Latest News

Thursday, December 14, 2017

ရန်ကုန်မြို့ ယာဉ်ကြောထိန်းချုပ်ရေးစင်တာ စီမံကိန်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ

ရန်ကုန်မြို့ ယာဉ်ကြောထိန်းချုပ်ရေးစင်တာ စီမံကိန်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ

ရန်ကုန်   ဒီဇင်ဘာ   ၁၄

ရန်ကုန်မြို့ အချက်ပြမီးပွိုင့်များနှင့် ယာဉ်သွားလာမှုဆိုင်ရာများကို ထိန်းချုပ်ကြပ်မတ်ဆောင်ရွက်မည့် ယာဉ်ကြောထိန်းချုပ်ရေးစင်တာTraffic Control Center  ၏ စီမံကိန်းလုပ်ငန်းများကို အဆိုပါ လုပ်ငန်း ဆောင်ရွက်နေသော ကုမ္ပဏီက ဆက်လက်ဆောင်ရွက်လျက်ရှိပြီး နည်းပညာ ပိုင်းဆိုင်ရာ အားနည်းချက်အနည်းငယ် ရှိနေသေး၍ ယင်းတို့ကို ပြန်လည် ပြင်ဆင်နေခြင်းကြောင့် ကြန့်ကြာနေခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူ များက ဒီဇင်ဘာ ၁၄ ရက်က ပြောကြားသည်။

ရန်ကုန်မြို့ရှိ အချက်ပြမီးပွိုင့် ၁၅၄ ခုကို ခေတ်မီ မီးပွိုင့်စနစ်နှင့် ကင်မရာများပါဝင်ပြီး ပြည်သူ့ဥယျာဉ်အတွင်းရှိ ထိန်းချုပ်ရေးစင်တာမှ ထိန်းချုပ်ဆောင်ရွက်မည့် ယာဉ်ကြောထိန်းချုပ်ရေးစင်တာ စီမံကိန်းသည် ယခင်အစိုးရလက်ထက်ကပင် ဆောင်ရွက်ခဲ့သော စီမံကိန်းဖြစ်ပြီး လက်ရှိ တွင် စီမံကိန်းစတင်ဆောင်ရွက်နိုင်ခြင်း မရှိသေးမှုအပေါ် လုပ်ငန်းလုပ်ကိုင် ခွင့်ရ စာချုပ်ချုပ်ဆိုထားသည့် ကုမ္ပဏီပင်မရှိတော့ဟူသော သတင်းများ ထွက်ပေါ်နေသည့်အတွက် ယင်းမှာ မဟုတ်မှန်ကြောင်းနှင့် လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သယ်ယူပို့ဆောင်ရေး   ကြီးကြပ် ကွပ်ကဲမှု  အာဏာပိုင်အဖွဲ့ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြား ခဲ့ခြင်း ဖြစ်သည်။                    

''လုပ်ငန်းလုပ်ကိုင်ခွင့်ရ   ကုမ္ပဏီမရှိတော့ဘူးဆိုတာ   မဟုတ်ပါဘူး၊ လက်ရှိအခြေအနေမှာ စီမံကိန်းက ပြီးတာကတော့ ပြီးနေပါပြီ၊ လုပ်ငန်းမှာError လေးတွေ ရှိနေတော့ အဲဒီError လေးတွေကို ဖြေရှင်းနေတာ၊ ပြန်ပြင်ခိုင်းနေတာတွေပါ၊  ကင်မရာနဲ့ချိတ်ဆက်တာ၊ ဖိုက်ဘာနဲ့ ပြန်ပြင်တာတွေ ရှိနေလို့ပါ၊  လိုချင်တဲ့ မျှော်မှန်းထားတဲ့အတိုင်း မဖြစ်ဘဲနဲ့ နည်းနည်းညံ့နေတာ လေးတွေကို ပြန်ပြင်ခိုင်းနေတာပါ၊  သတ်မှတ်ထားတဲ့ ရက်ကျော်တာရှိပေမယ့် လုပ်ငန်းက ဆက်လုပ်နေပါတယ်'' ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ်အတွင်းရှိTraffic Control Center  မှ မီးပွိုင့်စနစ်များအားလုံးကို လွှမ်းခြုံကြည့်ရှုနိုင်မည်ဖြစ်ပြီး ယာဉ်ကြောကျပ်တည်း နေမှုများကို ထိန်းချုပ်ဆောင်ရွက်နိုင်မည်ဟု သိရသည်။  ရန်ကုန်မြို့ရှိ အချက်ပြမီးပွိုင့် ၁၅၄ ခုတွင် စီစီတီဗွီ ကင်မရာများ  တပ်ဆင်ထားကာ Automatic System သုံး အချက်ပြထိန်းချုပ်စနစ်ဖြင့် ယာဉ်ကြောထိန်းသိမ်းရေး အပြင် လုံခြုံရေးကိုလည်း ဆောင်ရွက်နိုင်မည်ဟု သိရသည်။

ယင်းစနစ်ကို အကောင်အထည်ဖော်နိုင်ရန် ၂ဝ၁၅ ခုနှစ်အတွင်း ပုဂ္ဂလိက ကုမ္ပဏီများကို တင်ဒါခေါ်ယူခဲ့သည်။ ယင်းတင်ဒါကို တရုတ်ကုမ္ပဏီတစ်ခုနှင့် ပြည်တွင်း ကုမ္ပဏီတစ်ခုတို့ ပူးပေါင်းလုပ်ကိုင်ခွင့်ရခဲ့ပြီး ၂ဝ၁၆ ခုနှစ် သြဂုတ်လ တွင် ပြီးစီးရန်သတ်မှတ်ထားခဲ့သော်လည်း သတ်မှတ်ချိန်အတွင်း မပြီးစီးခဲ့သည့် အတွက် တစ်ရက်လျှင် ဒဏ်ကြေးကျပ်တစ်သိန်းနှုန်းဖြင့် အဆိုပါ ကုမ္ပဏီအား ပေးဆောင်စေလျက်ရှိကြောင်း သိရသည်။

ယင်းစီမံကိန်းကို  ပြီးခဲ့သည့်  အစိုးရလက်ထက်တွင်   နိုင်ငံတော်၏ အထူးရန်ပုံငွေ ကျပ်ဘီလီယံ ၂ဝ ဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဆုနှင်းလဲ့(ကြေးမှုံ)

No comments:

Post a Comment