Latest News

Tuesday, December 26, 2017

မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်

မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်


ဒေါ်ခင်ကြည်ကို ဧရာဝတီတိုင်း မြောင်းမြမြို့ ၌ အဖ ဦးဖိုးညှင်း- (ပြည်သူ့လုပ်ငန်းဝန်ထမ်း)၊ အမိ ဒေါ်ဖွားစုတို့မှ ၁၉၁၂ ခုနှစ်၊ ဧပြီလ ၁၆ ရက် အင်္ဂါနေ့တွင် ဖွားမြင်ခဲ့ပါသည်။ မွေးချင်း ၁၀ ဦးအနက် အဋ္ဌမမြောက် ဖြစ်ပါသည်။

ဒေါ်ခင်ကြည်သည် ဇာတိမြောင်းမြမြို့တွင် (၇) တန်း အောင်သည်အထိ ပညာသင်ယူခဲ့ပါသည်။ ထို့နောက် ရန်ကုန်မြို့  ကြည့်မြင်တိုင်မြို့နယ် အေဘီအမ်မိန်းကလေး အထက်တန်းကျောင်းမှ ဆယ်တန်းကို အောင်မြင်ခဲ့သည်။ မော်လမြိုင် အေဘီအမ်ကျောင်း (မော်တင်လိန်း ဆရာဖြစ်သင်ကျောင်း) မှ မူလတန်းပြဆရာဖြစ် လက်မှတ်ရပြီး မြောင်းမြမြို့ အမျိုးသားအထက်တန်းကျောင်း၌ စေတနာ့ဝန်ထမ်း ဆရာမအဖြစ် နှစ်အတန်ကြာ ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် နာမကျန်းဖြစ်သောသူတို့ကို ပြုစုကုသရန် စိတ်စေတနာနဲ့ ဝါသနာအလျောက် သားဖွားနှင့်သူနာပြုသင်တန်းများကို ဒပ်ဖရင်အမျိုးသမီးဆေးရုံနှင့် ရန်ကုန်ဆေးရုံကြီးတို့မှ အောင်မြင်ခဲ့သည်။

စစ်မဖြစ်မီ ရန်ကုန်ဆေးရုံကြီးတွင် သူနာပြု ဆရာမအဖြစ် အမှုထမ်းသည်။ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်တွင် ရန်ကုန်မြို့ အား ဗုံးကြဲခံရ၍ ဒဏ်ရာရသူလူနာများအား ပြုစုကုသရန် ကာလကတ္တားသို့ သူနာပြုဆရာမအဖြစ် စေတနာ့ဝန်ထမ်းအဖြစ် လိုက်ပါစောင့်ရှောက်ပြုစုခဲ့ပြီးနောက် စစ်မီးအရှိန်ကြောင့် အိန္ဒိယမှ မြန်မာနိုင်ငံသို့ နောက်ဆုံးအခေါက် သင်္ဘောဖြင့် ပြန်လာခဲ့သည်။

နာမကျန်းဖြစ်၍ ဆေးရုံတွင် ကုသခံရန် ရောက်ရှိခဲ့သော ဗိုလ်ချူ ပ်အောင်ဆန်းနှင့် တွေ့ဆုံကာ ၁၉၄၂ ခုနှစ် စက်တင်ဘာလ ၆ ရက်တွင် ဗိုလ်ချူ ပ်အောင်ဆန်းနှင့် လက်ထပ်ခဲ့ပါသည်။ သားသမီး လေးဦး မွေးဖွားပြီး နှစ်ဦး ထွန်းကားခဲ့ပါသည်။

၁၉၅၁ ခုနှစ်တွင် မြန်မာနိုင်ငံအစိုးရက ဒေါ်ခင်ကြည်အား" မဟာသီရိသုဓမ္မဘွဲ့" ကို ချီးမြှင့်ခဲ့သည်။ ၁၉၅၅ တွင် `ယူဂိုစလားဗီးယားနိုင်ငံက ယူဂိုဆလပ် ကြယ်တာရာဘွဲ့ (ဒုတိယဆင့်) ၊ ထိုင်းနိုင်ငံက နိုဘယ်အော်ဒါဘွဲ့တံဆိပ်´ များ ချီးမြှင့်ခြင်းခံခဲ့ရသည်။

ဝန်ကြီးချူ ပ် ဦးနုခေါင်းဆောင်သော သန့်ရှင်းဖဆပလ အစိုးရအဖွဲ့သည် ရွေးကောက်ပွဲ အနိုင်ရပြီးနောက် ၁၉၆၀ ခုနှစ်၊ မေလ (၁၉) ရက်နေ့တွင် ဗိုလ်ချူ ပ်ကတော် ဒေါ်ခင်ကြည်အား အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်ခဲ့ပါသည်။ ဇွန်လတွင် နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပူးတွဲတာဝန်ပေးအပ်ခံခဲ့ရပါသည်။ မြန်မာအမျိုးသမီးများထဲတွင် ပထမဆုံးနှင့် ယခုအချိန်ထိ တစ်ဦးတည်းသော မြန်မာအမျိုးသမီး သံအမတ်အဖြစ် မော်ကွန်းတင်ခံခဲ့ရပါသည်။

၁၉၆၇ ခုနှစ် တော်လှန်ရေးအစိုးရလက်ထက်တွင် ဒေါ်ခင်ကြည်သည် သံအမတ်ကြီးရာထူးမှ အငြိမ်းစားယူခဲ့ပါသည်။ အငြိမ်းစားယူပြီးနောက် ၁၉၆၇ ခုနှစ်မှ စ၍ ရန်ကုန်မြို့  တက္ကသိုလ်ရိပ်သာလမ်း အမှတ် (၅၄- ၅၆) နေအိမ်တွင် ရိုးရှင်းစွာဖြင့် နေထိုင်ပြီး ဘဝကို အေးချမ်းစွာဖြင့် ဖြတ်သန်းခဲ့ပါသည်။

ခံစားခွင့်အနေဖြင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ ညွှန်ကြားဝန် လုပ်သက်၊ သံအမတ်ပင်စင်များကို ဘာတစ်မှ မယူခဲ့ပါ။ အာဇာနည်ခေါင်းဆောင်များကို ထောက်ပံ့ပေးအပ်သော ဇနီးထောက်ပံ့ငွေ `တစ်ထောင်ကျပ်´ ကိုသာ ခံစားရယူခဲ့ပါသည်။

မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်သည် အသက် ၇၆ နှစ်၊ ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလ၊ (၂၇) ရက်၊ အင်္ဂါနေ့၊ နံနက် (၇ နာရီ ၁၇ မိနစ်) အချိန်တွင် ရန်ကုန်မြို့  တက္ကသိုလ်ရိပ်သာလမ်း၊ အမှတ် (၅၄ - ၅၆) နေအိမ်တွင် သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ လက်ပေါ်တွင် ကွယ်လွန်အနိစ္စရောက်ခဲ့ပါသည်။

၁၉၈၉ ခုနှစ်၊ ဇန်န၀ါရီလ၊ (၂) ရက်နေ့တွင် မြန်မာ့လွတ်လပ်ရေးဗိသုကာ အာဇာနည် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချူ ပ်အောင်ဆန်း၏ကတော် မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်၏ ဈာပနကို ရွှေတိဂုံဘုရားလမ်းရှိ ငြိမ်းချမ်းရေးဖခင်ကြီး ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ဂူဗိမာန်နှင့် သီပေါမင်း၏ မိဘုရားခေါင်ကြီး စုဘုရားလတ်၏ ဂူဗိမာန်အကြားရှိ မြေကွက်လပ်တွင် ဂူဗိမာန်သစ်တည်ဆောက်ကာ သင်္ဂြိုလ်ခဲ့ပါသည်။

လေးစားစွာဖြင့်
AKM (26.12.2017)

ကိုးကား - ဒေါက်တာအောင်ခင်ဆင့် ရေး ဗိုလ်ချူ ပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည် အမှတ်တရများ၊
ဇေယျဇော် ရေး စေတနာမိခင် မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်၊

Credit : Aung Kyaw Moe

No comments:

Post a Comment