Latest News

Thursday, December 28, 2017

နွေစပါးနှင့် ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်း ၃၀၀၀၀ ကျော် သထုံခရိုင်အတွင်း ထုတ်ချေးပေး

နွေစပါးနှင့် ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်း ၃၀၀၀၀ ကျော် သထုံခရိုင်အတွင်း ထုတ်ချေးပေး

 မွန်ပြည်နယ်၊ သထုံခရိုင်တွင်းရှိ တောင်သူများ နွေစပါးနှင့် ဆောင်းသီနှံ စိုက်ပျိုးရေး လုပ်ငန်းများတွင် လိုအပ်သော အရင်းအနှီး အထောက်အပံ့များ ဖြစ်စေနိုင်ရန် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် စိုက်ပျိုးစရိတ် ချေးငွေ ကျပ်သိန်းပေါင်း ၃၀၀၀၀ ကျော်ကို ထုတ်ချေး ပေးလျက်ရှိကြောင်း သိရသည်။
ဆောင်းသီးနှံ တစ်ဧကလျှင် ကျပ်ငါးသောင်းနှုန်းနှင့် နွေစပါး တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲ နှုန်းတို့ဖြင့် ကျေးရွာ အလိုက်ဖွဲ့စည်းပေးထားသည့် ချေးငွေကော်မတီအဖွဲ့၏ ထောက်ခံချက်၊ အိမ်ထောင်စု စာရင်း၊ မှတ်ပုံတင်၊ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ ၇ မူရင်း တင်ပြနိုင်သည့် တောင်သူများအား သုံးဦးလျင် တစ်စုနှုန်း စုပေါင်းအာမခံချက်ဖြင့် ထုတ်ချေး ပေးခြင်းဖြစ်ကြောင်း သထုံမြို့နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မန်နေဂျာ ဒေါ်အေးအေးသိန်းက ပြောသည်။

“ဒီနှစ်မှာ ဆောင်းသီးနှံချေးငွေကို သုံးသောင်းတိုးပြီး ထုတ်ချေးပေးတယ်။ ဗဟိုစာရင်းအင်း ဌာနကလည်း မြေပြင်မှာ တောင်သူတွေစိုက်ပျိုးလုပ်ကိုင် နေရတဲ့ အခက်ခဲတွေသိအောင် ကွင်းဆင်း စစ်ဆေးပြီး စိုက်ပျိုးကုန်ကျ စရိတ်တွေကို လေ့လာတွေ့ရှိချက်တွေအရ ချေးငွေတိုးထုတ်ပေးတာပါ။ ဒီတော့ တောင်သူတွေလဲ အဆင်ပြေသွားတာပေါ့” ဟု ၎င်းက ဆက်ပြောသည်။

ယခင်နှစ်အထိ ဆောင်းသီးနှံချေးငွေ တစ်ဧကလျင် ကျပ် ၂၀၀၀၀ နှုန်းဖြင့်သာ ထုတ်ချေး ခဲ့ရာမှ ယခုနှစ်တွင် ပိုမိုရရှိလာသဖြင့် ဆောင်းသီးနှံအား ပိုမိုစိုက်ပျိုး လုပ်ကိုင်သွားမည် ဖြစ်ကြောင်း သထုံမြို့နယ်၊ ဆိပ်ကျွန်းကျေးရွာမှ ပဲစိုက်တောင်သူတစ်ဦးက ပြောသည်။

တောင်သူများအနေဖြင့် ချေးယူထားသည့် ငွေများအား လယ်ယာလုပ်ငန်းခွင်အတွက်သာ အသုံးပြုကြရန်လိုအပ်ပြီး စိုက်ပျိုးစရိတ်ချေးငွေ ပြန်ဆပ်ချိန်တွင် အကြေမဆပ်နိုင်ပါက မြေခွန် ဥပဒေနှင့် တည်ဆဲဥပဒေများတို့ဖြင့် အရေးယူမည်ဖြစ်ကြောင်း သိရသည်။

သထုံခရိုင်အတွင်း ဆောင်းသီးနှံအဖြစ် မြေပဲ၊ ပဲလွန်း၊ ဘိုကိတ်ပဲ၊ ပဲတီစိမ်း၊ မတ်ပဲမျိုးများ စိုက်ပျိုးလုပ်ကိုင်ကြပြီး၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင်  ဆောင်းသီးနှံ စိုက်ဧက ၂၈၃၇၇ ဧကအတွက် တစ်ဧကလျင်ငွေကျပ် ငါးသောင်းနှုန်းဖြင့် ၁၄၁၈၈၅၀၀၀၀ ကျပ် နွေစပါးစိုက်ဧက ၁၁၉၀၅ ဧက အတွက် တစ်ဧကလျင်ငွေကျပ် တစ်သိန်းခွဲနှုန်းဖြင့် ၁၇၈၅၇၅၀၀၀၀ ကျပ်၊ စုစုပေါင်း ငွေကျပ် ၃၂၀၄၆၀၀၀၀၀ ကို သထုံ၊ ကျိုက်ထို၊ ဘီးလင်း၊ ပေါင်မြို့နယ်တို့ရှိ ကျေးရွာပေါင်း ၆၁ ရွာမှ တောင်သူများအား ထုတ်ချေးပေးထားကြောင်း သထုံမြို့နယ် လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။သက်ဦး(သထုံ)

No comments:

Post a Comment