Latest News

Thursday, December 14, 2017

နိုင်ငံတော် သမ္မတဦးထင်ကျော်နှင့် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်တို့ တွေ့ဆုံ ဆွေးနွေး

နိုင်ငံတော် သမ္မတဦးထင်ကျော်နှင့် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်တို့ တွေ့ဆုံ ဆွေးနွေ


တိုကျို  ဒီဇင်ဘာ  ၁၄

နိုင်ငံတော်သမ္မတ ဦးထင်ကျော်အား ယနေ့ညနေပိုင်းတွင် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်က အခမ်းအနားဖြင့် ဂုဏ်ပြုကြိုဆိုသည်။ နိုင်ငံတော်သမ္မတသည် ဒေသစံတော်ချိန် ည  ၆  နာရီတွင် တိုကျိုမြို့ရှိ ဝန်ကြီးချုပ်ရုံးသို့ ရောက်ရှိရာ ဂျပန်နိုင်ငံဝန်ကြီးချုပ် မစ္စတာရှင်ဇိုအာဘေးက  ခင်မင်ရင်းနှီးစွာ  ကြိုဆိုနှုတ်ဆက်သည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဂျပန်နိုင်ငံဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေး တို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူ၍ ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးကြပြီး အခမ်း အနားသို့ တက်ရောက်လာသည့် ကိုယ်စားလှယ် အဖွဲ့ဝင်များနှင့် အပြန်အလှန် မိတ်ဆက်ပေးကြသည်။ ထို့နောက်   နိုင်ငံတော်သမ္မတနှင့်  ဂျပန်နိုင်ငံ ဝန်ကြီးချုပ်တို့သည် အဆိုပါရုံး၌ ကျင်းပသည့် ဂျပန်-မြန်မာ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဂျပန်ဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေးက မြန်မာနိုင်ငံ၏ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေး လုပ်ငန်းအတွက် ဂျပန်နိုင်ငံ အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်း၍  ကူညီပံ့ပိုးရေး၊  မြန်မာနိုင်ငံ၏ Universal Health Coverage ရည်မှန်းချက်ပန်းတိုင် အကောင်အထည်ဖော်ရေး အတွက် ဂျပန်နိုင်ငံမှ ကူညီသွားရေး၊ မြန်မာနိုင်ငံ   စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေးနှင့် သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်ဓာတ်အားစသည့်  ကဏ္ဍများတွင် အလေးပေး ပူးပေါင်းဆောင်ရွက်ရေး၊   ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် ရန်ကုန်မြို့တွင် ဂျပန်ယဉ်ကျေးမှု စင်တာ တည်ထောင်ရေး၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးနှင့် စာသင်ကျောင်းများ တည်ဆောက်ရေးအတွက် အကူအညီပေးရေး၊ လွတ်လပ်၍ ပွင့်လင်းသော အိန္ဒိယ-ပစိဖိတ် မဟာဗျူဟာ အစီအစဉ် အောက်မှ ဒေသတွင်း ချိတ်ဆက်မှုများ မြှင့်တင်၍ မြန်မာနိုင်ငံနှင့် ဒေသတစ်ခုလုံး၏ တည်ငြိမ်အေးချမ်း ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို  ကူညီပံ့ပိုးသွားရေး တို့ကို ဆွေးနွေးပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်က နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရန်အတွက် ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလာရောက်ရေး၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ရန်ကုန်မြို့ပြ ဖွံ့ဖြိုးတိုးတက် ရေး၊ လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်ဓာတ်အား ကဏ္ဍတို့တွင်  အကူအညီများအတွက် ကျေးဇူးတင်ရှိကြောင်း၊ ဆက်လက်၍ ကူညီပံ့ပိုးပေးရေး၊ ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံအပေါ် နားလည်မှုနှင့် ကူညီပံ့ပိုးမှုများအတွက်  ကျေးဇူးတင်ရှိကြောင်းနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားလိုကြောင်း တို့ကို ဆွေးနွေးပြောကြားခဲ့သည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်တို့သည်   ဝန်ကြီးချုပ်ရုံး၌ ဆက်လက်ကျင်းပသည့် နှစ်နိုင်ငံ ပူးတွဲသတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်ကြသည်။

ပူးတွဲသတင်းစာ ရှင်းလင်းပွဲတွင် နိုင်ငံတော် သမ္မတနှင့် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်တို့က ဂျပန်-မြန်မာ ထိပ်သီးအစည်းအဝေးတွင် ဆွေးနွေးခဲ့မှုများနှင့် ဆွေးနွေးပွဲ ရလဒ်များကို ရှင်းလင်း ပြောကြားကြသည်။ ပူးတွဲသတင်းစာ ရှင်းလင်းပွဲတွင် နိုင်ငံတော် သမ္မတက ''အရည်အသွေးပြည့်မီတဲ့ အခြေခံကျန်းမာရေး ဝန်ဆောင်မှုပေးနိုင်ဖို့ဟာ သက်ဆိုင်ရာ အစိုးရများအတွက် အလွန်အရေးပါတဲ့  တာဝန်တစ်ရပ်ဖြစ်ပါတယ်။ ဒီလိုဝန်ဆောင်မှုတွေကို ဖြည့်ဆည်းပေးနိုင်ဖို့ဟာ မြန်မာအစိုးရ အပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် စိန်ခေါ်မှု တစ်ရပ်ဖြစ်ပါတယ်။ ဒီစိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့ဟာ အစိုးရနဲ့အတူ ပြည်သူတစ်ရပ်လုံးက  စုပေါင်းပါဝင် ဆောင်ရွက်ကြရမှာ  ဖြစ်ပါတယ်။

Universal Health Coverage Forum သို့ တက်ရောက်အပြီး ယနေ့မွန်းလွဲပိုင်းမှ စတင်ကာ မိမိရဲ့တရားဝင် ခရီးစဉ် စတင်ခဲ့ပါတယ်။  ဝန်ကြီးချုပ် မစ္စတာအာဘေးနဲ့ ကျင်းပခဲ့တဲ့ နှစ်နိုင်ငံထိပ်သီး အစည်းအဝေးမှာ မိမိတို့နှစ်နိုင်ငံ အကြား ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနဲ့ ဒေသတွင်းဆိုင်ရာ ကိစ္စရပ်များ အပေါ်  ဆွေးနွေးအမြင်ချင်း ဖလှယ်ခဲ့ကြပါတယ်။ ဦးစွာ မိမိအနေနဲ့ ဂျပန်နိုင်ငံမှာ အောက်တိုဘာ ၂၂ ရက်က ကျင်းပခဲ့တဲ့ အောက်လွှတ်တော် ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် မစ္စတာအာဘေး ဦးဆောင်တဲ့ LDP ပါတီ အနိုင်ရရှိခဲ့ခြင်းနဲ့ မစ္စတာအာဘေး အနေဖြင့် ဝန်ကြီးချုပ်အဖြစ် ပြန်လည်ရွေးကောက် တင်မြှောက်ခြင်းခံရတဲ့ အတွက် ဝမ်းမြောက်ကြောင်း ဂုဏ်ပြုစကား ပြောကြားခဲ့ပါတယ်။

မိမိတို့ဆွေးနွေးမှုများမှာ နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေး မြှင့်တင်ရန်၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများမှာ ဂျပန်နိုင်ငံမှ အကူအညီ ပေးအပ်လျက်ရှိတဲ့ ကိစ္စရပ်များနဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ  ဂျပန်နိုင်ငံအနေနဲ့  ဆက်လက် အကူအညီပေးရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။

ထို့ပြင် ဂျပန်နိုင်ငံ အစိုးရ အနေနဲ့ နယ်ပယ်အသီးသီးမှာ ပညာသင်များ ပေးအပ်လျက် ရှိတာကို ကျေးဇူးတင်ရှိကြောင်းနဲ့ ဆက်လက်ပြီးတော့လည်း တိုးမြှင့် ပေးအပ်သွားမယ်လို့လည်း ယုံကြည်ပါကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ဂျပန်အစိုးရနဲ့   ပြည်သူများဟာ  မြန်မာနိုင်ငံနဲ့  ပြည်သူများအပေါ်  စိတ်စေတနာကောင်းများ ထားရှိပြီး မြန်မာနိုင်ငံရဲ့ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက်  ကဏ္ဍပေါင်းစုံမှာ အကူအညီများ ပေးအပ်လျက်ရှိရုံမျှမက မြန်မာနိုင်ငံရဲ့ဒီမိုကရေစီကြိုးပမ်းမှု သမိုင်းနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကဏ္ဍမှာ အရေးပါတဲ့ နိုင်ငံ တစ်နိုင်ငံဖြစ်ပါတယ်။ ဒါ့ကြောင့်  မြန်မာနိုင်ငံအစိုးရနဲ့  ပြည်သူများကိုယ်စား ဂျပန်နိုင်ငံအစိုးရနဲ့ ပြည်သူများကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။ ဂျပန်ဝန်ကြီးချုပ်က   မြန်မာနိုင်ငံရဲ့  ဒီမိုကရေစီရေး၊ ပြုပြင်ပြောင်းလဲရေး၊ စီးပွားရေး တိုးတက်အောင်မြင်စေရန်နှင့်  ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ  အောင်မြင်စေရန်အတွက် ဆက်လက်ပူးပေါင်း ကူညီဆောင်ရွက်သွားမှာ ဖြစ်ကြောင်း  ဂျပန်နိုင်ငံရဲ့ရပ်တည်ချက်ကို ထပ်လောင်းအတည်ပြု ပြောကြားခဲ့ပါတယ်။

ဒ့ါပြင်  ဂျပန်နိုင်ငံမှအကူအညီပေးမယ့် ဂျပန်ယန်းငွေ ၈ဝဝ ဘီလီယံဖြင့် ရန်ကုန်မြို့ပြဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း၊ အခြေခံအဆောက်အဦနှင့် ပို့ဆောင်ရေးနှင့် လျှပ်စစ်ဓာတ်အားကဏ္ဍ တို့မှာ  အဓိကထား ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျန်းမာရေးကဏ္ဍ၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးစသည့် ကဏ္ဍများအတွက်လည်း ပူးပေါင်းကူညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့တဲ့အပြင် ရခိုင်ပြည်နယ် မောင်တောဒေသ အရေးကိစ္စနှင့် ပတ်သက်၍ မြန်မာအစိုးရရဲ့ ကြိုးပမ်းဆောင်ရွက်နေမှုများကို ဂျပန်နိုင်ငံက ထောက်ခံအသိအမှတ်ပြုပြီး အကူအညီ ပေးအပ်သွားမှာဖြစ်ကြောင်း၊  အထူးသဖြင့်  ရခိုင်ပြည်နယ်အတွင်း လမ်းတံတားများ ဆောက်လုပ်ရေး၊  လျှပ်စစ်ဓာတ်အား ရရှိရေး၊ စာသင်ကျောင်းများ ဆောက်လုပ်ရေးတို့ကို    အကူအညီပေးသွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဂျပန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အားပေးကူညီလျက်ရှိ တာကြောင့် ဂျပန်နိုင်ငံအစိုးရ အနေနဲ့ မြန်မာနိုင်ငံမှာ ဂျပန်နိုင်ငံမှ လုပ်ငန်းရှင်များ ပိုမိုလာရောက် လုပ်ကိုင်ဖို့ တိုက်တွန်းပေးပါရန် ဝန်ကြီးချုပ်ကို မိမိကမေတ္တာရပ်ခံခဲ့ပါတယ်။ ဂျပန်နိုင်ငံမှ  ရင်းနှီးမြှုပ်နှံမှုများနဲ့အတူ အလုပ်အကိုင် အခွင့်အလမ်းများနဲ့ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်မယ့်  အခွင့်အလမ်းများ  တစ်ပါတည်း ပါလာမှာဖြစ်တဲ့ အတွက် ပြည်သူများရဲ့လူမှုဘဝ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက်အကူ ပြုစေမှာဖြစ်ပါတယ်။

မိမိအနေနဲ့ ဝန်ကြီးချုပ် မစ္စတာအာဘေးကိုလည်း မြန်မာနိုင်ငံကို နှစ်ဖက်အဆင်ပြေတဲ့ အချိန်မှာ လာရောက်ဖို့ ဖိတ်ကြားခဲ့ပါတယ်။ ဝန်ကြီးချုပ်ကလည်း ဖိတ်ကြားချက်အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဂျပန်နိုင်ငံနဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက် ကျယ်ပြန့်စေရေး ကြိုးပမ်းဆောင်ရွက်ကာ နှစ်ဖက်ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်သွားမှာဖြစ်ပါတယ်''  ဟု   ပြောကြားသည်။

ညပိုင်းတွင်  နိုင်ငံတော်သမ္မတနှင့်ဇနီးတို့ ဦးဆောင်သည့်   ကိုယ်စားလှယ်အဖွဲ့သည် အိမ်တော်၌ ဂျပန်နိုင်ငံဝန်ကြီးချုပ်က တည်ခင်း ဧည့်ခံသည့်ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက် ကြသည်။ ညစာစားပွဲတွင်  ဂျပန်နိုင်ငံဝန်ကြီးချုပ်နှင့် နိုင်ငံတော်သမ္မတတို့သည်  နှုတ်ခွန်းဆက် စကားပြောကြားကြပြီး ကိုယ်စားလှယ်အဖွဲ့ဝင် များနှင့်အတူ ညစာကို အတူတကွ သုံးဆောင်ကြသည်။

No comments:

Post a Comment