပါ၊ စိုးရိမ်ထိတ်လန့်စိတ်တွေနဲ့ ကိုယ်စိတ် နှစ်ပါး လုံခြုံလွတ်လပ်မှု၊ စိတ်ချမှုတွေ ကင်းဝေးနေမှာပါ၊ လွတ်လပ်မှုရဲ့ အနှစ်သာရ ပျောက်ကွယ်ဆိတ်သုဉ်းနေဦး မှာပါ။
ဒီကိစ္စဟာ အရေးတကြီးကိစ္စဖြစ်နေလို့ နှစ်ပေါင်း မြောက်မြားစွာမအောင်မြင်ခဲ့တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ဒီမိုကရေစီအစိုးရစခဲ့ချိန်ကစပြီး ဦးစားပေးလုပ်ငန်းအဖြစ် အလေးထားဆောင်ရွက်နေပါတယ်။ ပထမအဆင့် အချင်း ချင်းလက်နက်ကိုင်တိုက်ခိုက်မှုတွေ ကင်းဝေးခြင်းမှ အစပြု ပြီး ထာဝရတည်တံ့ခိုင်မြဲဖို့ ကြိုးပမ်းနေတဲ့အချိန်ပါ။
ငြိမ်းချမ်းဖို့အတွက် ဆူပူမှုတွေအရင် ချုပ်ငြိမ်းရမှာ၊ လက်နက်ကိုင်တိုက်ပွဲတွေ ရပ်စဲရမှာပါ၊ ဒီမိုကရေစီလမ်းစဉ် နဲ့အတူ တရားဥပဒေစိုးမိုးမှုများနဲ့ လျှောက်လှမ်းရမှာပါ၊ မတူညီတာတွေကို ညှိနှိုင်းကြရမှာပါ၊ ကွဲပြားခြားနားနေတာ တွေကို အများလက်ခံတဲ့အဆင့်ရောက်အောင် ဆွေးနွေး ယူကြရမှာပါ။ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ ဖြေရှင်းနေကြ မယ်၊ ခရီးဆက်နေကြမယ်ဆိုရင် သေချာတာကတော့ ငြိမ်းချမ်းရေး ဘယ်တော့မှမရပါ။ ပြည်သူလူထုတွေဟာ လည်း ဒုက္ခသံသရာထဲမှာပဲ တဝဲလည်လည် ဆင်းရဲနေကြ ဦးမှာပါ။
အဲဒီအတွက် နိုင်ငံတော်က တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးစာချုပ် (NCA)ကို တံခါးဖွင့်ပြီး တိုင်းရင်းသားအဖွဲ့ အစည်းအားလုံး ပါဝင်လာအောင် ညှိနှိုင်းဆွေးနွေးနေပါ တယ်။ အပစ်အခတ်တွေရပ်ပြီး နိုင်ငံရေးဆွေးနွေးပွဲတွေက တစ်ဆင့် ထာဝရငြိမ်းချမ်းရေးကို ကြိုးပမ်းနေပါတယ်။ အမျိုးသားရင်ကြားစေ့ရေးကို အခြေခံပြီး ညှိနှိုင်းဆွေးနွေးမှု တွေနဲ့ သဘောထားကွဲလွဲမှုတွေကို ဘုံသဘောတူညီချက် တွေရအောင် လုပ်နေပါပြီ။ ဒီလုပ်ငန်းစဉ်က ဒီနေ့ ရပ်တည်နေကြတဲ့ လက်နက်ကိုင်တာရော၊ လက်နက် မကိုင်တာရော တိုင်းရင်းသားအဖွဲ့အစည်းအားလုံးနဲ့ နိုင်ငံတော်အစိုးရ၊ လွှတ်တော်များ၊ တပ်မတော် အပါ အဝင် တိုင်းရင်းသားပြည်သူတစ်ဦးချင်းကအစ အားလုံး ယုံယုံကြည်ကြည် ပါဝင်သင့်ကြပါတယ်။ မပါဝင်ကြသရွေ့ ဤလုပ်ငန်းစဉ် အောင်မြင်မည်မဟုတ်ပါ။ အတွေးမှန်၊ သဘောထားမှန်၊ အလုပ်မှန်ကြဖို့ လိုအပ်ပါတယ်။
ဒီနေရာမှာ ပါဝင်သင့်ပါဝင်ထိုက်တဲ့ အဖွဲ့အစည်း အားလုံးပါဝင်မှဖြစ်မှာပါ။ တစ်ဖွဲ့ဖွဲ့ ကျန်ရှိနေသရွေ့ ပြီးပြည့်စုံသော အောင်မြင်မှုမရနိုင်ပါ။ သို့သော်လည်း ပါဝင်ပတ်သက်နေသူများ၊ အဖွဲ့အစည်းများ အားလုံးဟာ ညှိနှိုင်းဆွေးနွေးခြင်း ယဉ်ကျေးမှုတစ်ရပ်ကို လက်ခံ ယုံကြည်လုပ်ဆောင်မှ ဖြစ်မှာပါ၊ မတူတာတွေကို အတတ် နိုင်ဆုံးတူအောင် ညှိယူနိုင်အောင် ကြိုးစားရမှာပါ။ ဒီနေရာ မှာ မိမိတို့ဟာ ပုထုဇဉ်လူသားများ၊ အဖွဲ့အစည်းများ ဖြစ်ကြတဲ့အတွက် မိမိတို့ရဲ့ လိုအင်ဆန္ဒတွေကို အတတ် နိုင်ဆုံး ထိန်းကြရမှာပါ။
ညှိနှိုင်းဆွေးနွေးခြင်းဖြင့် အဖြေရှာ
အတိတ်ကရှိခဲ့တဲ့ အာဃာတတွေ၊ မကျေနပ်မှုတွေ၊ နာကြည်းချက်တွေကိုပဲ ရှေ့တန်းတင်နေရင်း လူမျိုးရေး၊ ဘာသာရေး၊ ကိုယ်ကျိုးစီးပွားနဲ့ ခေတ်နဲ့မလျော်ညီတော့တဲ့ ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲ၊ အယူဝါဒစွဲစတဲ့ အစွဲအလမ်းတွေကို ဦးစားပေးနေကြမယ်ဆိုရင် လက်ရှိအခြေအနေကနေ ရှေ့တက်ဖို့ လမ်းစပျောက်နေမှာပါ။ နိုင်ငံနဲ့ ပြည်သူလူထု အရေးကို ရှေ့တန်းတင် ဦးစားပေးစဉ်းစားကြရမှာပါ။ လိုချင်တာကို တဖြည်းဖြည်း ရအောင်ယူမယ်ဆိုတဲ့စိတ် မွေးကြမှဖြစ်မှာပါ။ ဒီဟာရမှ ဖြစ်မယ်၊ အားလုံးပေးမှ ရမယ်၊ ဒီလိုကို ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ တစ်ယူသန် အလို လောဘတွေကို ဖြစ်သင့်ဖြစ်ထိုက်တဲ့ အများသဘောတူ လက်ခံနိုင်တဲ့အဆင့်ထိ အလျှော့ပေးသင့်ရင် ပေးရမှာပါ။ အပေးအယူ အလျှော့အတင်းနဲ့ လိုက်လျောသင့်တာ လိုက်လျောခြင်းဟာ ဆွေးနွေးညှိနှိုင်းမှုရဲ့ အနှစ်သာရတွေ ပါ။ ရသလောက်နဲ့စပြီး လိုချင်တာကို တဖြည်းဖြည်း ရအောင်ယူခြင်းဖြင့် ငြိမ်းချမ်းစွာ အောင်မြင်ရေးအတွက် ကြိုးစားသင့်ကြပါတယ်။
ဆွေးနွေးညှိနှိုင်းကြရာမှာ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ အပြန်အလှန်ယုံကြည်မှုရှိဖို့ အလွန်အရေးကြီးပါ တယ်။ ယုံကြည်မှုဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် အလွန်အရေးကြီးတဲ့ တွန်းအား တစ်ရပ်ပါ။ စိုးရိမ်ပူပန်မှု၊ သံသယ၊ အာဃာတ၊ မကျေနပ် မှုတွေဟာ ယုံကြည်မှုရဲ့ ဆန့်ကျင်ဘက်တွေပါ။ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ ဆွေးနွေးညှိနှိုင်းမှု လမ်းကြောင်းမှာ အဟန့်အတားဖြစ်စေမယ့် အတွေးအခေါ်တွေကို ဖျောက်ဖျက်နိုင်အောင် ကြိုးစားရင်း ယုံကြည်မှုတည် ဆောက်ပြီး ဆွေးနွေးညှိနှိုင်း အဖြေရှာမှုတွေကို ယခုထက် ပိုမို သွက်လက်အားကောင်းအောင်၊ အဖြေမှန်ကို အမြန် ရအောင် ရှာဖွေလုပ်ဆောင်သင့်ကြပါပြီလို့ ပါဝင် ပတ်သက်သူအားလုံးကို တိုက်တွန်းချင်ပါတယ်။
ဒါ့ကြောင့် လက်ရှိ ဖြစ်ပေါ်ကြုံတွေ့ရင်ဆိုင်နေရတဲ့ လက်နက်ကိုင်ပဋိပက္ခများ လုံးဝချုပ်ငြိမ်းအောင် အမြန် အဖြေရှာသင့်ပါပြီ။ ပြဿနာကို စစ်ပွဲတွေ၊ တိုက်ပွဲတွေ၊ လက်နက်စွဲကိုင်အကြမ်းဖက်မှုတွေနဲ့ ဖြေရှင်းလို့မရဘူး ဆိုတာ၊ မိမိတို့ရဲ့ သမိုင်းနဲ့ နိုင်ငံတကာဖြစ်စဉ်တွေက သင်ခန်းစာတွေရှိပြီးသားပါ။ ဒါကြောင့် နိုင်ငံရေးဆွေးနွေး ညှိနှိုင်းမှုများနဲ့ ပဋိပက္ခများကို အဆုံးသတ်ပြီး ထာဝရ တည်တံ့မယ့် ငြိမ်းချမ်းရေးအတွက် နှစ်နှစ်ကာကာ စိတ်ပါလက်ပါ စဉ်းစားလုပ်ဆောင်ပေးကြဖို့ အချိန်တန် ပါပြီ။
ပါဝင်ပတ်သက်သူအားလုံး တိုင်းရင်းသားအခွင့် အရေးများ၊ ပြည်သူတစ်ဦးချင်း အခွင့်အရေးနဲ့ တာဝန် များကို အလေးထားစဉ်းစားပြီး ငြိမ်းချမ်းရေးဖြစ်စဉ် အမြန်အောင်မြင်စေရန် စိတ်ရင်းစေတနာကောင်းဖြင့် ဦးဆောင်လျှောက်လှမ်းပေးကြစေလိုပါတယ်၊ မရှိသင့်တဲ့၊ လက်လွှတ်သင့်တော့တဲ့ အစွဲအလမ်း အတွေးအခေါ် အယူအဆတွေကို ရဲရဲဝံ့ဝံ့စွန့်လွှတ်ပြီး အပေးအယူ၊ အလျှော့အတင်း စိတ်ရှည်သည်းခံမှု၊ မျှတသော ရယူ ပေးဆပ်ခြင်းများဖြင့် နိုင်ငံတည်ငြိမ်ဖွံ့ဖြိုးအောင် ကြိုးစား ပေးကြရန် တိုက်တွန်းချင်ပါတယ်။
ပြည်သူတစ်ဦးချင်း၏ တာဝန်နဲ့ အသိတရား
လွတ်လပ်ရေးတည်တံ့ခိုင်မြဲဖို့ဆိုတာ အထက်က ဖော်ပြခဲ့သလို လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ပဲ ဆိုင်တာလား၊ အစိုးရ၊ လွှတ်တော်၊ တပ်မတော်နဲ့ပဲ ပတ်သက်တာလား၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့ပဲ လုံလောက်နေမှာလား၊ တိုက်ပွဲတွေရပ်စဲရုံနဲ့ပဲ ပြီးပြည့်စုံ မှာလား။ ကျွန်တော်ကတော့ အဲဒီလို မထင်မိပါ၊ မယုံကြည်ပါ။
လွတ်လပ်ရေးအတွက် ပြည်သူလူထုတစ်ဦးချင်းရဲ့ မျိုးချစ်စိတ်ဓာတ်နဲ့ အမူအကျင့်တွေဟာ အလွန်အရေးပါ ပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ဦးချင်းကစလို့ အများစုကို အန္တရာယ်ဖြစ်စေ ထိခိုက်စေတဲ့ အကြောင်း အရာတွေက အများကြီးပါ။
အားလုံးအသိဖြစ်ပါလိမ့်မယ်။ ဒီမိုကရေစီ လမ်းကြောင်းပေါ်စပြီဆိုကတည်းက ပြည်သူလူထုကြား မှာ ဒီမိုကရေစီဆိုတဲ့စကားလုံးဟာ ရေပန်းစားလက်စွဲ သုံးလာခဲ့ကြတာပါ။ ဒါပေမယ့် ကျွန်တော်တို့ ပြည်သူ တစ်ဦးချင်းဟာ ဒီမိုကရေစီအတွေးအခေါ်၊ အယူအဆ တွေ၊ ယုံကြည်သက်ဝင်စွာ ပြောဆိုလုပ်ကိုင် နေထိုင်မှုတွေ ရှိသင့်ပါတယ်။
နိုင်ငံတစ်နိုင်ငံ တည်ငြိမ်အေးချမ်းဖို့ တရားဥပဒေ စိုးမိုးရေးဟာ အလွန်အရေးကြီးပါတယ်။ လက်နက်ကိုင် တိုက်ပွဲတွေရပ်စဲဖို့ ပြီးရင် ဒုတိယအရေးကြီးဆုံးက တရား ဥပဒေစိုးမိုးရေးဟာ အဓိကပါပဲ။ ဒီနေ့ နိုင်ငံနေရာအနှံ့ အပြားမှာ တရားဥပဒေစိုးမိုးရေးဟာ အားနည်းလွန်းပါတယ်။ လိုက်နာရမယ့်သူများနဲ့ ထိန်းသိမ်းကာကွယ်မှုအပိုင်း နှစ်ခုစလုံးမှာ လိုအပ်နေပါသေးတယ်။
ဒီနေ့အပြောင်းအလဲမှာ တာဝန်ရှိသူတွေဟာ အခက် အခဲများစွာနဲ့ စိန်ခေါ်မှုအမျိုးမျိုးအကြားက နိုင်ငံတော်ကို တိုးတက်အောင် တည်ဆောက်နေကြတယ်။ ပြည်သူလူထု လည်း ပါဝင်ဖို့လိုတယ်။ ဒါဟာ နိုင်ငံသားတိုင်းရဲ့တာဝန်ပါ။ ဒီအချိန်မှာ အရာရာကို အကောင်းမမြင်၊ မမှန်ကန်တဲ့ အတွေးအခေါ်တွေနဲ့ အမုန်းတရားတွေ မဖန်တီးဘဲ ချစ်ခြင်း တရားတွေနဲ့ ပြည်ထောင်စုကြီးကို တည်ဆောက်ကြရ အောင်ပါ။
အဓိကထား ဖြစ်စေချင်တာကတော့ ကိုယ်ကျင့်တရား ပျက်စီးမှုတွေ၊ တရားဥပဒေစိုးမိုးပျက်ပြားတာတွေကို သတိ ထားရှောင်ရှားသင့်ပါတယ်။ ဒီနေ့သတင်းစာတွေ၊ ဂျာနယ် တွေ၊ လူမှုကွန်ရက်တွေမှာတွေ့ရတဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေမှာ ဒီသဘောတွေ အများကြီးတွေ့ရမှာပါ။
အဆိုးဆုံးကတော့ တရားဥပဒေကို မျက်ကွယ်ပြု ဖောက်ဖျက်ကျူးလွန်တာတွေ၊ ခိုးဆိုးလုယက်တိုက်ခိုက် မှုတွေ၊ လူသတ်မှု၊ မုဒိမ်းမှု၊ သက်ငယ်မုဒိမ်းမှုတွေ၊ မူးယစ် ဆေးဝါးသုံးစွဲမှု၊ တရားလွန်ရောင်းဝယ်ဖောက်ကားမှုတွေ၊ ဝိသမလောဘနဲ့ မတရားသဖြင့် လိမ်ညာစီးပွားရှာမှုတွေ၊ လူမဆန်တဲ့ ယုတ်မာရက်စက်မှုတွေ၊ အလိုလောဘကြီးမှု တွေ၊ ယဉ်ကျေးမှုစရိုက်လက္ခဏာတွေကို ချိုးဖောက်ပြီး တိုင်းတစ်ပါးယဉ်ကျေးမှုကို နှစ်သက်မြတ်နိုး ကိုးကွယ်လာ ကြတာတွေ၊ အမုန်းတရားဖြန့်ဝေလာကြတာတွေ စသည် ဖြင့် အကြောင်းအရာများဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် အားနည်းမှုတွေပဲ ဖြစ်နေမှာပါ။
ဒါတွေဟာ နိုင်ငံလွတ်လပ်ရေးကို သွယ်ဝိုက်ပြီး ထိခိုက်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါတွေကနေ တစ်ဆင့် နိုင်ငံတည်ငြိမ်မှု၊ တရားဥပဒေစိုးမိုးမှုအားပျော့ ပြီး ဆူပူမှု၊ နှောင့်ယှက်မှုတွေ ပြန်လာစေနိုင်လို့ပါ။ ကူးစက်ကျယ်ပြန့်လာရင် နိုင်ငံအတွက် အန္တရာယ် အလွန် ကြီးပါတယ်။ စိတ်ဓာတ်တွေပျက်၊ ကိုယ်ကျင့်တရားတွေပျက်၊ ယဉ်ကျေးမှုတွေ ပျက်လာကြရင်၊ စည်းကမ်းသေဝပ်မှုနဲ့ စည်းလုံးညီညွတ်မှုအားနည်းပြီး နိုင်ငံအတွက် ဆုတ်ယုတ်မှု တွေနဲ့ မလွဲမသွေ ရင်ဆိုင်ရမှာပါ။ နိုင်ငံအတွက် အားလျော့ စရာတွေ၊ စိုးရိမ်ပူပန်စရာတွေ ဖြစ်လာမှာပါ။
အမျိုးသားရေးစိတ်ဓာတ်ဖြင့် နိုင်ငံ့အန္တရာယ်ကို ကာကွယ်
စိုးရိမ်စရာကောင်းနေတာတစ်ခုက ရိုးရာယဉ်ကျေးမှု ကို မြတ်နိုးကာကွယ်မှု၊ ထိန်းသိမ်းစောင့်ရှောက်မှု အားနည်း လာနေတာပါ။ ကမ္ဘာ့ရွာလို့ခေါ်ရမယ့် တိုးတက်ခေတ်မီမှု များနဲ့အညီ တိုင်းတစ်ပါးယဉ်ကျေးမှုတွေ ထိုးဖောက် ဝင်ရောက်လာတာဟာ စိုးရိမ်ရပါတယ်။ ဒါ့အပြင် မိမိတို့နဲ့ သဘောသဘာဝမတူတဲ့ ယဉ်ကျေးမှုတွေကို မြတ်နိုးတွယ်တာ အတုခိုးပြီး ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်တွေကို ပစ်ပယ် လာတာများနေကြပါပြီ။ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံတွေ ကို အလေးမထားဖျောက်ဖျက်ပြီး မိမိတို့စရိုက်နဲ့ မကိုက်ညီ တဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံတွေကို အထင်ကြီးလိုက်ပါ စီးမျောကြရင် မျိုးချစ်စိတ်ဓာတ်ကို ထိခိုက်စေမှာပါ။ ခေတ်မီတာ၊ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းတာကို လက်ခံ ရမှာဖြစ်ပေမယ့် အမျိုးသားရေးစိတ်ဓာတ် လျော့နည်း ထိခိုက်ပြီး တိုင်းတစ်ပါးကို လေးစားအထင်ကြီး အားကိုးချင် လာတဲ့ စိတ်တွေကိုတော့ ရှောင်ရှားကြရမှာပါ။
ကျွန်တော်တို့ရဲ့ စိတ်ဓာတ်တွေဟာ မှန်ကန်ခိုင်မြဲနေ အောင် ကြိုးစားကြရပါမယ်။ အဆိုးဘက်ကို လျှော့ပြီး အကောင်းဘက်ကို အတတ်နိုင်ဆုံး ရောက်အောင်သွားကြ ရမှာပါ။ ကြီးကြီးကျယ်ကျယ်ပြောရရင် နိုင်ငံကြီးသား ပီသကြဖို့ လိုပါတယ်။ လစ်ရင်လစ်သလို၊ အလွယ်တွေ့ရင် တွေ့သလို စည်းကမ်းဥပဒေကို ချိုးဖောက်လိုက်မယ်ဆိုတဲ့ စိတ်မျိုးရှောင်ရှားသင့်ကြပါတယ်၊ စိတ်ဓာတ်ပျက်စီးရင် အရာရာပျက်စီးမှာပါ။
စည်းကမ်းရှိမှ တိုးတက်မယ်ဆိုတဲ့ စကားရှိပါတယ်။ အမှန်ပါပဲ။ အသေးအဖွဲမှအစ ဂရုပြုသင့်ပါတယ်။ ဝေးဝေး မကြည့်ပါနဲ့။ မီးပွိုင့်က လမ်းပေါ်မှာတွေ့ရတဲ့ ကွမ်းတံတွေး များကြောင့် အနီရောင်လမ်းများကအစ၊ ကြုံရင်ကြုံသလို အမှိုက်ပစ်တာကအစ ဆင်ခြင်သင့်ကြပါတယ်။ ဒါဘာ အရေးလဲလို့ ပြောလို့ရပေမယ့် စိတ်ဓာတ်နဲ့ဆိုင်နေပါတယ်။ စိတ်ဓာတ်ကောင်းတဲ့ လူတွေနဲ့ဆိုရင် တိုင်းပြည်တည်ဆောက် ရတာ ပိုထိရောက်ပါတယ်။ စိတ်ဓာတ်မကောင်းကြရင် အနုတ်လက္ခဏာဆောင်ပြီး ဖွံ့ဖြိုးတိုးတက်မှုခက်ခဲ အလှမ်း ဝေးနေမှာပါ။
နောက်တစ်ခုက ဒီမိုကရေစီဆိုတာကို မှန်မှန်ကန်ကန် နားလည်နိုင်ကြဖို့လိုပါတယ်။ ဒီမိုကရေစီမှာ တစ်ဦးချင်း အခွင့်အရေးတွေရှိသလို လိုက်နာစောင့်ထိန်းရမယ့် တာဝန်တွေ၊ စည်းမျဉ်းစည်းကမ်းတွေလည်း ရှိနေတယ်။ ဒီနှစ်ခု မျှတမှ လောကသာယာမှာ၊ တိုင်းပြည်အေးချမ်းမှာ၊ နိုင်ငံတိုးတက်မှာပါ။ အခွင့်အရေးချည်းပဲ ရယူချင်လို့ မဖြစ်ပါဘူး။ အခွင့်အရေးရယူကြရာမှာလည်း တရား ဥပဒေဘောင်အတွင်းကသာ ဖြစ်ရမှာပါ။ အဲဒီလို မဟုတ်ရင် စည်းမဲ့ကမ်းမဲ့လွတ်လပ်မှုမျိုးဟာ နိုင်ငံအတွက် ဆူးငြောင့်ခလုတ်ပါပဲ။
အလားတူပါပဲ။ တစ်ဦးချင်း ကိုယ်ကျင့်တရားကအစ ပြောဆိုပြုမူမှုတွေအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုတွေ ရှိရပါမယ်။ လူဆိုတာ တာဝန်ယူမှု၊ တာဝန်ခံမှုကို နားလည်လက်ခံမှ အလုပ်အကိုင်မှန်မှာပါ။ အဲဒီလို မဟုတ်ရင် အထိန်းအကွပ်မဲ့ကြမ်း ဗရမ်းဗတာဆိုသလိုပဲ ဖြစ်စေမှာပါ။ တစ်ဦးချင်းတာဝန်ယူမှု၊ တာဝန်ခံမှု၊ ပြည့်ဝ တဲ့ ပတ်ဝန်းကျင်ကသာ ကောင်းကျိုးကို ဆောင်နိုင်မှာဖြစ် ပါတယ်။ တစ်ဦးချင်းဟာ မိမိကိုယ်မိမိ ပြုစုပျိုးထောင် ကြရမှာပါ။ ဒါမှလည်း ဖြစ်ပေါ်လာမယ့် ဖြစ်ပေါ်တိုးတက် မှုတွေဟာ တည်တံ့ခိုင်မြဲမှာပါ။ အတွေးအခေါ် အယူ အဆ မှန်မှန်ကန်ကန်နဲ့ ရပ်တည်လျှောက်လှမ်းရင်း နိုင်ငံအတွက် အကျိုးရှိအောင် ကျင့်ကြံကြစေချင်ပါတယ်။
ကျွန်တော်တို့ တစ်မျိုးသားလုံး စည်းစည်းလုံးလုံး ပျော်ရွှင်ချမ်းမြေ့စွာဖြင့် အတူတကွလက်တွဲနေထိုင်နိုင် ကြရေးအတွက် အားလုံးက လုပ်ဆောင်သင့်သည်များကို တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြပြီး ထိန်းသိမ်း ကာကွယ်စောင့်ရှောက်သင့်သည်များကိုလည်း စောင့်ထိန်း နိုင်ကြပါစေ။ တစ်ဦးချင်း တစ်ယောက်ချင်းမှအစ အဖွဲ့ အစည်းအားလုံး၊ ပါဝင်ပတ်သက်သူအားလုံး၊ ငြိမ်းချမ်း ရေးဖြစ်စဉ်ကြီး အောင်မြင်အောင် ကြိုးပမ်းတည်ဆောက် နိုင်ကြပါစေ။ ပြည်သူတစ်ရပ်လုံး နိုင်ငံတော်တည်ဆောက် ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အတွေးအခေါ်၊ ခံယူချက်၊ ယုံကြည်ချက် မြင့်မြတ်မှန်ကန်စွာဖြင့် နိုင်ငံတော်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ကြပါစေ။ နိုင်ငံနှင့်လူမျိုး အကျိုး စိတ်ကောင်းစေတနာများဖြင့် သယ်ပိုးဆောင်ရွက် အကျိုးပြုနိုင်ကြပါစေကြောင်း တိုက်တွန်းနှိုးဆော်ရင်း နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ကာ ပြည်သူလူထု မျှော်မှန်း တဲ့ ဖက်ဒရယ်စနစ်ကို အခြေခံသော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး အမြန်ပေါ်ထွန်းလာနိုင်ပါစေ ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။ ။
Ref; အေးချမ်း(ကြေးမှုံ)
No comments:
Post a Comment